(မောင်ကျော်စွာ)
(၂၀၁၇ ခုနှစ်၊ မေလ ၁ဝ ရက်)
မြန်မာနိုင်ငံမှာ ကျွတ်ကျွတ်အိတ်၊ အရက်၊ ကွမ်းတံတွေး၊ မူးယစ်ဆေးဝါးတို့လို ဘယ်နေရာမှာမဆို မြင်တွေ့ကြားကြုံနေ ရပြီး ဘယ်လိုမှ မရှောင်လွှဲနိုင်တဲ့ နောက်ထပ် အကြောင်းအရာတစ်ခုကတော့ “အဂတိလိုက်စားမှု”ပဲ ဖြစ်ပါလိမ့်မယ်။
“အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု” စသဖြင့် နာမည်တွေ ဘယ်လိုပဲခေါ်နေကြပါစေ အရင်းခံအချက်ကတော့ “အာဏာနဲ့လုပ်ပိုင်ခွင့်”ကို အသုံးချပြီး ငွေကြေး အပါအဝင် အခြားသော ရုပ်ဝတ္ထု တံစိုးလက်ဆောင် များကို ပုံစံအမျိုးမျိုးနဲ့ ခံစားခြင်း၊ လက်ခံခြင်း၊ ရယူခြင်းသာ ဖြစ်ပါတယ်။ ကျားကြီးခြေရာကြီး ဆိုသလို အာဏာနဲ့လုပ်ပိုင်ခွင့် ပို ကြီးမားသူ၊ ပိုမြင့်မားသူ၊ ပိုရှိများသူက ပိုပြီးစားတာပေါ့။ အကောင်ကြီးတွေ စားနည်းကတော့ အတိုင်းအတာပမာဏ များပြားတဲ့ အလျောက် ယူပုံယူနည်း၊ ပေးပုံပေးနည်းတွေကလည်း ပိုပြီးသိမ်မွေ့တယ်၊ ပိုပြီးရှုပ်ထွေးတယ်၊ အလွယ်တကူ မမြင်သာဘူး။ များ မြောင်ရှုပ်ထွေးလှတယ်။
စစ်ဗိုလ်အရာရှိကြီးရဲ့သား၊သမီးမဂင်္လာဆောင်မှာ အလွန်များပြားလှတဲ့ ရတနာ၊ ရွှေ၊ ငွေ၊ တိုက်ခန်း၊ ကား စသဖြင့် လက်ဖွဲ့လိုက်တာ၊ အရာရှိကြီးရဲ့မွေးနေ့၊ ဇနီး၊ သားသမီး၊ ချွေးမ၊ သားမက်၊ မြေး စသဖြင့် သက်ဆိုင်ရာမွေးနေ့ပွဲတွေမှာ မွေးနေ့ လက်ဆောင် အမြောက်အများ ပေးလိုက်တာကနေစပြီး အခါကြီးရက်ကြီးမှာ ကန်တော့တာအထိ နည်းလမ်းစုံလှတယ်။
“ဂါရဝပြုတယ်” ဆိုတဲ့စကားလုံးတောင် မူလအနက်ပျက်ပြီး “အဘကို ဂါတယ်” ဆိုတာ လာဘ်ပေးတာဖြစ်တယ်ဆိုတဲ့ အနက် ပွားထွက်လာတဲ့အထိပါပဲ။
ယာဉ်စက်မှန်သမျှဟာ ရေနံကို အခြေပြုပြီး ချက်လုပ်ထားတဲ့ လောင်စာဆီတမျိုးမျိုးနဲ့ လည်ပတ်ခုတ်မောင်းရသလို ပါပဲ။ ဒီကနေ့ မြန်မာပြည်မှာ စစ်အုပ်စုက ချုပ်ကိုင်ထားတဲ့ အဆင့်ဆင့်သော စစ်ဗျူရိုကရေစီယန္တရားကြီး ခုတ်မောင်းလည်ပတ် နေတာကလည်း “လာဘ်ပေးလာဘ်ယူမှု” ဆိုတဲ့ လောင်စာဆီနဲ့ ခုတ်မောင်းနေတာ၊ လည်ပတ်နေတာဖြစ်ပါတယ်။
ရေနံ၊ ဓာတ်ဆီ၊ ကျောက်မီးသွေး စတဲ့ ရုပ်ကြွင်းလောင်စာတစ်ခုခုကို သုံးစွဲမှုကြောင့် ထွက်ပေါ်လာတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်ဟာ လူနဲ့ သဘာဝပတ်ဝန်းကျင်ကို ပြင်းထန်ဆိုးဝါးတဲ့ ဘေးဥပါဒ်တွေ ကျရောက်ဖြစ်ပွားစေသလိုပါပဲ။ လာဘ်ပေး လာဘ်ယူမှုကလည်း မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့ စာရိတ္တဗေဒကိုပါ အင်မတန် ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။
အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု ဆိုတာကို နိုင်ငံရေးရှုဒေါင့်ကနေကြည့်ရင် ဖိနှိပ် အနိုင် ကျင့်မှုဖြစ်ပြီး စီးပွားရေးရှုဒေါင့်ကနေကြည့်ရင် သွေးစုပ်လုယက်မှု ပုံစံတစ်ခုဖြစ်ပါတယ်။ ဥပဒေရှုဒေါင့်ကနေကြည့်ပြန်ရင် မတရားမှု၊ ဥပဒေကို လက်တစ်လုံးခြား အလွဲသုံးစားလုပ်မှုဖြစ်ပြီး စာရိတ္တဗေဒရှုဒေါင့်ကနေကြည့်ရင် ကိုယ်ကျင့်တရားပျက်ပြားမှု၊ ကျဉ်းမြောင်းသေးသိမ်တဲ့ ကိုယ်ကျိုးရှာမှုပဲ ဖြစ်ပါတယ်။
အခုတော့ ဒီလို ဆိုးသွမ်းလှတဲ့ အလေ့အထတွေဟာ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပါပြီ။ ဒီလိုဖြစ်သွားစေတာဟာ တိုင်းပြည် ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဟာ လူတစ်စုရဲ့လက်ထဲကို လုံးလုံးလျားလျား ကျရောက်သွားတာကနေ အစပြုတာပါ။ ၁၉၆၂ခုနှစ်မှာ တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဟာ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့လက်ထဲကို လုံးလုံးလျားလျား စတင်ကျရောက်သွားခဲ့ပြီး ဒီကနေ့ အထိလည်း စစ်အုပ်စုရဲ့ လက်ထဲမှာပဲ အများစု ဖြစ်နေပါတယ်။
ဒါကြောင့် ဒီလိုကျရောက်သွားမှု ကာလရှည်ကြာတာနဲ့အမျှ ဒီလို အလေ့အထဆိုးတွေဟာ သဘာဝကျစွာပဲ အစွယ် ထွက် အမြှီးရှည်ပြီး အမြစ်တွယ် ခိုင်ခံ့နေတော့တာပါပဲ။ ဒီလို အကျင့်ဆိုး အလေ့အထဆိုးတွေကို သန့်ရှင်းစင်ကြယ်ဖို့၊ တိုက် ဖျက်ဖို့ဆိုတာ လမ်းပေါ်က အမှိုက်ကောက်သလို၊ ကွမ်းတံတွေးထွေးတာကို ကန့်သတ်တားမြစ်သလို နောက်ဖေးလမ်းကြားထဲ က အမှိုက်တွေကို ရှင်းလင်း၊ လှဲကျင်းပစ်သလို မလွယ်ကူနိုင်ဘူးဆိုတာ လူတိုင်းသိပါတယ်။
“အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ”ကို (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့ပါတီအစိုးရလက်ထက် ၂၀၁၃ခုနှစ်၊ ဩဂုတ်လ ၇ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အခန်း (၁၁)ခန်းနဲ့ ပုဒ်မပေါင်း ၇၃ခု ပါရှိပါတယ်။ ထိုဥပဒေကို ၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့စွဲနဲ့ ပြင်ဆင်ခဲ့ပြန်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာ ပါရှိတဲ့ “လာဘ်ပေးလာဘ်ယူမှု” ဆိုတဲ့ စကားရပ် ကို “အဂတိ လိုက်စားမှု”ဆိုတဲ့ စကားရပ်နဲ့ အစားထိုးပြင်ဆင်တာနဲ့ ပုဒ်မ ၁၄၊ ပုဒ်မ ၇ဝတို့မှာ ပြင်ဆင်အစားထိုးတာသာ ဖြစ်ပါ တယ်။
