လူ့အခွင့်အရေး  •  တိုင်းရင်းသားအခွင့်အရေး  •  ဒီမိုကရေစီရေး

မိုဇူးလ်ကို မြန်မာနိုင်ငံက လာရောက်ကူညီသူ ကရင်အမျိုးသားသူနာပြု

(တာအုဝါးပါး)

သူနာပြုဆေးမှူး အဲလိယက မိုဇူးလ်အရှေ့မြောက်ပိုင်းမှာ အိုင်အက်စ်(ISIS)အသေခံဗုံးခွဲသမားရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့ အီရတ်စစ်သားတယောက်ကို ပြုစုပေးစဉ် (photo)

ဆေးမှူး အဲလိယ
အဲလိယဟာ Free Burma Ranger-FBR အဖွဲ့က ကရင်အမျိုးသား ၀ါရင့်သူနာပြုဆေးမှူးတစ်ဦးပါ။ သူဟာ လျင်မြန်သလို အထူးကျွမ်းကျင် ရဲရင့်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အသက် ၄၆နှစ်အရွယ်ရှိ ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်တဲ့ သူဟာ လှပတက်ကြွတဲ့ ‘Cat’ (ကြောင်)လို့ခေါ်တဲ့ သူနာပြု ဆရာမလေးနဲ့ အိမ်ထောင်ပြုခဲ့ပြီး သူတို့မှာ သားသမီး ၄ယောက်ရှိပါတယ်။

အဲလိယဟာ ပါရမီရှိတဲ့ ဆေးမှူး၊ သင်တန်းဆရာ၊ ရိုးရာလက်ဝှေ့ချန်ပီယံ၊ ပန်းချီဆရာ၊ အဆိုတော်၊ စားဖိုမှူးနဲ့ မုဆိုးတစ်ယောက် ဖြစ်သလို ဘက်စုံအားကစားသမားတယောက်လည်း ဖြစ်ပါတယ်။ သူဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှာ ဆေးမှူးတယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တိုက်ပွဲကြားမှာ ရဲစွမ်းသတ္တိရှိတဲ့အတွက် အမျှော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက် တွေ ချမှတ်နိုင်ပြီး ရှုတ်ထွေးတဲ့အခြေအနေတွေ ကိုင်တွယ်နိုင်တဲ့ အရည်အချင်းရှိသလို သက်ကယ်စွမ်းရည်လည်းရှိတဲ့အတွက် သူ့ကို လေးစားချစ်ခင်ကြသူတွေ များပါတယ်။

သူဟာ လူတိုင်းနဲ့လည်း အဆင်ပြေအောင် ဆက်ဆံနိုင်သူလည်း ဖြစ်ပါတယ်။ အမြဲလိုလို မျက်နှာပြုံးနဲ့နေလေ့ရှိတတ်ပြီး သူရှိနေ တဲ့နေရာမှာ ထူးခြားကျယ်လောင်တဲ့ သူ့ရဲ့ရယ်သံတွေကို ကြားနေရတတ်ပါတယ်။ ဖိစီးမှုတွေရှိနေတဲ့အချိန်မှာ ကြောင့်ကျပြီး ပျာယာခတ် မနေတတ်သလို ဘယ်တော့မှ လက်မလျှော့တတ်သူလည်းဖြစ်ပါတယ်။ ယုံကြည်မှုရှိရှိ ဆုတောင်းတတ်သူ၊ သူ့မှာ ရှိတာအားလုံးကို မျှဝေပေးတတ်သူ၊ ထူးထူးခြားခြား ပါရမီရှိသူတဦးလည်း ဖြစ်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ဖြစ်ရပ်ကလေးတွေကိုကြည့် ရင် သူ့ရဲ့ပင်ကိုယ်စရိုက် သဘာဝအတွင်းသဘောကို တွေ့မြင်နိုင်ပါတယ်။

မိုဇူးလ်အရှေ့မြောက်ပိုင်းမှာ အိုင်အက်စ်တွေလက်ချက်နဲ့ ဒဏ်ရာရထားသူကို ပြုစုပေးနေစဉ် (photo)

ပထမဆုံးရိန်းဂျား။
၁၉၉၇ခုနှစ် ဗမာ့တပ်မတော်ရဲ့ထိုးစစ်ကာလ အတောအတွင်းမှာ လူပေါင်း ၁၀၀၀၀ကျော်လောက် ထိုင်းနိုင်ငံထဲကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။ ကျနော်တို့ရှိနေတဲ့ နယ်စပ်လမ်းပေါ်မှာတော့ သူတို့ရှိစုမဲ့စုလေးတွေကို သယ်ယူပြေးလွှားလာကြတဲ့ မိသားစုတွေနဲ့ ပြည့်ကြပ်နေခဲ့ပါတယ်။

