စောကပီ*
၁၉၄၈ခုနှစ် လွတ်လပ်ရေး ရရှိခဲ့ပြီးသည့်အချိန်မှစ၍ နှစ်ပေါင်း ၇ဝနီးပါး ပြည်တွင်းစစ်ခရီးကြမ်းကို ဖြတ်သန်းခဲ့ရသော မြန်မာ နိုင်ငံတွင် ဖက်ဒရယ်ဟူသည့်စကားရပ်ကိုပင် ကြောက်စရာကောင်းပြီး တိုင်းပြည်ပြိုကွဲရေးဆီသို့ တွန်းပို့သည့် အတွေးအခေါ်၊ အသုံးအနှုန်းတခုဟု အစိုးရအဆက်ဆက်က ပုံဖော်ခဲ့ကြသည်။ ကျောင်းစာသင်ခန်းများထဲ၌ပင် ထိုကဲ့သို့ သင်ကြားစေခဲ့ပြီး မျိုးဆက်ပေါင်းများစွာကို ဤစကားရပ်အပေါ်တွင် နားလည်မှု လွဲချော်စေခဲ့သည်။
သို့သော် ၂၀၁၂ခုနှစ် သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရ တက်လာခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် အပြောင်းအ လဲများထဲတွင် ဖက်ဒရယ်အယူအဆပေါ်တွင် နားလည်မှုနှင့် ပို၍ ကျယ်ပြန့်စွာ လက်ခံလာခဲ့ကြခြင်းတို့ ပါဝင်သည်ဆိုလျှင် မှားမည်မဟုတ်ပေ။
သာမန်ပြည်သူ အတော်များများကပင်လျှင် ဖက်ဒရယ်ပြည်ထောင်စုဆိုသည့် ဝေါဟာရကို အပြုသဘောဖြင့် ပိုမို ကျယ်ပြန့်စွာ လက်ခံလာကြသည်ကို တွေ့ရပါသည်။ ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရသစ်အနေဖြင့် လည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်သွားမည်ဟု အကြိမ်ကြိမ် ကတိပေးပြောဆိုခဲ့သည်။ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပင်လျှင် ဖက်ဒရယ်စနစ် ဆိုသည်ကို သူ၏မိန့်ခွန်းများတွင် ထည့်သွင်း ပြောကြားလာခဲ့သည်မှာ တစ်ကြိမ်ထက် မနည်းတော့ပေ။
၂၀၁၆ခုနှစ် ဩဂုတ်လကုန်ပိုင်းက နေပြည်တော်၌ကျင်းပခဲ့သည့် ၂၁ရာစုပင်လုံညီလာခံတွင် တပ်မတော်သားအစုအဖွဲ့မှ တင်ပြ ခဲ့သော စာတမ်းများအရ မြန်မာ့တပ်မတော်အကြီးအကဲများအနေဖြင့် ယခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်ပင်လျှင် ဖက်ဒရယ်စနစ်ကို ပုံဖော်ပေးနေပြီးဖြစ်သည်ဟု ယူဆနေပုံရသည်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ဘက်တွင်မူ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းများကို အကြိမ်ကြိမ် ရေးဆွဲခဲ့ကြပြီးဖြစ်သောကြောင့် ၎င်းတို့လိုချင်သော ဖက်ဒရယ်ပြည်ထောင်စု အသွင်သဏ္ဍာန်ကို ယေဘုယျအားဖြင့် မှန်းဆနိုင်သည်။ ယခုလက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရအနေနှင့် ၎င်းတို့ရည်မှန်းထားသော ဖက်ဒရယ်ပြည်ထောင်စုပုံသဏ္ဍာန်ကို တိုင်းပြည်သို့ တိတိကျကျ ချပြ ခဲ့ခြင်းမျိုး မရှိသေးပေ။
မည်သို့ပင်ဆိုစေကာမူ ရှေ့ဆက်ရမည့် မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်အတွက် ဖက်ဒရယ်စနစ်၏ အနှစ်သာရနှင့် လက်တွေ့ မြန်မာနိုင်ငံတွင် ထိုစနစ်ကို ကျင့်သုံးနိုင်ရန်အတွက် အခြေခံဘုံသဘောထားနှင့် နားလည်မှုများ ရရှိထားရန် အလွန် အရေးကြီးပါ သည်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဟု အမှန်တကယ် ခေါ်ဆိုနိုင်ရန်အတွက် မည်သည့်အခြေခံအချက်အလက်များ ပါဝင်သင့် သည်ကို ယေဘုယျအားဖြင့် သဘောတူညီမှု ရှိထားမည်ဆိုပါက ပို၍ လွယ်ကူနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက ဒီမိုကရက်တစ် ဖက်ဒရယ်နိုင်ငံ ထူထောင်မည်ဟု ဆိုနေသော်လည်း မည်သို့သော အခြေခံများနှင့် ပြည်ထောင်စုဖွဲ့စည်းပုံ အသွင်သဏ္ဍာန်များ ကို ဆိုလို၍ မည်သို့အဓိပ္ပါယ်ဖွင့်ဆိုနေကြသည်ကို မသိရဘဲ နိုင်ငံရေးအရ ပြောဆိုရာတွင် အဆင်ပြေချောမွေ့မှု (political convenience) ရှိစေရေးအတွက်သာ ပြောဆိုသုံးနုန်းခြင်းမျိုး ဖြစ်နေပါသည်။