ဒီဥပဒေအတည်ဖြစ်လာခဲ့သော်လည်း အကောင်ကြီးကြီး၊ ပမာဏကြီးကြီးကို “ကိုင်”ပြလိုက်တာမျိုး တခါမှ မကြားဖူးခဲ့ ပါဘူး။ အခုတော့ စပြီးကြားသိလာရပါပြီ။ ထိထိရောက်ရောက် စတင်ကိုင်တွယ်နေပြီလို့တော့ တပ်အပ်သေချာ မပြောတတ် သေးပါဘူး။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်(ဟောင်း) ဦးဘုန်းမော်ရွှေတို့ကိစ္စတော့ ပေါ်လာပါပြီ။ ငွေကြေး ပမာဏက ၇ ဒသမ ၄၅၉ ဘီလီယံ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ပြဿနာဆိုတော့ “ဝန်ကြီးချုပ်အဆင့်”ဆိုတာကို နိုင်ငံတော်ပြန်တမ်းက ဖော်ပြတဲ့ “ပြည်ထောင်စု အဂင်္ါစဉ်”အရဆိုရင် “အဆင့် ၁၉” ဖြစ်ပါတယ်။
“ပြည်ထောင်စုအဆင့်” ဆိုတော့ အကောင်ကြီးလို့ ပြောရမှာပါ။ ဒါပေမယ့် ဘယ်လို ကိုင်တွယ်မလဲဆိုတာတော့ စောင့် ကြည့်ရအုံးမှာပါ။ ဧရာဝတီတိုင်းဒေသကြီးမှာလည်း အလားတူ အပုပ်ဟောင်းထုတ်တွေ ပေါ်လာနေတယ် ဆိုတဲ့သတင်းတွေ လည်း ဆက်လက် ထွက်ပေါ်နေပါတယ်။
“ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်တယ်” ဆိုတဲ့စကားလိုပေါ့။
ဒီလို အပုပ်ထုတ်တွေဟာ ကြံ့ဖွံ့ပါတီရဲ့ မူပိုင်အပုပ်ထုတ်တွေပဲ ဖြစ်ပါတယ်။ ဒါဟာ တိုင်းဒေသကြီးဝန်ကြီးချုုပ် အဆင့်ပဲ ဖြစ်ပါသေးတယ်။ ဒီထက် ပိုမြင့်ပြီး၊ ဒီထက်ပိုပြီး လုပ်ပိုင်ခွင့်ရှိတဲ့ ထိပ်သီးအကောင်ကြီးတွေ၊ ဌာနကြီးတွေမှာဆိုရင် ပမာဏတွေ ဘယ်လောက် များပြားနေမလဲ။
ဒါဟာ ၂၀၀၈ အခြေခံဥပဒေ အတည်ပြုပြီးနောက်ပိုင်း၊ သမ္မတ(ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့ပါတီအစိုးရ ၅နှစ် သက်တမ်း ကာလ အတွင်းမှာဖြစ်ပွားခဲ့တာပါ။ ၁၉၈၈ ကနေ ၂၀၁၁ အတွင်း (နဝတ- နအဖ) စစ်အစိုးရလက်ထက်မှာ ဘယ်လောက်ရှိမလဲ။ ၁၉၆၂ ကနေ ၁၉၈၈ အထိ (မဆလ) ဗိုလ်နေဝင်းစစ်အုပ်စုလက်ထက်မှာ ဘယ်လောက်ရှိမလဲ။
သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့ပါတီအစိုးရ ၅နှစ်တာ ကာလအတွင်း မကွေးတိုင်းဒေသကြီး တစ်ခုထဲမှာတင် “၇ဘီလီ ယံခွဲနီးပါး” ဆိုတော့ ဒီထက်ရှည်ကြာတဲ့ ကာလတွေမှာဆို ဘယ်လောက်များပြားနေမလဲ၊ ဒီထက်ပိုမြင့်တဲ့အဆင့် (ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်မှူးကြီး၊ ပါတီဥက္ကဋ္ဌကြီး အဆင့်တွေဆိုရင်) ရေတွက်လို့ပင် ရနိုင်ပါ့မလား။
ဒီနေရာမှာ ဗိုလ်ခင်ညွန့်တို့ ထောက်လှမ်းရေးဂိုဏ်းကို စစ်အုပ်စုက ဖြုတ်ထုတ်ဖမ်းဆီးတုန်းက ဗိုလ်ရွှေမန်း (ယခုလက် ရှိ ဥပဒေကိစ္စရပ်များ အထူးကော်မရှင်ဥက္ကဋ္ဌ) ရှင်းလင်းချက်ထဲက အချက်တချို့ကို ဖော်ပြပါရစေ။ မူရင်းအတိုင်း ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
