မတ်လ ၃ဝ ရက်၊ ၂၀၁၇ ခုနှစ်။ စောခါးစူးညား
မွန်ပြည်နယ် သထုံမြို့နယ်ရှိ မင်းလွင်တောင် ကာကွယ်ထိန်းသိမ်းရန် ဖွဲ့စည်းထားသည့် မင်းလွင်ဒေသ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီကို ကော်မတီဝင် ၄ဝ ဦးဖြင့် ယခု မတ်လ ၂၅ ရက်နေ့၌ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည်ဟု ယင်းကော်မတီ၏ ဒု-ဥက္ကဌ (၁) ဖြစ်လာသူ နော်သန်းစိန်က ပြောဆိုသည်။
အဆိုပါ ကော်မတီကို ဥက္ကဌ စောစံတင်၊ ဒု-ဥက္ကဌ(၁) နော်သန်းစိန်၊ ဒု-ဥက္ကဌ(၂) စောပန်းစိန်၊ အတွင်းရေးမှူး နော်ကပေါ်စေး၊ အတွင်းရေးမှူး(၁) စောရွှေခိုင်၊ အတွင်းရေးမှူး(၂) စောမြဒင်၊ ဘဏ္ဍာရေးမှူး နော်သန္တာအေး နှင့် ကော်မတီ အဖွဲ့ဝင် စသည်တို့ ၄ဝ ဦး ပါဝင်ကာ မင်းလွင်တောင်ဒေသရှိ ထီးညာလူရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
“မင်းလွင်တောင်မှာ လုပ်နေတဲ့ လုပ်ငန်းက ရပ်ဆိုင်းထားတယ် ဆိုပေမယ့် ဆက်လက်စောင့်ကြည့်သွားဖို့ လိုအပ်တဲ့အတွက် ကော်မတီကို ကျမတို့ ပြန်လည်ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ကော်မတီကိုလည်း လူဦးရေ တိုးမြှင့်ဖွဲ့ထားပါတယ်။ ဒါကလည်း ကျမတို့ အလုပ်လုပ်တဲ့အခါ ပိုမို အားကောင်းအောင် ဖြစ်ပါတယ်”ဟု ကော်မတီ ဒု-ဥက္ကဌ(၁) နော်သန်းစိန်က ကေအိုင်စီသို့ ပြောသည်။
မင်းလွင်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီတွင် ဝမ်းဘဲအင်းရွာ၊ မင်းလွင်ရွာ၊ ကျောင်းရွာ၊ ပန်းသာ၊ အင်းရွာ၊ အလယ်ရွာ၊ ပိန္နဲတောအောက်ရွာနှင့် ပိန္နဲတော အထက်၊ ပုရစ်ခို၊ ထီးမော၊ ပအိုဝ်းစု၊ မတ်ချ၊ ဆီဆုံနှင့် အင်တော စသည့် ကျေးရွာတို့ကို ကိုယ်စားပြုလည်ပြီး ကော်မတီဖွဲ့စည်းပွဲတွင် ဒေသခံ ၇ဝ ကျော် တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ယခု ပြန်လည်ဖွဲ့စည်းသည့် ကော်မတီသည် မင်းလွင်တောင်၌ ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ လုပ်ဆောင်ခဲ့သည့် ကျောက်ထုတ်လုပ်ငန်းကို ဒေသခံများဘက်မှ ရပ်တည်ကာကွယ်ခဲ့ကာ လုပ်ငန်းရပ်ဆိုင်းရခြင်းအထိ အဓိက စွမ်းဆောင်ပေးခဲ့သည့် ကော်မတီဖြစ်သည်။
ကော်မတီ ပြန်လည်ဖွဲ့စည်းသည့်အပေါ် ဒေသခံတစ်ဦးဖြစ်သူ နော်တဘောနောက “ကော်မတီကို ပြန်လည်ဖွဲ့စည်းရာမှာ အရင်မပါတဲ့ ပိန္နဲတောရွာက လူတွေနဲ့ အခြားအနီးအနားက ရွာတွေက လူတွေလည်း ပါတယ်တဲ့အတွက် ပိုပြီး အားကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ ဒေသခံအနေနဲ့ ကျမတို့လည်း မင်းလွင်တောင်ကို ထိခိုက်စေမယ့် အကြောင်းပေါ်လာရင် ကာကွယ်ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
မင်းလွင်တောင်ကို ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဓာတ်သတ္တု စမ်းသပ်တိုင်းတာရေးနှင့် ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် စီမံကိန်းကို ၂၀၁၆ ခုနှစ်၊ မေလအတွင်းက ရပ်ဆိုင်းထားပြီဖြစ်သော်လည်း ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူအချို့၊ ကုမ္ပဏီ တာဝန်ရှိသူအချို့နှင့် မင်းလွင်ဒေသခံတို့သည် ဧပြီလအတွင်းတွင် တွေ့ဆုံရန် ရှိသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
မင်းလွင်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီကို ၂၀၁၆ ခုနှစ်၊ ဧပြီ ၁၁ ရက်နေ့၌ မွန်ပြည်နယ်၊ သထုံမြို့၌ ဖွဲ့စည်းခဲ့ပြီး ထိုအချိန်က ဥက္ကဋ္ဌအဖြစ် စောစံတင်၊ ဒု-ဥက္ကဋ္ဌ နော်သန်းစိန်၊ အတွင်းရေးမှူး နော်ကပေါ်စေး၊ တွဲဘက်အတွင်းရေးမှူး စောဖားတာ အပါအဝင် အဖွဲ့ဝင် ၂ဝ ကျော် ရှိခဲ့သည်။