ဤဆောင်းပါးတွင် ကမ္ဘာ့နိုင်ငံအတော်များများ၌ ကျင့်သုံးနေကြသော ဖက်ဒရယ်ပြည်ထောင်စု အမျိုးအစားများကို ပိုင်းခြားလေ့ လာ သုံးသပ်ရန် ရည်ရွယ်ချက်မရှိပါ။ မည်သို့ပင် ကောင်းမွန်ပြည့်စုံနေသည့် ဖက်ဒရယ်စနစ် ဖြစ်နေစေကာမူ ပုံတူကူးယူ၍ မရ သည့်အတွက် ဖက်ဒရယ်စနစ်အတော်များများ၏ ယေဘုယျအားဖြင့် တူညီသော အဓိက ဝိသေသလက္ခဏာအချို့ကိုသာ ခြုံငုံ တင်ပြ၍ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားဖြင့် ကိုက်ညီနိုင်မည့် အချက်များကိုသာ တင်ပြဆွေးနွေးသွားမည် ဖြစ်ပါသည်။
ပြည်ထောင်စုဖွဲ့စည်းတည်ထောင်ရန် သဘောတူညီမှု
ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတစ်ခု တည်ဆောက်နိုင်ရန် ထိုပြည်ထောင်စု၏ အစိတ်အပိုင်းဖြစ်လာမည့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးများအကြား သဘောတူညီမှု (Agreement to Establish a Federal Union) တစ်ခု ရှိထားရန် လိုအပ်သည်။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ထိုုပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ရရှိထားသည့် ပြည်ထောင်စုဖွဲ့စည်းပုံ သဏ္ဍာန် (Structure of the Union) နှင့်ပတ်သက်သော သဘောတူညီချက်များကို ထည့်သွင်းစေပြီး ယင်းဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ဩဇာသက်ရောက်မှု (constitutional supremacy) ကို အသိအမှတ်ပြုခြင်းသည်ပင်လျှင် ဖက်ဒရယ်ပြည် ထောင်စုစနစ်၏ အရေးကြီးဆုံး ဝိသေသတစ်ခုဖြစ်သည်။
ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးတစ်ခုခုမှ၊ အခြားသောပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်နှင့် တိုင်းဒေသများအပေါ် စိုးမိုး ချယ်လှယ်ခြင်းမရှိစေရန် ပြည်ထောင်စုဖွဲ့စည်းတည်ထောင်ရန် သဘောတူစာချုပ် တနည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ သာ ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို တည်စေရန် လိုအပ်ခြင်းဖြစ်သည်။ လုံလောက်သော နိုင်ငံရေးအရ ဆန္ဒပြင်းပြမှု (political will) ရှိပါက ပြည်ထောင်စုဖွဲ့စည်းတည်ထောင်ရန် သဘောတူစာချုပ်ကို ယခု ဆက်လက်ကျင်းပရန်ရှိသော တိုင်း ရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးပါဝင်နိုင်သည့် ၂၁ရာစုပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ တဆင့် ရရှိနိုင်သည်။
ပြည်ထောင်စုဖွဲ့စည်းတည်ထောင်ရန် ရရှိထားဘောတူညီချက်များကို ထည့်သွင်းရေးဆွဲထားသော ပြည်ထောင်စုဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေ၏ အစိတ်အပိုင်းတစ်ခုခုအပေါ်တွင် အဓိပ္ပါယ်ဖွင့်ဆိုချက် ကွဲလွဲသည့်ကိစ္စတစ်ရပ်ရပ် ပေါ်ပေါက်လာပါက ဖြေရှင်းပေးနိုင်ရန်အတွက် လွတ်လပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ဖွဲ့စည်းထားရမည်။ ဤဖွဲ့စည်းပုံအခြေခံ ဥပ ဒေဆိုင်ရာခုံရုံးကို အခြေခံဥပဒေရေးရာများနှင့် ပတ်သက်သော အငြင်းပွားမှုများအား သီးသန့် ဖြေရှင်းပေးနိုင်ရန်အတွက် ဆုံး ဖြတ်ပိုင်ခွင့်အာဏာကို အပ်နှင်းထားရမည်။