“စစ်ဆေးတွေ့ရှိချက်များကို တရားသူကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စွဲချက်တင်ပို့ခဲ့ရာ တရားရုံးက သက် သေခံပစ္စည်းတင်သွင်းရာတွင် အနည်းဆုံးဈေးနှုန်းဖြင့် တန်ဖိုးသင့်တွက်ချက်မှုအရ ကျပ်ငွေသိန်းပေါင်း နှစ်သောင်းငါးထောင် ခန့်နှင့် တန်ဖိုးမဖြတ်ရသေးသောပစ္စည်းများကို အနည်းဆုံးဈေးနှုန်းဖြင့် တန်ဖိုးသင့်တွက်ချက်ရာ ကျပ်သိန်းပေါင်းငါးထောင်ခန့် တန်ဖိုးဖြတ်၍ စုစုပေါင်း ကျပ်သိန်း (၃သောင်း) ဟု တင်ပြထားကြောင်းကို သိရှိရပါကြောင်း။ ကျောက်စိမ်း (၄၂)တန်နှင့် ပုလဲအ လုံးပေါင်း (၁၃၀၀)၏တန်ဖိုး မပါသေးကြောင်း။ ၎င်းအပြင် ဤပမာဏမှာ နှစ်လသုံးလအတွင်း ဖြစ်ခဲ့သည့် ပမာဏသာ ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် တပ်နှင့် ဌာန (၃)ခုမှ ဝန်ထမ်း (၁၈၆)ယောက်သည် တရားဥပဒေအရ ပြစ်ဒဏ်များ ခံယူသွားပြီဖြစ် ကြောင်း”
မူရင်းအတိုင်း တစ်လုံးတစ်ပါဒမျှ ပြင်ဆင်ဖြည့်စွက်ဖြုတ်ပယ်ခြင်းလုံးဝ (လုံးဝ) မပြုဘဲ ကောက်နုတ်ဖော်ပြလိုက်တာပါ။
ဒီကောက်နုတ်ချက်ထဲမှာ သတိမူသင့်တဲ့အချက် ၃ချက်က
– အနည်းဆုံး ဈေးနှုန်းနဲ့ တန်ဖိုးသင့်တွက်ချက်ထားတယ်ဆိုတဲ့အချက်
– ဤပမာဏမှာ နှစ်လသုံးလအတွင်း ဖြစ်ခဲ့သည့် ပမာဏဖြစ်ပါကြောင်း ဆိုတဲ့အချက်
– တပ်နှင့် ဌာန (၃)ခုမှ ဝန်ထမ်း (၁၈၆)ယောက် ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
ဒီပမာဏတွေကိုသာ စစ်အာဏာရှင်တွေ စိုးမိုးခဲ့ကြတဲ့ [၁၉၆၂ မှ ၁၉၈၈ အထိ (မဆလ) စစ်အုပ်စု]၊ [၁၉၈၈ မှ ၂၀၁၁ အထိ (နဝတ-နအဖ) စစ်အုပ်စုကာလ]၊ [၂၀၁၁ မှ ၂၀၁၅အထိ ကြံ့ဖွံ့ပါတီအစိုးရကာလ] အထိ ကာလပိုင်းအလိုက်ကို ကြာမြင့် ခဲ့တဲ့ နှစ်ကာလနဲ့ မြောက်ကြည့်လိုက်ကြပါတော့ စားသောက်ဝါးမျိုခဲ့တဲ့ ပမာဏတွေ ဘယ်လောက်ရှိနေမလဲ။ ဒီလိုလုပ်ငန်းကိုင် ငန်းတွေကတွေ အကျိုးအမြတ်တွေ ဘယ်လောက်ရရှိခဲ့ကြပြီလဲ။
ယခုလက်ရှိ စစ်အုပ်စု ဟောင်း/သစ်တွေ နေထိုင်ပိုင်ဆိုင်၊ စီမံကွပ်ကဲ၊ စီးနင်းနေကြသော တိုက်တာ အိမ်ရာ၊ စီးပွားရေး လုပ်ငန်းကိုင်ငန်း၊ မော်တော်ယာဉ် အစရှိတာတွေဟာ ဘယ်လုပ်ငန်းမျိုးတွေကို ဘယ်လိုစီမံလုပ်ကိုင်ခဲ့လို့ ရရှိပိုင်ဆိုင်လာခဲ့တာ လဲလို့ မျက်နှာစေ့စေ့ကြည့်ပြီး မေးမယ်ဆိုရင် ဘယ်လိုများ ဖြေကြမှာပါလိမ့်။
စစ်အုပ်စုဟောင်း/သစ်တွေရဲ့ စံအိမ်တော်ကြီးတွေကတော့ နန်းတော်တမျှ ခမ်းနားထည်ဝါလှပါတယ်။
တိုင်းပြည်နဲ့ ပြည်သူကတော့ တာတေလံအောင် မွဲတေစုတ်ပြတ်သတ်နေပါပြီ။ “အမျိုးသားရေးမှာ ဘယ်တော့မှ သစ္စာ မဖောက်ဘူး”လို့ သူတို့ကပဲ ကုန်းပြီး အသံကုန် အော်ဟစ်နေပါသေးတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ အခန်း ၂၊ ပုဒ်မ ၄၊ ပုဒ်မခွဲ (က) “အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုး သားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်”ဆိုတဲ့ ရည်ရွယ်ချက် ပါရှိပါတယ်။ ဒါကို ဒီကနေ့ အသံကောင်းဟစ်နေတဲ့ “အမျိုး သားရေးသမားတွေ”က မသိချင်ဟန်ဆောင်ပြီး လက်ပိုက်ကြည့်နေကြတယ် မဟုတ်ပါလား။
