စမနိုက်ဖေါင်(ဘားအံ)
“ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးမှာရပ်ပြီးတော့ မြန်မာဘက်ကို လှမ်းကြည့်ပြီး ပျက်စီးသွားခဲ့တဲ့ ကျနော့် ရွာဟောင်း နေရာကို တနှစ်တကြိမ် အမြဲတမ်းပဲ ပြန်လာချောင်းကြည့်ခဲ့ရတယ်”
အခုလိုမျိုး ပြောလိုက်တဲ့သူက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်မှာ ပြန်လည်နေထိုင်တဲ့ စစ်ဘေးရှောင်ဒုက္ခ သည်တစ်ဦးဖြစ်ခဲ့တဲ့ အသက် ၇၀ကျော်အရွယ်ရှိ စောချစ်ဝင်းပဲ ဖြစ်ပါတယ်။
သူ့ရဲ့ အရပ်အမောင်းမှာ ၅ပေကျော်လောက်မြင့်ပြီး ကို်ယ်ခန္ဓာကတော့ ပိန်ပိန်ပါးပါးနဲ့ပါ။ သူ့ရဲ့မျက်နှာက အမြဲတမ်း ပြုံးနေတတ် ပြီးတော့ စကားပြောတဲ့အခါမှာလည်း ပြုံးပြီးပြောနေတတ်သူဖြစ်တယ်။ မျက်နှာပုံက လေးထောက်ပုံစံ ကရင်တိုင်းရင်းသားမှန်း သူ့မျက်နှာက သက်သေထူနေပြီးသားဆိုရပါမယ်။ ဟောင်းနွမ်းနေတဲ့ အနီရောင် ကရင်ပုဆိုးလေးနဲ့ ဝတ်ဆင်လာခဲ့တဲ့အကျင်္ီက ရှပ်အကင်္ျီအဖြူဆိုပေမယ့်လည်း အဝါရောင်သန်းနေတဲ့ အဖြူဝါဖျော့ဖျော့အရောင်လေးပါ။ မျက်ဝန်းလေးကတော့ လေးနက်တည် ကြည်ပြီး တစ်စုံတစ်ခုကို ယုံကြည်မှုအပြည့်ရှိကြောင်း ဖော်ပြနေသလိုလို ရှိတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀လောက်က ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ဖလူးရွာမှာ စောချစ်ဝင်းက သူ့ရဲ့မိသားစုနဲ့အ တူ ပျော်ရွှင်အေးချမ်းစွာ နေထိုင်ခဲ့တာပါ။ အဲဒီလို အေးချမ်းပျော်ရွှင်စွာ နေထိုင်လာပြီးမှ မမျှော်လင့်ဘဲ သူတို့နေထိုင်လာခဲ့တဲ့ဒေ သမှာ ကံဆိုးမိုးမှောင် ကျရောက်လာခဲ့ပါတယ်။
အကြောင်းကတော့ ၁၉၉ဝခုနှစ်နောက်ပိုင်း ကရင်ပြည်နယ်မှာ KNU-ကရင်အမျိုးသားအစည်းအရုံးနဲ့ အစိုးရတပ်မတော်တို့အ ကြား ဖလူးရွာမှာ တိုက်ပွဲများဖြစ်ပွားခဲ့ကြရာက စောချစ်ဝင်း မိသားစုတို့ အပါအဝင် ရွာသူရွာသားတွေအားလုံး သောင်ရင်းမြစ်ကို ဖြတ်ပြီး တဖက်ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးက လွတ်မြောက်ဖို့အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ထိုင်းနိုင်ငံဒုက္ခသည် စခန်းမှာ နှစ်ပေါင်း ၂ဝကျော်ကြာ နေထိုင်လာခဲ့ရပါတယ်လို့ စောချစ်ဝင်းက အဝေးကိုလှမ်းကြည့်ပြီး လေသံခပ်မှန်မှန်လေး ပြော နေပါတယ်။
“အဲလိုနဲ့ ဒုက္ခသည်စခန်းကို ရောက်သွားကြတယ်”လို့ သူက တည်ကြည်တဲ့အသံနဲ့ ပြောပြနေပါတယ်။