သို့မှသာလျှင် အခြေခံဥပဒေမှ လွှမ်းမိုးဆုံးဖြတ်သောစနစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ တစ်ဆက်တည်း စဉ်းစားရန်လို သည်မှာ ဤအခြေခံ ဥပဒေဆိုင်ရာခုံရုံးကို ဖွဲ့စည်းရမည့် ပုံစံအဆင့်ဆင့်နှင့် မည်ကဲ့သို့သော အရည်အချင်းရှိသူများနှင့် ပါဝင်ဖွဲ့ စည်းသင့် သည့်ကိစ္စဖြစ်သည်။ ပြည်ထောင်စု၏ အသက်ဝိညာဉ်တမျှ အရေးပါသော ကိစ္စရပ်များကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ စီရင် ဆုံးဖြတ်ခြင်းတာဝန်များကို အပ်နှင်းရမည်ဖြစ်သောကြောင့် ထိုခုံရုံးအဖွဲ့တွင် ပြည်နယ်နှင့် လူမျိုးစုများ၏ ကိုယ်စားပြု ပါဝင်နိုင်မှု ကို အလေးပေး၍ စဉ်းစားရန်လိုသည်။
ပြည်ထောင်စု၏အချုပ်အချာအာဏာကို လူတစ်စု၊ ပြည်နယ်တခု သို့မဟုတ် တိုင်းဒေသတခုခုက မိမိတို့ လက်ထဲတွင် ရှိသည်ဟု လည်း မယူဆရန် အရေးကြီးသည်။ ထိုနည်းတူစွာ ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးတွင် တာဝန်ရှိသည်ဟု ယူဆနိုင်မှသာလျှင် တန်းတူညီမျှမှု အပြည့်အဝရှိသော ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။
ပြည်ထောင်စုအဆင့် ဥပဒေပြုလွှတ်တော်နှစ်ရပ်နှင့် ပြည်နယ်လွှတ်တော်တစ်ရပ်
ပြည်ထောင်စုအဆင့်တွင် ဥပဒေပြုလွှတ်တော်နှစ်ရပ်ထားရှိရန် လိုအပ်ခြင်းအကြောင်းမှာ ပြည်နယ်များအကြား လူဦးရေအချိုး အစားနှင့် ဖွံ့ဖြိုးမှု အနည်းအများတို့အပေါ် မူမတည်ဘဲ တန်းတူညီမျှ ကိုယ်စားပြုမှုရရှိရန်အတွက် ထားရှိသော အမျိုးသားလွှတ် တော်တစ်ရပ်ဖြစ်ပြီး နောက်လွှတ်တော်တစ်ရပ်မှာ ပြည်ထောင်စုနိုင်ငံသားတိုင်းကို ကိုယ်စားပြုနိုင်ရန်အတွက် ထားရှိသော ပြည် သူ့လွှတ်တော်ဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုစီအတွင်းရှိ လူဦးရေအချိုးအစားပေါ်တွင် မူတည်၍ ကိုယ်စားပြုနိုင်မည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို သတ်မှတ်ထားခြင်းကြောင့် နိုင်ငံသားအများစု၏ ဆန္ဒ နှင့် ကိုယ်စားပြုမှုကို ဦးစားပေးသည်ဟု ဆိုနိုင်သည်။
ထို့အပြင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အသီးသီးတို့တွင်လည်း သက်ဆိုင်ရာ ပြည်နယ်ဥပဒေပြုလွှတ်တော်များ ထားရှိရန် လိုအပ်သည်။ သက်ဆိုင်ရာ ပြည်နယ်သူပြည်နယ်သားများက တိုက်ရိုက် ရွေးချယ်တင်မြှောက်ထားသော ဤပြည်နယ်လွှတ် တော်မှတဆင့် အမျိုးသားလွှတ်တော်အမတ်များကို အချိုးတူရွေးချယ်ပေးပါက ပြည်နယ်၏အကျိုးစီးပွားကို အမှန်တကယ် ကိုယ်စားပြုနိုင်သော အမျိုးသားလွှတ်တော်တစ်ရပ်ဖြစ်လာရန် ပို၍ အလားအလာကောင်းနိုင်သည်။
