ဧပြီ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။ စောသိန်းမြင့်
ကရင်လူငယ်များအနေဖြင့် ကရင်အမျိုးသား တော်လှန်ရေးသမိုင်းနှင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်ကို နားလည် သဘောပေါက်ပြီး ပိုမိုစိတ်ပါဝင်စားလာစေရန် ကရင်လူငယ်အစည်းအရုံး-KYOမှ ဦးဆောင်ကာ ဧပြီ ၂၄ ရက် မှ မေ ၂၈ ရက်နေ့အထိ ကြာမြင့်မည့် နွေရာသီ ကရင်လူငယ်သင်တန်းတစ်ခုကို ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး၏ တပ်မဟာ ၇ နယ်မြေ၊ သေဘေထစခန်းတွင် ယနေ့ စတင်ဖွင့်လှစ်လိုက်သည်။
အဆိုပါ နွေရာသီ ကရင်လူငယ်သင်တန်းကို ပြည်တွင်းရှိ အနယ်နယ်အရပ်ရပ်မှ ကရင်လူငယ်များ နှင့် နယ်စပ်ဒေသရှိ ကရင်လူငယ်များ စုစုပေါင်း ၇၅ ဦးတက်ရောက်ပြီး ယင်းနွေရာသီ သင်တန်းစီစဉ် ပြုလုပ်ရ သည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ KYO ဥက္ကဌဖြစ်သူ စောလယ်နယ်က ကေအိုင်စီသို့ ယခုလို ပြောသည်။
သူက “ နိုင်ငံရေးကို နားလည်လာအောင်ရယ်၊ ကေအဲန်ယူ ရပ်တည်ချက်၊ အခုသွားနေတဲ့ လမ်း ကြောင်းပဲဖြစ်ဖြစ်၊ ကရင့်သမိုင်းကြောင်းပဲဖြစ်ဖြစ် လူငယ်တွေ သိရှိနားလည်လာဖို့ရယ်၊ ပြီးတော့ ရှေ့ဆက် လူငယ်တွေ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် လူငယ်တွေ အချင်းချင်း ရင်းနှီးပြီးတော့ အတွေ့အကြုံ၊ အမြင်တွေကို ဖလှယ်နိုင်အောင် အတွက်ဖြစ်ပါတယ်။” ဟု ပြောသည်။
၎င်းအပြင် ယခု သင်တန်းမှ ရရှိသည့် အသိပညာ၊ အတတ်ပညာ အတွေ့အကြုံများကို ဆိုင်ရာ နေရပ်ဒေသရှိ နိုင်ငံရေးကို စိတ်ပါဝင်စားသည့် လူငယ်နှင့် လူမှုအသိုင်းအဝိုင်းများကို ပြန်လည်ဝေမျှသွားနိုင်ရန် မျှော်လင့် ထားသလို ကရင်အမျိုးသားများ၏ ရှေ့ရေးအတွက် အားကောင်းသည့် ပူးပေါင်းလုပ်ဆောင်မှုများရှိလာမည်ဟု ယုံကြည်ကြောင်း စောလယ်နယ်က ဆက်ပြောသည်။
တလကျော်ကြာ ပြုလုပ်သွားမည့် ၎င်းသင်တန်းတွင် ကရင့်သမိုင်း၊ ကရင့်တော်လှန်ရေး၊ ကေအဲန်ယူ ၏ ဖွဲ့ စည်းပုံ၊ အခြေခံ နိုင်ငံရေး၊ ဖက်ဒရယ်ဝါဒ ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အခြေခံ သတင်းမီဒီယာ၊ စီမံအုပ်ချုပ်မှုနှင့် အခြေခံ စစ်သင်တန်းများကို သင်ကြားပို့ချပေးမှုအပြင် ညဘက်တွင် လူငယ်စကားဝိုင်းအစီအစဉ်များကိုလည်း ထည့်သွင်းပြုလုပ်သွားမည်ဟု ဦးဆောင်သူများက ပြောသည်။
ပဲခူးတိုင်းဒေသကြီးမှလာသည့် သင်တန်းသူ နော်အေးချမ်းမိုးက“ လူငယ်ကွန်ရက်ကနေချိတ်ပြီး လာတာပါ။ ဒီသင်တန်းကနေ ကရင့်သမိုင်းကြောင်း သိမယ်။ ကရင့်တော်လှန်ရေးအကြောင်း သိရမယ်။ နိုင်ငံရေးအ ကြောင်းသိမယ်။ ဒါတွေကို မျှော်လင့်ထားတယ်။ ဒီသင်တန်းပြီးရင် နယ်က လူငယ်တွေကို ပြန်ပြီး မျှဝေသွားဖို့ စိတ်ကူးထားပါတယ်။ ဒီသင်တန်းမှာ အတူတူနေရတယ်ဆိုတော့ သမီးအနေနဲ့ စည်းလုံးမှုကို ခံစားရတယ်။” ဟု ပြောသည်။
KYO အဖွဲ့မှ ဦးဆောင်ပြီး ယခုလို နွေရာသီ ကရင်လူငယ် သင်တန်းမျိုးကို လွန်ခဲ့သည့်၂၀၀၉ ခုနှစ်တွင် ပထမ ဆုံးအကြိမ် ဖွင့်လှစ်ခဲ့ပြီးနောက် ကေအဲန်ယူ နယ်မြေအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် လေးနှစ်အထိ ရပ်ဆိုင်းထားရာမှ ၂၀၁၃ခုနှစ်တွင် ဒုတိယအကြိမ် ပြုလည်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် တတိယ အကြိမ်မြောက်ဖြစ်သည်။
ကရင်လူငယ်အစည်းအရုံး-KYOကို မန်းဘခိုင်၊ မန်းဝင်းမောင်၊ မန်းကျော်စိန်တို့ ဦးဆောင်ကာ ၁၉၄၆ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ သို့သော် လူငယ်ခေါင်းဆောင်များအကြား အကွဲအပြဲဖြစ်ပြီး နောက် KYO၏ လှုပ်ရှား မှုမှာ ရပ်တန့်သွားခဲ့သည်။ ထို့နောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကို အထောက်အကူပြုရန်၊ ကရင်မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များကို မွေးထုတ်ရန်နှင့် ကရင်လူငယ်များ ပညာသင်ကြားပေးနိုင်ရန် ရည်ရွယ်ပြီး ၁၉၈၉ ခုနှစ်တွင် ကေအဲန်ယူ ဌာနချုပ်ဟောင်း မာနယ်ပလော၌ KYO ကို ဒုတိယအကြိမ် ပြန် လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
တစ်ဆက်တည်းတွင် KYO နှင့် နယ်စပ်ဒေသရှိ ကောလိပ်ကျောင်းသားများဦးဆောင်ပြီး ‘ကျေးလက်နေ ကရင်လူငယ်များ ပြန်လည်ထူထောင်ရေး’ ခေါင်းစဉ်ဖြင့် ဧပြီလဆန်းမှစ၍ မေလဆန်းအထိ ကြာမြင့်မည့် ကျေးလက်နေလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းတစ်ခုကို ကေအဲန်ယူ နယ်မြေ ဖားအံ၊ ညောင်လေးပင်နှင့် တောင်ငူခရိုင်တို့တွင် ပြုလုပ်ပေးလျှက်ရှိသည်ဟု သိရသည်။