စစ်ပြေးရှောင်ပြီး ဒုက္ခသည်စခန်းရောက်ပြီးတဲ့အချိန်မှာ စောချစ်ဝင်းတို့မိသားစု စုစုပေါင်း ၅ဦးရှိပါတယ်။ သူ့အမျိုးသမီးနဲ့ သား ၂ဦး၊ သမီး ၁ဦးတို့ဖြစ်ပါတယ်။
အဲဒီအချိန်ကစပြီး သူတို့မိသားစုဘဝက စတင် မုန်တိုင်းထန်လာပါတော့တယ်။ ဒုက္ခသည်စခန်မှာ နေထိုင်ရင်း ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ စစ်ဘေးရှောင်ဘဝနဲ့ ရောက်ရှိလာတဲ့အခါ ဘဝရပ်တည်ရေးအတွက်နဲ့ သွားလာရေးတွေ အလွန်ပဲ အခက်ခဲတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ ကိုယ့်နိုင်ငံ ကိုယ့်ရပ်ရွာ ကိုယ့်ဒေသမဟုတ်တဲ့အတွက် နယ်မြေဒေသတွေက သူတို့မိသားစုအနေနဲ့ အလွန်စိမ်းနေပြီးတော့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ နေ့စဉ်နဲ့အမျှ ဆိုသလို ခံစားခဲ့ရတယ်လို့ စောချစ်ဝင်းက ဆိုပါတယ်။
ရွာမှာ ကျန်ရစ်သွားတဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေလည်း မီးလောင်လို့ ဆုံးရှုံးသွားတယ်။ ကျွဲ၊နွားတွေလည်း ပျောက်ဆုံးသွားကြပါ တယ်။
“ကျနော်တို့ မိသားစု အခုလို စုစုစည်းစည်းနဲ့ အသက်ဘေးမှ သီသီလေး ထွက်ပြေးလွတ်မြောက်လာတာကိုပဲ ကျေနပ်လှပါပြီ။ နောက်မှာကျန်သွားတဲ့ ပစ္စည်းတွေ ဘာတခုမှ မယူဆောင်လာနိုင်ခဲ့ဘူးလေ။”လို့ သူက အတိတ်ကို ပြန်ပြောင်းရင်း ဆိုပါတယ်။
ဒုက္ခသည်စခန်းမှာနေရင် မိသားစု ရပ်တည်ရေးအတွက် ဝင်ငွေရရှိစေဖို့ စခန်းအပြင်ကို ခိုးထွက်ပြီး အလုပ်ထွက်လုပ်ခဲ့တယ်။ သူ က အလုပ်ကြမ်း၊ ကြုံရာကျဘမ်း အလုပ်မျိုးစုံကိုပဲ လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က အလုပ်လုပ်တဲ့အခါ အမြဲဆိုသ လို တွေ့ကြုံရင်ဆိုင်ရတဲ့ နောက်ပြဿနာတစ်ခုကတော့ တရားမဝင် အလုပ်လုပ်ခြင်းပါပဲ။ သူက တရားဝင် အလုပ်သမားကဒ် မရှိတဲ့အတွက်ကြောင့် ထိုင်းရဲတွေက ဖမ်းဆီးမှုတွေကို မကြာခဏဆိုသလို ခံခဲ့ရပါတယ်။ အချုပ်ခန်း မရောက်ဖို့အတွက် ထိုင်းရဲ တွေကို စုထားတဲ့ တစ်လစာလုပ်အားခတွေကို အကြိမ်ကြိမ် ငွေပေးဆောင်ခဲ့ရသေးတယ်လို့လည်း စောချစ်ဝင်းက ဆိုပါတယ်။
“အလုပ်တွေက အစုံပဲ လုပ်ခဲ့ရပါတယ်။ ပြောင်းစိုက်ခင်းတွေမှာ နေ့စားအနေနဲ့ ပြောင်းဖူးသွားချိုးတယ်။ ပန်းရံအလုပ်ကြမ်းသမား လည်း လုပ်ဘူးတယ်။ ကုန်တင်ကုန်ချတွေလည်း လုပ်ဘူးပါတယ်။ ကျနော်တို့လုပ်တဲ့အခါတော့ တနေ့ကို နေ့စားအနေနဲ့ ထိုင်း ငွေ(ဘတ်) ၈ဝ ၊ ၁၀ဝ (မြန်မာငွေ ၃၀၀ဝ နှင့် ၄၀၀ဝ ကျပ်ကြား)ဘတ် ရတယ်”ဟု ရယ်သံပါပါနဲ့ ဆိုပါတယ်။