လွှတ်တော်အသီးသီး၏ ဥပဒေရေးဆွဲ ပြဌာန်းပိုင်ခွင့်များကို နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲတွင် တိတိကျကျ ထည့်သွင်းပြဌာန်းရန် အရေးကြီးပေသည်။ ထိုကဲ့သို့ ထည့်သွင်းပြဌာန်းရာတွင် မည်သည့်အတိုင်းအတာအထိ ဖက်ဒရယ်ဖြစ်မ ဖြစ်ကို ပြည်နယ်လွှတ်တော်များက မည်သည့်အခန်းကဏ္ဍနှင့် အကြောင်းကိစ္စများအပေါ်တွင် ဥပဒေပြုခွင့်အာဏာရှိသည်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်မည် ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော ဥပဒေပြုခွင့်အာဏာ ဇယား(၁)နှင့်(၂)တို့ကို ပြန်လည်သုံးသပ်ရန် လိုအပ်ပေလိမ့် မည်။ တနည်းအားဖြင့် ဆက်လက် ကျင်းပရန်ရှိသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခွင့် ရရှိကြမည့် အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များက ညှိနှိုင်းအဖြေရှာကြရမည့် ကိစ္စဖြစ်သည်။
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာအရပ်ရပ်ကိုု ခွဲဝေခြင်း
ဖက်ဒရယ်ပြည်ထောင်စုဟု ခေါ်ဆိုနိုင်ရန်အတွက် အနည်းဆုံး အစိုးရနှစ်ရပ် (ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအစိုးရများဟူ၍) ရှိရန် လိုအပ်သည်။ ပြည်နယ်တွင်းရှိ ပြည်သူလူထု (ပြည်နယ်သူ ပြည်နယ်သားများ)က တိုက် ရိုက် ရွေးချယ်တင်မြှောက်ထားသော ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ အရေအတွက်မှာ ပြည်ထောင်စုတွင် ပါဝင်သော ပြည်နယ်နှင့် တိုင်းဒေသအစိတ်အပိုင်းများ၏ အရေအတွက်ပေါ်တွင် မူတည်သည်။ ပြည်ထောင်စုအစိုးရအဖြစ် အစိုးရတစ်ရပ် သာရှိသော်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ပေါင်းများစွာ ရှိနေနိုင်သည်။ ထို့ကြောင့် ပြည်ထောင်စုအစိုးရနှင့် ပြည် နယ် (သို့မဟုတ်) တိုင်းဒေသကြီးအစိုးရများအကြား အာဏာခွဲဝေမှု (distribution of power) သည် ဖက်ဒရယ်ပြည်ထောင်စု တစ်ခု၏ အရေးကြီးဆုံး “ဝိသေသ လက္ခဏာ”တစ်ခုဟု ဆိုနိုင်သည်။
ပြည်ထောင်စုအစိုးရလက်ထဲတွင် မည်သည့်အာဏာများကိုထားရှိမည်၊ မည်သည့်အတိုင်းအတာအထိ ထားရှိမည်ကို ပြည် ထောင်စု၏ အစိတ်အပိုင်းများဖြစ်လာမည့် ပြည်နယ်နှင့် တိုင်းဒေသများက သဘောတူ ဆုံးဖြတ်ရမည်။ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေခြင်းဆိုရာ၌ ဥပဒေပြုခွင့်အာဏာ၊ တရားစီရင်ရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာတို့ အားလုံးပါဝင်ရမည်ဖြစ်သည်။ တရားစီရင်ရေးအာဏာ (judicial power)ကို ပြည်နယ်များသို့ ခွဲဝေပေးရန်လိုသကဲ့သို့ တရားဥပ ဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်မှု (law enforcement)တွင် အရေးကြီးသည့် အခန်းကဏ္ဍ၌ တာဝန်ယူရမည့် ရဲဌာနများကိုလည်း ပြည်နယ်အစိုးရ၏ စီမံကွပ်ကဲမှုအောက်တွင် ထားရှိသင့်သည်။
ဤနေရာတွင် တရားဥပဒေသက်ရောက်စိုးမိုးရေးကို တာဝန်ယူရမည့်စနစ် (law enforcement system) နှင့် ၎င်းယန္တရား (mechanism) တခုလုံးကို ခြုံ၍ စဉ်းစားပါက ပို၍အကျိုးနိုင်ရုံသာမက လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မလွဲမသွေပြုလုပ်ရမည့် ဆွေးနွေးညှိနှိုင်းမှုများအတွက် များစွာ အထောက်အကူပြုနိုင်ပါသည်။ အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာပေါ်ရှိ ဖက်ဒ ရယ်နိုင်ငံအတော်များများတွင် တရားဥပဒေသက်ရောက် စိုးမိုးရေးတာဝန်ကို ပြည်နယ်အဆင့်ကိုသာမက ခရိုင်နှင့် မြို့နယ်အ ဆင့်များသို့ပင် ပေးအပ်ထားသည်ကို တွေ့ရသည်။