ကျနော်က ကားကို လမ်းဘေးချရပ်ပြီး ကားပေါ်က ဆင်းလိုက်တဲ့အချိန်မှာ လူတယောက်ဟာ တောထဲက ပေါ်လာပါတယ်။ သူ က ပြောက်ကျားယူနီဖောင်းအပြည့် ၀တ်ထားပြီး လွယ်ကြိုးမှာ လက်ပစ်ဗုံးတစ်လုံး ချိတ်ထားပါတယ်။ လက်ထဲမှာလည်း အမ်-၁၆ တစ်လက် ကိုင်ထားပါတယ်။ နားတစ်ဘက်မှာ အနီရောင်တောက်နေတဲ့ နားကပ်တစ်ဘက်နဲ့ သူ့အပြုံးကတော့ နွေးထွေးပွင့် လင်းလှပါတယ်။ သူ့ကြည့်ရတာ ပင်လယ်ဓားပြတစ်ယောက်နဲ့ တူနေပါတယ်။

သူက “ဟဲလို”လို့ အင်္ဂလိပ်လို နှုတ်ဆက်လိုက်ပြီး “ကျနော်က အဲလိယပါ။ ဆေးမှူးတစ်ယောက်ပါ။ ကျနော် ဘာအကူအညီပေးရ မလဲဗျ။” လို့ မေးပါတယ်။
ကျနော်က ‘ငါ့လူရာ ခင်ဗျားက တမန်တော်တစ်ပါး၊ ပင်လယ်ဓားပြ တမန်တော်တစ်ပါးပါဗျာ’လို့ စဉ်းစားနေမိရင်း “ဟုတ်ကဲ့ ကျနော် နေမကောင်းဖြစ်ပြီး နောက်မှာ ကျန်ခဲ့တဲ့သူတွေကို ကူညီချင်လို့ပါ”လို့ ပြောလိုက်ပါတယ်။

အဲလိယက ကျနော့်ကားပေါ်က ကျောပိုးအိတ် ၄လုံးနဲ့ ထည့်ထားတဲ့ ဆေးဝါးပစ္စည်းတွေကို ကြည့်လိုက်ပြီး ထွက်ပြေးလာတဲ့ လူ တချို့ကို တားလိုက်ပါတယ်။ သူက အုပ်စုတခုက ယောက်ျား ၃ယောက်ကို “ခင်ဗျားတို့ မနက်ဖန်ပြေးလို့ ရပါတယ်။ အခုတော့ ခင်ဗျားတို့လူတွေကို ကူညီရမယ့်အချိန်ပဲ။ ကျနော်တို့ကိုလာပြီး ကူညီကြပါအုံး”လို့ပြောပြီး အဲဒီလူ ၃ယောက်ကို ဆေးအိတ် ၃အိတ် ပေးလိုက်ပါတယ်။ ကျနော်က စတုတ္ထအိတ်ကို ကောက်ယူလိုက်ပါတယ်။ နောက် ကျနော်တို့ပြေးနေကြတဲ့ ဒုက္ခသည် တွေကြားကဖြတ်ပြီး ကျနော်တို့ ကူညီနိုင်တဲ့သူတွေကို ကူညီဖို့ နယ်စပ်ဖက်ကိုထွက်ခဲ့ကြပါတယ်။

တစ်ပတ်လောက်ကြာတော့ ကျနော်တို့မှာ ဆေးဝါးတွေကုန်သွားပြီး ကျနော့်ကားဆီ ပြန်ရောက်တဲ့အချိန်မှာတော့ ကျနော့်ကား အနားမှာ မြေမြှုပ်မိုင်းနင်းမိတဲ့လူတယောက်ကို တွေ့ရပါတယ်။ ကျိုးပြတ်သွားတဲ့ သူ့ရဲ့ခြေငုတ်ကတော့ အနာရင်းနေပါပြီ။ ဆေးရုံမှာ ချက်ချင်းကုသခံဖို့ လိုအပ်နေတဲ့ သူ့ကို ကျနော့်ကားပေါ်တင်လိုက်ပါတယ်။ အဲလိယက လူနာကို သယ်ယူသွားတုန်း ဆေးသွင်းလို့ရအောင် သူ့ရဲ့အကြောဆေးသွင်းအိတ်ကို ကားခေါင်မိုးမှာ ချိတ်လိုက်ပါတယ်။