အဲလိုနေထိုင်လုပ်ကိုင်လာပြီးနောက် နှစ်တွေကြာလာပြီးနောက် စောချစ်ဝင်းရဲ့ သားသမီးတွေလည်း အရွယ်ရောက်လာပြီး နောက် သူတို့အသီးသီးတွေလည်း အလုပ်ထွက်လုပ်နေကြပြီးဖြစ်တယ်။ အရင်ကဆို မိသားစုအတွက် တစ်ဦးလုပ်အားနဲ့ မလုံမ လောက်ဖြစ်နေတဲ့ဒုက္ခက သားသမီးတွေအရွယ်ရောက်လာလို့ အလုပ်ထွက်လုပ်လာနိုင်တဲ့အချိန်ရောက်လာတော့ စောချစ်ဝင်း တို့ မိသားစုအတွက် နည်းနည်းခံသာလာပါတော့တယ်။
အဲဒီလိုမျိုး စစ်ပြေးဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရနောက် ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂ဝကျော်ကြာ နေထိုင်ခဲ့ရပါ တယ်။
မြန်မာနိုင်ငံမှာ ၁၉၄၉ခုနှစ်မှ စတင်ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံနေရာအနှံ့နဲ့ နယ်စပ်ဒေသတွေမှာ လူ့အ သက်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရတယ်။ အဆောက်အဦးတွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း စတာတွေလည်း အိမ်နီးချင်းနိုင်ငံတွေထက် အောက်ဆုံးအဆင့်ကို ထိုးကျသွားခဲ့ပါတယ်။
ပြည်တွင်းစစ်ရဲ့ရရှိလာတဲ့ အကျိုးဆက်တွေကတော့ မျိုးဆက်သစ်တွေဟာ အခြားအိမ်နီးချင်းနိုင်ငံတွေမှာသွားပြီး ကျွန်အဖြစ်နဲ့ သွားရောက် အလုပ်လုပ်ကိုင်နေကြရပါတယ်။ အချို့လူငယ်အမျိုးသမီးတွေဆိုရင် ဘဝပျက်စီးသွားရရှာတယ်။ အချို့တွေဆိုရင် လည်း စာရိတ္တတွေ ပျက်စီး၊ လူမှုရေးတွေ ဖောက်ပြန်မှုတွေလည်း ဖြစ်ပေါ်လာတယ်။ အချို့ဆို ကူးစက်ရောဂါအမျိုးမျိုးတွေကို ရရှိလာပြီးတော့ မလှမပနဲ့ဘဲ ဘဝကို နိဂုံးချုပ်သွားကြတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါပဲ။
ဒါတွေမက ပြည်တွင်းစစ်ကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ ဒုက္ခသည်စခန်းတွေလည်း ဖြစ်ပေါ်လာပါတယ်။ ထိုင်းနယ်စပ်မှာ အခြေစိုက်တဲ့ ကရင်ဒုက္ခသည်ကော်မတီ(KRC)ရဲ့ မှတ်တမ်းအရ စစ်ဘေးရှောင်ဒုက္ခသည်တွေ အရေအတွက်ကတော့ ၂၀၁၆ခု နှစ်၊ ဒီဇင်ဘာလအထိ ကရင်ဒုက္ခသည်စခန်း (၇)ခုမှာ နောက်ဆုံးလူဦးရေက ၉၃,၉၅၅ဦးခန့် ကျန်ရှိနေသေးပါတယ်။ ဒါက ကရင်ပြည်နယ်တစ်ခုတည်းပဲ ရှိပါသေးတယ်။ အခြားတိုင်းရင်းသားဒေသတွေလည်း အမြောက်အများ ကျန်ရှိနေပါသေးတယ်။