ပြည်နယ်များသို့ အုပ်ချုပ်ရေးအာဏာကို ခွဲဝေရာတွင် ၎င်းတို့၏ ရရှိပြီးသော ဥပဒေပြုအခွင့်အာဏာများနှင့်လည်း အံဝင်ခွင်ကျမှု ရှိသင့်သည်။ ဥပမာ – ပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ မြူနီစီပယ်အုပ်ချုပ်ရေး၊ စိုက်ပျိုးရေး၊ သစ်တောနှင့် အိမ်ခြံမြေခွန်ကိစ္စများ အပေါ် ပြည်နယ်များအား ဥပဒေပြုခွင့်အာဏာပေးထားပါက ထိုကဏ္ဍများတွင် ပြည်နယ်အစိုးရက အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့် ရှိ သင့်သည်။ ဆက်သွယ်ရေး၊ နိုင်ငံခြားဆက်ဆံရေး၊ ပြည်ထောင်စုကာကွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ငွေစက္ကူပုံနှိပ်ခြင်းနှင့် ဗဟို ဘဏ်လုပ်ငန်း အစရှိသည့်ကဏ္ဍများကိုမူ ပြည်ထောင်စုအဆင့်တွင်သာ ဥပဒေပြုခွင့်နှင့် စီမံအုပ်ချုပ်ခွင့်အာဏာများကို အပ်နှင်း ထားရှိရန် ပို၍သင့်တော်သည်ဟု ဆိုနိုင်သည်။
အုပ်ချုပ်ရေးအာဏာခွဲဝေရေးနှင့်ပတ်သက်၍ အကြီးမားဆုံး စိန်ခေါ်မှုမှာ ယခုလက်ရှိ အုပ်ချုပ်ရေးယန္တရားတွင် ကဏ္ဍပေါင်းစုံ၌ ပါဝင်နေသော အထွေထွေ အုပ်ချုပ်ရေးဌာနများဖြစ်သည်။ အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အထွေထွေအုပ်ချုပ်ရေးဌာန များကို တိုက်ရိုက်ချုပ်ကိုင်နေခြင်းသည် ဖက်ဒရယ်ပြည်ထောင်စု၏ ပြည်နယ်အစိုးရများသို့ အုပ်ချုပ်ရေးအာဏာများကို ခွဲဝေပေး ရမည် ဆိုသည့်အချက်နှင့် တိုက်ရိုက်ဆန့်ကျင်နေသည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်၍ ပြည်နယ်အ စိုးရများသို့ တိုင်းပြည်၏အုပ်ချုပ်ရေးအာဏာကို စနစ်တကျ ခွဲဝေမည်ဆိုပါက ၎င်းအထွေထွေအုပ်ချုပ်ရေးဌာနများကို ဖျက်သိမ်း ပစ်ရန် လိုအပ်မည်။ သို့မဟုတ်ပါက အထွေထွေအုပ်ချုပ်ရေးဌာနများကို ပြည်နယ်အစိုးရများ၏ တိုက်ရိုက် ကွပ်ကဲမှုလက် အောက်တွင် ပြောင်းရွှေ့ထားရှိရန် လိုအပ်မည်ဖြစ်သည်။
လူမျိုးကိုသာ အခြေခံသောပြည်ထောင်စု တည်ဆောက်ရန်ခက်ခဲ
မြန်မာနိုင်ငံတွင် လူမျိုးကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန် အလွန်ပင် ခက်ခဲနိုင်သည်။ နိုင်ငံတစ်ဝှမ်း မတူကွဲပြားသော လူမျိုးနွယ်စုများ ရောယှက်နေထိုင်နေခြင်းကြောင့်ဖြစ်သည်။ လူမျိုးစုအမည်နာမဖြင့် လူမျိုးတမျိုးစီကို ကိုယ်စား ပြုသော ပြည်နယ်များထူထောင်ရန်ပင် အခက်အခဲများစွာ ရှိနေသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ကရင်လူမျိုးများသည် လက်ရှိ ကရင်ပြည်နယ်အတွင်းသာမက ပဲခူးတိုင်း၊ တနသင်္ာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း အများအပြား နေထိုင်ကြသည်ကို တွေ့ရသည်။
ယခု ရှမ်းပြည်နယ်တွင် ကချင်လူမျိုး အပါအဝင် ပအိုဝ်း၊ ပလောင်၊ ဝနှင့် လားဟူ အစရှိသည့် လူမျိုးများစွာ နေထိုင်ကြခြင်းမှာ မြန်မာနိုင်ငံ၏ ပကတိအခြေအနေဖြစ်သည်။ ထို့အပြင် ဗမာလူမျိုး အများအပြားတို့သည်လည်း လွန်ခဲ့သော နှစ်ပေါင်းခြောက် ဆယ်ကျော်အတွင်း အကြောင်းအမျိုးမျိုးဖြင့် တိုင်းရင်းသားဒေသများတွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ လက်ရှိ ကရင်ပြည်နယ် တွင် ဗမာလူမျိုးများကပင် လူဦးရေအများစု ဖြစ်နိုင်သည်ကို သတိပြုရန် လိုအပ်သည်။