ဦးဘုန်းမော်ရွှေကိစ္စကို ကြံ့ဖွံ့ပါတီကပဲဖြစ်ဖြစ်၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကပဲဖြစ်ဖြစ် ဘယ်လိုသဘော ထား ထုတ်ပြန်တာမှ မတွေ့ရပါဘူး။ ကိုယ်ဖြစ်ကိုယ်ခံလို့ သဘောထား ပေးထားလေသလား။ ဒါမှမဟုတ် ကြိတ်ပြီး နှာနှပ်နေ ကြသလားတော့ မသိပါ။ တကယ်တော့ ကြံ့ဖွံ့အစိုးရလက်ထက်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဝန်ကြီးချုပ် လုပ်ခဲ့ကြသူ တွေဟာ တပ်မတော်မှာ စစ်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ကြသူတွေ အများစုပဲ ဖြစ်ပါတယ်။
ဥပဒေတစ်ရပ်ကို လေ့လာတဲ့အခါ ဥပဒေပြုရတဲ့ “ရည်ရွယ်ချက်”ကို ဆုပ်ကိုင်မိဖို့ဟာ ပထမဆုံး လိုအပ်ချက်ဖြစ်တယ် လို့ ပြောကြပါတယ်။ ထို့အတူ ဥပဒေကို လိုက်နာကျင့်သုံးတဲ့အခါမှာလည်း ဥပဒေရဲ့ရည်ရွယ်ချက် ထမြောက်အောင်မြင်စေဖို့ သိပ်ကို လိုအပ်ပါတယ်။
ဒါကြောင့် “တရားဥပဒေစိုးမိုးရေး (rule of law)”ကို အစဉ် ဦးထိပ်ထားပြောဆိုနေတဲ့၊ အဂတိလိုက်စားမှုကို တိုက်ဖျက် နေတဲ့ ဒီချုပ်ပါတီ အစိုးရအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာပါရှိတဲ့ ရည်ရွယ်ချက်တွေကို မျက်ခြေမပြတ်ဘဲ အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့ အင်မတန် လိုအပ်ပါတယ်။ တာဝန်လည်း ရှိပါတယ်။
“အမျိုးသားပြန်လည်သင့်မြတ်ရေး”ဆိုတာနဲ့ ဖုံးကွယ်ပေးလိုက်တာမျိုး၊ လွတ်ငြိမ်း “ချမ်းသာခွင့်” ပေးလိုက်တာမျိုးတော့ ဘယ်လိုမှ မဖြစ်စေသင့်ပါဘူး။
ဒါကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အခန်း ၂၊ “ရည်ရွယ်ချက်”၊ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဃ)နဲ့ (င)ကို ဖော်ပြပြီး ဒီဆောင်းပါးကို နိဂုံးချုပ်ပေးလိုက်ပါတယ်။
– (ဃ) အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွား များကို ထိခိုက်မှုမရှိစေရေးတွက် အကာအကွယ်ပေးရန်
– (င) အဂတိလိုက်စားမှု ကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်
ကိုးကား
– အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
– အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ
– ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ ၂၄ရက်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ရှင်းလင်းပြောကြာချက် အပြည့်အစုံ