နောက်ပိုင်းမှာတော့ စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရေးဆွဲခဲ့ပါတယ်။ ၂၀၁ဝခုနှစ်မှာ ပါတီတွေဖွဲ့စည်း စေပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနိုင်ရရှိပြီးတော့မှ အစိုးရအဖွဲ့ကို ဦးဆောင်လာခဲ့ပါတယ်။ ၂၀၁၁ခုနှစ်၊ မတ်လမှာ ပြည်ခိုင်ဖြိုးအစိုးရက ဦးသိန်းစိန်ကို သမ္မတ အဖြစ်နဲ့ ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။
၂၀၁ဝ ရွေးကောက်ပွဲပြီးနောက် တက်လာတဲ့ ဦးသိန်းစိန်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ငြိမ်း ချမ်းရေးကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် ၂၀၁၁ခုနှစ်၊ ဩဂုတ်လ ၁၈ရက်နေ့မှာ ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီး တွေ့ဆုံဆွေးနွေးမှု တွေ လုပ်ဆောင်လာခဲ့ကြတယ်။
KNU ကလည်း သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ စတင်ဆွေးနွေးခဲ့ကြပြီးနောက် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့မှာတော့ အပစ်အ ခတ်ရပ်စဲရေး ပြည်နယ်အဆင့် ပဏာမ သဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အဆင့်ဆင့် ဆွေး နွေးညှိနှိုင်းလာကြပြီးတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကိုတော့ အခြားတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့အတူ KNU ကလည်း ၂၀၁၅ခုနှစ်၊ အောက်တိုဘာလမှာ အစိုးရနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒီနောက်မှာ ဒေသခံတွေဟာ ရာစုနှစ်နီးပါး စစ်မြေပြင်ဖြစ်ခဲ့တဲ့ မိမိတိုု့ မူလနေထိုင်ရာ ဒေသတွေဆီ ပြန်လည် အခြေချနိုင်ဖို့အ တွက် အာဏာပိုင်တွေက စတင်ပြင်ဆင်နေကြဆဲပါ။ ကိုုယ့်မူလနေရာကို ပြန်လည်အခြေချခြင်းနဲ့အတူ ပြန်လည်ထူထောင်ရေး လုုပ်ငန်းတွေလည်း နှစ်ဖက် အဖွဲ့အစည်းတွေအကြား ဆွေးနွေးညှိနှိုင်းပြီး စတင် လုပ်ဆောင်လာခဲ့ကြပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင် လေးကေ့ကော်မြို့သစ် စီမံကိန်းက စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် နေရာပြန်လည်ချထားဖို့ အစိုးရနှင့် KNU-ကရင်အမျိုးသားအစည်းအရုံးတို့ ပူးပေါင်းပြီး ၂၀၁၄မှာ စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၅ခုနှစ်၊ မတ်လ မှာ အဆောက်အဦးတွေကို စတင် ဆောက်လုပ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုး၊ အုန်းဖျန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်အိမ်ထောင်စု (၁၉)စုက ၂ဝ၁၆ခု နှစ်မှာ လေးကေ့ကော်မြို့သစ်ဆိုတဲ့နေရာကို ပထမဆုံးအကြိမ်အနေနဲ့ ပြန်လည်ရွှေ့ပြောင်း အခြေချနေထိုင်စေခဲ့တယ်။ အဲဒီပြန် လည်တဲ့အထဲမှာ စောချစ်ဝင်းတို့မိသားစုလည်း အပါအဝင် ဖြစ်ပါတယ်။