သို့သော် လူမျိုးစုများ၏ အမည်နာမဖြင့် ဖွဲ့စည်းထားသောပြည်နယ်များကို အလွယ်တကူ ဖျောက်ဖျက်ရန်မှာလည်း အလွန် ထိလွယ်ရှလွယ်သော လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် မဖြစ်သင့်၊ မဖြစ်နိုင်သေးသော ကိစ္စတစ်ရပ်ဖြစ်သည်။ လတ်တလော အပြောင်းအလဲကာလတွင် ထိုအမည်များကို ပြောင်းလဲရန် သို့မဟုတ် ဖယ်ရှားရန် ကြိုးစားမည်ဆိုပါက နိုင်ငံရေးအရ ပေးဆပ်ရ မည့်အဖိုးအခ ကြီးမားနိုင်သည်။ နိုင်ငံတစ်ဝှမ်းလုံးနီးပါးတွင် လူမျိုးစုများရောယှက်၍ နေထိုင်ကြသည်ဆိုသည့်အချက်ကို ထည့် သွင်းစဉ်းစားကာ ပြည်နယ်များ၏အမည်နှင့် နယ်နိမိတ်များ သတ်မှတ်ခြင်းကိစ္စကို ညှိနှိုင်းဆွေးနွေးသင့်သည်။
ဥပမာ – ကရင်ပြည်နယ်ဟု ခေါ်တွင်မည့်အစား ကော်သူးလေပြည်နယ်ဟူ၍လည်းကောင်း၊ ကယားပြည်နယ်ကို ပြည်နယ်တွင်း မှီတင်းနေထိုင်ကြသော လူမျိုးအများစုအား ကိုယ်စားပြုသည့် ကရင်နီပြည်နယ် သို့မဟုတ် ကန္တာရဝတီတိုင်း ဟူ၍လည်းကောင်း ခေါ်ဆိုသတ်မှတ်ရန် စဉ်းစားနိုင်သည်။
အကယ်၍ လူမျိုးကိုအခြေခံသော ပြည်နယ်များမရှိသင့်ဟု ယူဆပါက ပြည်ထောင်စုကြီးတခုလုံး၏ အမည်နာမကိုလည်း ပြန် လည်စဉ်းစားရန် လိုအပ်လာမည်ဖြစ်သည်။ ပြည်ထောင်စုဖွဲ့စည်းတည်ထောင်ရာတွင် ပါဝင်ကြမည့် ပြည်နယ်နှင့် တိုင်းဒေသကြီး များအားလုံးမှ ဤအမည်နာမများကို သဘောတူဆုံးဖြတ်ကြရန် လိုအပ်သည်။ ထို့အပြင် တိုင်းရင်းသားလူမျိုးစုများ၏ လူမျိုးစုအ လိုက် အခွင့်အရေး (ethnic rights) နှင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးတိုု့့၏ ဆန္ဒသဘောထားများ (collective desire) ကိုပါ ရယူ ပြီး ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်ရေးတွင်သာမက ပြည်ထောင်စုနှင့် စပ်ဆိုင်သော အမည်နာမများ သတ်မှတ်ခေါ်ဆိုခြင်း တိုု့့တွင်လည်း ထည့်သွင်းစဉ်းစားရန် လိုမည်ဖြစ်သည်။
အချုပ်ဆိုရလျှင် လူမျိုးနှင့် ပထဝီအနေအထား နှစ်ခုစလုံးကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရန် သဘောထားကြီး စွာဖြင့် စဉ်းစားကြရန် လိုအပ်ပါသည်။
ဖက်ဒရယ်စနစ်ကြောင့် နိုင်ငံတော်လုံခြုံရေး အားနည်းသွားနိုင်မည်လော
ဖက်ဒရယ်စနစ်ကြောင့် နိုင်ငံတော်လုံခြုံရေး အားနည်းသွားနိုင်မည်လော ဟူသည့် စိုးရိမ်ပူပန်မှုများကိုလည်း တပ်မတော်ဖက်မှ အကြိမ်ကြိမ် ဖွင့်ဟပြောဆိုခဲ့ဖူးသည်။ ပြည်နယ်အစိုးရများသို့ အာဏာခွဲဝေပေးခြင်းဖြင့် တိုင်းပြည်ပြိုကွဲသွားနိုင်သည် ဆိုသည့် အယူအဆပေါ်တွင် အခြေခံသော စိုးရိမ်မှု ဖြစ်သည်။ ဤအယူအဆမှာ တိုင်းပြည်၏ အာဏာသည် အစိုးရတစ်ရပ်တည်းတွင် တည်ရှိရမည်ဟူသော အယူအဆမှ လာခြင်းဖြစ်သည်။ လူမျိုးတစ်မျိုးတည်းသာ အများစုနေထိုင်ပြီး တစ်ပြည်ထောင်စနစ်ကို ကျင့်သုံးသော နိုင်ငံများနှင့်သာ ကိုက်ညီသည့်အယူအဆ ဖြစ်ပါသည်။