ကျနော်တို့မိုင်းထိတဲ့သူကို ကားပေါ်မှာ စိတ်ချရအောင်လုပ်ပြီးတဲ့အချိန်မှာ နေက ၀င်နေပြီ။ အဲလိယက ကျနော့်ကိုလှည့်ပြီး ကျနော့်မိန်းမနဲ့သားက မြန်မာနိုင်ငံထဲက တနေရာရာမှာ ရောက်နေတယ်။ အခု ကျနော် သူတို့ကိုသွားရှာရမယ်။ နောက်တစ် ပတ်လောက်ဆို ကျနော် သေရင်သေနေပြီပေါ့ဗျာ..ဟားဟား” လို့ ပြောပါတယ်။ သူ ရယ်လိုက်တော့ သူ့သွားတွေ လက်ကနဲ ဖြစ် သွားပြီး သူက ပြုံးပြီး ကျနော့်ကို လက်ဆွဲနှုတ်ဆက်ပါတယ်။ ကျနော် သူနဲ့အတူ ဆုတောင်းပြီး သူက ညအမှောင်ထဲကို ၀င် ရောက်သွားခဲ့ပါတယ်။

မှတ်စု……။ အဲဒီတုန်းက အဲလိယဟာ သူ့မိသားစုကိုရှာတွေ့ခဲ့ပြီး ခုတော့ သူနဲ့ကြောင်ကလေး(Cat)မှာ ကလေး ၄ယောက် ရှိ နေပါပြီ။ အဲလိယဟာ ကျနော်တို့ရဲ့ လေ့ကျင့်သင်ကြားမှုကို အချိန်ပိုင်းအကြိမ် ၁၀၀၊ အချိန်ပြည့် ၄၃ကြိမ်အထိ အဖွဲ့တွေကို ဦးဆောင် လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့တွဲပြီး ကယ်ဆယ်နိုင်ခဲ့ တဲ့ ပထမဆုံး ဖရီးဘားမားရိန်းဂျား-FBR အဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။

ဘယ်သူ့ကို အလုပ်အကျွေးပြုမှာလဲ။
ကျနော်တို့လုပ်ငန်းကို ပထမဆုံး ခြိမ်းခြောက်လာခဲ့တဲ့အချိန်၊ ကျနော်တို့အလုပ်ကိုဆက်ပြီးလုပ်ဖို့ မရေရာတော့တဲ့အချိန်မှာ အဲလိယက ကျနော့်ကို မေးခဲ့ပါတယ်။ “ကရင်တွေနဲ့အတူ အလုပ်လုပ်လို့ မရနိုင်တော့ဘူးဆိုရင် ခင်ဗျား စိတ်မကောင်းဖြစ်မှာ လား။”လို့ မေးပါတယ်။

ကျနော်က “သေချာတာပေါ့ဗျာ။ ကျနော်စိတ်မကောင်းဖြစ်မှာပဲပေါ့။”လို့ ဖြေလိုက်ပါတယ်။
အဲလိယက “စိတ်မကောင်းမဖြစ်ပါနဲ့။ ခင်ဗျားက ကရင်တွေအတွက် အလုပ်လုပ်နေတာမဟုတ်ပါဘူး။ ခင်ဗျားက ဘုရားသခင်အ တွက် အလုပ်လုပ်ပေးနေတာပါဗျာ။ ဘုရားသခင်က ခင်ဗျားကို တနေရာရာမှာ အသုံးချနိုင်ပါတယ်။ သုံးပါလိမ့်မယ်။ ခင်ဗျား ကျနော်တို့ကို အများကြီးကူညီခဲ့ပြီးပါပြီ။ ကျနော်တို့ ဆက်လုပ်သွားမှာပါ။ ကျနော်တို့အတွက် စိတ်မပူပါနဲ့။ ဘုရားသခင် အလို တော်အရ လုပ်ပါဗျာ။”လို့ ပြောခဲ့ပါတယ်။