လေးကေကော်မြို့သစ်စီမံကိန်းဟာ မြေဧကပေါင်း ၁,၈၀ဝ လျာထားပြီး ၇၅၅ ဧကတို့ကို အရစ်ကျ အကောင်အထည်ဖော်သွား မှာဖြစ်ပြီး တန်ဖိုးနည်းအိမ်အလုံး ၁၅၀ဝ ဆောက်လုပ်ဖို့ လျာထားပါတယ်။ အဲဒီမြို့သစ်ဟာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ထီးမယ်ဝါးခီးကျေးရွာအနီးမှာ တည်ဆောက်ပေးထားပါတယ်။ ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဒုက္ခသည်များနဲ့ KNU က တပ်မိ သားစုတွေ စုပေါင်းပြန်လည်နေထိုင်သူ ၃၂၀ဝဦးရှိပြီဖြစ်ပြီး တန်ဖိုးနည်း အိမ်အလုံး ၆၅ဝလုံးကို တည်ဆောက်ပြီးဖြစ်တယ်။
စီမံကိန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ KNU တပ်မိသားစုနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ပြန်လည်နေရာချထား ရေးအတွက်ဖြစ်တယ်လို့ ပြန်လည်နေရာချထားရေးကော်မတီ အတွင်းရေးဖြစ်သူ စောဌေးမြင့်အောင်က ပြောပါတယ်။
အခုလက်ရှိ လေးကေ့ကော်မြို့သစ်မှာ နေရပ်ပြန်လည်နေထိုင်လာကြတဲ့ ဒုက္ခသည်ပြည်သူတွေအတွက် နေရာနဲ့ အဆောက်အ ဦးတွေကိုသာ အရင် ဦးစားပေးလုပ်ပေးထားတာ စာသင်ကျောင်းနဲ့ ဆေးခန်းတွေလည်း အပါအဝင် ဖြစ်ပါတယ်။
ဒါ့အပြင် အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့အတွက် လျှပ်စစ်မီးတွေလည်း သွယ်တန်းနေဆဲပါ။
ပြန်လည်နေထိုင်လာတဲ့ ဒုက္ခသည်များကတော့ အဲဒီလေးကေ့ကော်မြို့သစ်မှာနေပြီး အလုပ်အကိုင်အခွင့်အလမ်းကို မျှော်လင့် နေကြတာ တွေ့ရပါ။ အစိုးရက အခုလို နေရာပြန်လည်ချထားပေးပြီးတော့မှ အလုပ်အကိုင်၊ အခွင့်အလမ်း ဖန်တီးမပေးနိုင်ဘူးဆို တာ သူ့အနေနဲ့ အစိုးရကို နားမလည်နိုင်အောင်လောက်အောင် ဖြစ်ရပါတယ်။ ဘယ်လိုပဲဖြစ်စေ အခုလို မိမိတို့နေရပ်ဒေသတွေ ကို ပြန်လည်နေထိုင်ခွင့်ရရှိတဲ့အတွက် သူတို့အနေနဲ့ စိတ်ကျေနပ်မှုတစုံတရာတော့ ရရှိပါတယ်လို့လည်း စောချစ်ဝင်းက ဆိုပါ တယ်။
“ဒီမှာ ပြန်လည်နေထိုင်တော့ အခက်အခဲရှိတာက အလုပ်အကိုင် မရှိဘူး။ စက်ရုံအလုပ်ရုံတွေရှိ ပိုကောင်းတာပေါ့။ သားသမီး တွေနဲ့အတူ နေလို့ရတယ်ပေါ့နော်။ အခု လောလောဆယ်မှာ သားသမီးတွေက ထိုင်းနိုင်ငံဘက်မှာပဲ အလုပ်လုပ်နေရသေး တယ်။ သူတို့ပို့ပေးလာတဲ့ စရိတ်နဲ့ပဲ စားနေရတယ်။ ဒါပေမယ့် ကိုယ့်ဒေသပြန် နေထိုင်ရတာပဲ ကျေနပ်လှပါပြီး”လို့ စောချစ်ဝင်း က ရယ်မောစွာနဲ့ပဲ ပြောပြနေပါတယ်။