နိုင်ငံတော်အချုပ်အခြာအာဏာ၏ ဇစ်မြစ်သည် ပြည်သူသာလျှင်ဖြစ်သည်ကို အသိအမှတ်ပြုပါက ပြည်ထောင်စုအစိုးရနှင့် ပြည် နယ်အစိုးရများအကြား အာဏာခွဲဝေခြင်းကို ဇောဒကတက်စရာ အကြောင်းမရှိပေ။ ပြည်သူလူထုမှ ပေးအပ်သောအာဏာကို ပြည်သူများက ရွေးချယ်တင်မြှောက်ထားသော အစိုးရအရပ်ရပ်တို့အကြား ခွဲဝေသုံးစွဲခြင်းသာလျှင် ဖြစ်သည်။ ပြည်နယ်များအ ကြား သဘောတူညီမှုစာချုပ်တစ်ခုအပေါ်တွင် အခြေခံ၍ တည်ထောင်ထားသော ဖက်ဒရယ်ပြည်ထောင်စု အစစ်အမှန်ဖြစ်မည် ဆိုပါက တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲသွားမည်ကို စိုးရိမ်စရာ မလိုပေ။ ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်ထောင်စု တည်တံ့ရေးအတွက် ပြည်နယ်များအကြား သဘောတူညီမှု ရရှိထားသောအချက်များ၊ တနည်းအားဖြင့် ပြည်ထောင်စု ပဠိညာဉ် ကို လိုက်နာလေးစားရန်သာ ပို၍ အရေးကြီးပေသည်။
ထို့အပြင် ပြည်ထောင်စု၏ လုံခြုံရေးနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် တာဝန်မှာ (တပ်မတော် တစ်ခုတည်း အပေါ်တွင် တည်ရှိရမည်မဟုတ်ပေ။) ပြည်ထောင်စုတွင်းရှိ ပြည်နယ်များအားလုံး၏ တာဝန်ဖြစ်သည်။ ဤတာဝန်ကို နိုင်ငံသူ၊ နိုင်ငံသားအားလုံးက ဝိုင်းဝန်းထမ်းရွက်ယူကြရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်ထာင်စု တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်၏ လုံခြုံရေးအတွက် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအားလုံးတွင် တာဝန်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။
လက်တွေ့ွတွင် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းနိုင်ခြင်းကြောင့် ပြည်ထောင်စု၏ ကာကွယ်ရေးနှင့် လုံခြုံရေးမှာ ပို၍ပင် အားကောင်းလာမည်ဟု ယူဆနိုင်စရာအကြောင်း ရှိပါသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာတာဝန်များကို စုပေါင်းတာဝန်ယူစေခြင်းဖြင့် ရရှိနိုင်သော အကျိုးရလဒ်တခု ဖြစ်သည်။ ယခုလက်ရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည်လည်း အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု၏ ကာကွယ်ရေးတာဝန်ကိုယူနိုင်ရန် ပြင်ဆင်ထားရမည် ဖြစ် သည်။ ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်ရန် သဘောတူညီမှုကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ရယူရန် ကြိုးပမ်းနေစဉ် ကာလ၌ပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်များ၏ အခန်းကဏ္ဍကိုပါ ကြိုတင်စဉ်းစားညှိနှိုင်းထားရန် လိုအပ်ပါ သည်။
ဖက်ဒရယ်ပြည်ထောင်စု၏ ကာကွယ်ရေးတာဝန်ကို သမားရိုးကျအတိုင်း လက်ရှိမြန်မာ့တပ်မတော်တခုတည်းကသာလျှင် ထမ်း ရွက်ပိုင်ခွင့်ရှိသည်ဟု မယူဆသင့်ပေ။ ပြည်ထောင်စုကို ပြည်ပရန်မှကာကွယ်ရန်အတွက် တပ်မတော်တစ်ခုတည်း ရှိရမည်ဆို သည်ကို အငြင်းပွားဖွယ်ရာ အကြောင်းမရှိသော်လည်း ၎င်းတစ်ခုတည်းသောတပ်မတော်ကို မည်သို့သောပုံသဏ္ဍာန်ဖြင့် ဖွဲ့စည်း ရမည်ကိုဆုံးဖြတ်ရာတွင် ပြည်ထောင်စုအဖွဲ့ဝင် တိုင်းရင်းသားအားလုံး ပါဝင်နိုင်ရန် အလွန်ပင် အရေးကြီးသည်။
သို့မှသာလျှင် ပြည်ထောင်စု၏လုံခြုံရေးအတွက် ပြည်ထောင်စုတပ်မတော်ဟူ၍ လက်ခံနိုင်ကြမည်ဖြစ်သည်။ နိုင်ငံတော်ကာ ကွယ်ရေး၏တာဝန်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်များကိုလည်း တစ်ခန်းတစ်ကဏ္ဍယူစေခြင်းဖြင့် နိုင်ငံ၏အချုပ်အခြာ အာဏာ တည်တံ့ရေးအတွက်ကိုပါ တန်းတူ ပါဝင်ဆောင်ရွက်စေနိုင်မည် ဖြစ်သည်။
ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီးတစ်ခု တည်ထောင်ရန် အမှန်တကယ် ဆန္ဒရှိသည်ဆိုပါက တပ်မတော်ဖက်မှလည်း နိုင်ငံရေးအင်စတီကျူးရှင်းများ၏ ပြောင်းလဲမှုနှင့် လိုက်လျောညီထွေသော အပြောင်းအလဲများကို ပြုလုပ်ရန် လိုပါသည်။ တစ်နည်းအားဖြင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနှင့် အင်အားတောင့်တင်းသော ပြည်ထောင်စု တပ်မတော်ကြီးတစ်ရပ် တည်ထောင်နိုင်ရန် ယနေ့ မြန်မာ့တပ်မတော်၏ ဆန္ဒနှင့် သဘောထားကြီးမှုအပေါ် များစွာ မူတည်နေသည်။ ယခုလက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည့်အခါ၌ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး (Security Sector Reform) နှင့် နှစ်ဖက်တပ်များ လျှော့ချဖျက်သိမ်းရေး အပါအဝင် တပ်များအား ပြောင်းလဲဖွဲ့စည်းခြင်းနှင့် ပြန်လည်နေ ရာချထားရေး (Demobilization Disarmament and Reintegration) ကိစ္စရပ်များကို ဆွေးနွေးရာတွင်လည်း ဤအချက်များ ပေါ်တွင် အခြေခံရန် အလွန် အရေးကြီးပေသည်။
နိဂုံး
ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေးကို ဦးတည်၍ နိုင်ငံရေးအပြောင်းအလဲများအတွက် ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်နိုင်ရန်မှာ လက်ရှိမြန်မာ့တပ်မတော်၏ အမြင်နှင့်သဘောထားများအပေါ်တွင် များစွာ မူတည်နေသည်။ အထူးသဖြင့် တိုင်းရင်းသားပြည်နယ်အတော်များများတွင် တပ်မတော်တပ်စခန်းများ အခိုင်အမာ တည်ဆောက်ကာ မြန်မာ့တပ်မတော်သာ လျှင် တိုင်းပြည်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်၍ ကာကွယ်ပိုင်ခွင့်ရှိသည် ဆိုသည့်အတွေးအခေါ်သည် အကြီးမားဆုံး စိန် ခေါ်မှု ဖြစ်နေသည်။ နိုင်ငံရေးအင်စတီကျူးရှင်းများ မည်သို့ပင် ပြောင်းလဲနေစေကာမူ တပ်မတော်အနေဖြင့် ပြုပြင်ပြောင်းလဲရန် မလိုအပ်ဟု တရားသေ ယူဆနေပါကလည်း နိုင်ငံ၏အနာဂတ်နှင့် ရှေ့ဆက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် အဟန့်အ တားနှင့် စိန်ခေါ်မှုများ ပိုမိုရှိလာနိုင်သည်။
လက်ရှိ ဆောင်ရွက်လျှက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းများတွင်လည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုပင် ဦးတိုက် ဆွေးနွေးသွားကြရမည်ဖြစ်ရာ ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဍာန်နှင့် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များ အပါအဝင် နိုင်ငံတော်ကာကွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် အခန်းကဏ္ဍများအားလုံးကို ဆွေးနွေးသည့် အခါတွင် ဖယ်ဒရယ်စနစ်အပေါ် ဘုံနားလည်မှု မူဘောင်တစ်ခုအတွင်း ဆွေးနွေးညှိနှိုင်းကာ သဘောတူညီမှု တစုံတရာ ရရှိနိုင်ပါ က တိုင်းပြည်၏ အနာဂတ်နိုင်ငံရေးခရီးအတွက် မျှော်လင့်ချက်ကောင်းများ ပို၍ ရရှိလာနိုင်မည်ဟု ယုံကြည်ပါသည်။
*စောကပီသည် Salween Institute for Public Policy (www.salweeninstitute.org) ကို ၂၀၁၂ခုနှစ်တွင် စတင် တည် ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းအဖွဲ့၏ ဒါရိုက်တာလည်း ဖြစ်သည်။