ခင်ဗျားတို့ရဲ့ တာဝန်က ဘာပါလဲ။
ကျနော် အဲလိယကို ဒုတိယအကြိမ် တွေ့ခဲ့ရတဲ့အချိန်မှာ ၁၉၉၇ခုနှစ် ထိုးစစ်အတွင်း သူ့မိသားစုကို ပြန်ရှာတွေ့ခဲ့ပြီးတဲ့အချိန်ပါ။ ကျနော်က သူ့ကို “ခင်ဗျားမိသားစု အန္တရာယ်တွေ့နေခဲ့တဲ့အချိန်မှာ ကျနော်နဲ့ ဒုက္ခသည်တွေကို ခင်ဗျား ဘာဖြစ်လို့ ကူညီနေခဲ့ တာလဲဗျာ”လို့ မေးလိုက်တော့ သူက “ဘ၀မှာ ကျနော်တို့က အရာရာတိုင်းကို ထိန်းချုပ်လို့ မရဘူးလေဗျာ။ ကျနော်တို့ကို ဘုရား သခင်က ချပေးတဲ့တာဝန်တွေကို ကျနော်တို့ လုပ်ရမှာပေါ့။ ကျနော်လည်း ကျနော့်မိသားစုကို ချစ်တာပေါ့ဗျာ။ အကူအညီလည်း ပေးချင်တာပေါ့။ ဒါပေမယ့် ကျနော်က သူတို့ ဘယ်ရောက်နေမှန်းတောင်မှ မသိခဲ့တာပဲ။”လို့ ပြန်ဖြေခဲ့ပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျနော်က ထောင်သောင်းချီတဲ့ အကူအညီလိုနေတဲ့ မိသားစုတွေ ဘယ်မှာရှိနေတယ်ဆိုတာ သိနေတယ် လေ။ သူတို့က ကျနော့်ရှေ့မှာတင်ပါပဲ။ ကျနော်က ဘုရားသခင်နဲ့ ကျနော့်မိတ်ဆွေတွေကို ကျနော့်ရဲ့ရှေ့မှာ ရှိနေတဲ့သူတွေကို လုပ်ပေးနိုင်တာတွေ လုပ်ပေးပြီးတဲ့အထိ ယုံကြည်ထားခဲ့တာပါ။ ဘုရားသခင်က အရာရာကို စောင့်ရှောက်နိုင်ပါတယ်။ ကျနော် က မလုပ်နိုင်ပါဘူး။ နောက် ကျနော်လုပ်လို့ပြီးပြီဆိုတာနဲ့ ကျနော့်မိသားစုကို ရှာဖို့သွားခဲ့ပြီး သူတို့ကို အခုလို လုံလုံခြုံခြုံ တွေ့ခဲ့ရ လို့ ကျနော် ပျော်ခဲ့ရတာပေါ့ဗျာ။

ကျနော်က ဘုရားသခင်အလိုတော်အတိုင်း နေချင်ပါတယ်။ သူပေးခဲ့တဲ့ လက်ဆောင်တွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျနော်ဟာ သိပ်ကောင်းတဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာလည်း ကျနော်သိပါတယ်။ တခါတလေလည်း မကောင်းတာတွေ လုပ်ခဲ့မိပါတယ်။ ဒါပေမယ့် ကျနော်က ဘုရားသခင်ကို ယုံကြည်မှုရှိဖို့ အမြဲတမ်းကြိုးစားနေပါတယ်ဗျာ။”လို့ သူက ပြောခဲ့ပါ တယ်။
…………………………………………………………………………………………………………………………………….
ဖရီးဘားမားရိန်းဂျား- FBR သည် လူမျိုး၊ ဘာသာ မခွဲခြားဘဲ ပြည်တွင်းနေရာရွှေ့ပြောင်းခံရသူများကို မေတ္တာနှင့် အကူအညီပေး နေသောအဖွဲ့ ဖြစ်သည်။ တိုင်းရင်းသား ကွင်းဆင်းအဖွဲ့များ၏ကွန်ယက်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သေဆုံးမှုများနှင့် ဗမာစစ်တပ်၏ ဖိနှိပ်မှုအောက်က လူသားချင်းစာနာထောက်ထားမှု လိုအပ်နေသူများနှင့် ပတ်သက်သည့် အစီရင်ခံစာများကို အသုံးပြုပြီး လှုပ်ရှားနေသောအဖွဲ့လည်းဖြစ်သကဲ့သို့ ဗမာစစ်တပ်၏ တိုက်ခိုက်ချေမှုန်းမှုများကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ပြည်တွင်း ရွှေ့ပြောင်းခံ(နေရပ်စွန့်ခွါ) ပြည်သူများအတွက် ဆေးဖက်ဆိုင်ရာ၊ ပညာရေးဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာများကိုပါ ကူညီပေး နေသည့်အဖွဲ့ဖြစ်သည်။

၂၀၁၇၊ ဖေဖော်ဝါရီလ ၇ရက်နေ့က Free Burma Ranger-FBR မှ ပေးပို့လာသော ဆောင်းပါးကို ဘာသာပြန်ဆိုထားသည်။