လက်ရှိမှာတော့ ပြန်လည်ထူထောင်ရေး မြို့သစ်လေးကေ့ကော်ဟာ လိုအပ်ချက်တွေ ရှိနေဆဲပါပဲ။
လေးကေ့ကော်ရဲ့အနီးနားဝန်းကျင်မှာ လျှပ်စစ်စွမ်းအင်ရရှိဖို့အတွက် ကရင်ပြည်နယ်အစိုးရအနေနဲ့ လျှပ်စစ်စွမ်းအင်ကို လာမယ့် မတ်လမှာ အပြီးသတ် လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်လို့ ကရင်ပြည်နယ် လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်က ပြော ဆိုသွားပါတယ်။
“မတ်လမှာ ကျနော်တို့ တင်ဒါခေါ်ယူထားပြီး ကုမ္ပဏီနဲ့ကျနော်တို့ လုပ်ဆောင်သွားမယ်။ လျှပ်စစ်မီးရရှိပြီးရင် လေးကေ့ကော်မြို့ သစ်မှာ ပြန်လည်နေထိုင်ကြတဲ့ ပြည်သူတွေအတွက် လူနေမှုအဆင့်အတန်း မြင့်မားလာမယ်။ နောက် စက်မှုလုပ်ငန်း၊ စိုက်ပျိုး ရေးလုပ်ငန်းတွေအတွက်လည်း ဓါတ်အားပေးမှုအစီအစဉ်တွေလည်း လုပ်ဆောင်ပေးပါ့မယ်။ မတ်လအတွင်း ပေးနိုင်ဖို့ ကျနော် ကြိုးစားနေပါတယ်”လို့ ဝန်ကြီးဦးစိုးလှိုင်က ပြောဆိုပါတယ်။
လျှပ်စစ်မီး လုံလောက်အောင်ရရှိမယ်ဆိုရင် အလုပ်ကိုင်ရရှိဖို့ ပြေလည်သွားမယ်လို့တော့ မျှော်လင့်တယ်လို့ ပြန်လည်နေရာချ ထားရေးကော်မတီ အတွင်းရေးမှူး စောဌေးမြင့်အောင်က ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်လောက်မှာ ထိုင်းနိုင်ငံ ဒုက္ခသည်မှာ နေထိုင်ရတုန်းက စောချစ်ဝင်းက ကိုယ့်ဒေသ ရွာဟောင်းလေး ကို သတိရလွမ်းနေတတ်ပါတယ်။ ဒါကြောင့်မို့လို့ သူက သောင်ရင်းမြစ်ကမ်းဘေးကနေ ပြန်လာပြီး မြန်မာပြည်ဘက်ခြမ်းမှာရှိတဲ့ သူ့ရဲ့ရွာဟောင်းလေးနေရာကို မကြာခဏ ပြန်လာချောင်းကြည့်ပြီး မျက်ရည်တွေအခါခါ ကျခဲ့ရဘူးတယ်လို့ ကရင်သံဝဲဝဲ အက် ကွဲသံနဲ့အတူ သူ ရင်ဖွင့်နေပါတော့တယ်။
အဲဒီနေရာက ဘယ်နေရာလဲ ဆိုတာကိုတော့
“အရင်တုန်းက ကျနော့်ရွာကို စွန့်ခွာတုန်းက ရွာကို အမြဲတမ်းပဲ သတိရတယ်။ အဖိုးအဖွား၊ အပါးအမိုးတို့ ခေါင်းချသွားတဲ့ရွာကို သတိမရဘဲ ဘယ်နေနိုင်ပါ့မလဲ။ အမြဲလိုလိုပဲ သောင်ရင်းမြစ်ကမ်းဘေးမှာ (ထိုင်းဘက်)ပြန်လာပြီး ရွာဟောင်းတွေ ပြန်လာ ချောင်းခဲ့တာ အကြိမ်ကြိမ်ပါပဲ။ အဲဒီနေရာက ကျနော့်ရွာဟောင်းလေးကို ကောင်းကောင်းလှမ်းမြင်နေရလို့ပဲ။ အဲဒီရွာက အခု လေးကေ့ကော်မြို့သစ်ပါပဲ”လို့ ဆိုပါတယ်။