Home သတင်း အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှ သ‌ဘောထားများ အဆင့်သုံးဆင့် ‌ကျော်ဖြတ်ရမည်ဖြစ်၍ ခက်ခဲသည်ဟု ‌ကေအဲန်ယူ ‌ပြောဆို

အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှ သ‌ဘောထားများ အဆင့်သုံးဆင့် ‌ကျော်ဖြတ်ရမည်ဖြစ်၍ ခက်ခဲသည်ဟု ‌ကေအဲန်ယူ ‌ပြောဆို

1915

ဇန်နဝါရီ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ‌ဆောင်ရွက်ရာ၌ ရရှိသည့် သ‌ဘောထားမူများကို (၂၁) ပင်လုံ ပြည်‌ထောင်စု ညီလာခံသို့ တင်ရန် အဆင့်သုံးဆင့် ‌ကျော်ဖြတ်ရမည်ဖြစ်၍ အခက်အခဲရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး -‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး ပဒိုမန်းမန်းမန်းက ဇန်နဝါရီ ၂ဝ ရက်‌နေ့က ‌ပြောဆိုသည်။

“‌ဆွေး‌နွေးပွဲက‌နေ ကျ‌နော်တို့ ချမှတ်နိုင်ခဲ့တဲ့ မူ‌တွေဟာ (၂၁)ပင်လုံ ညီလာခံကို ‌ရောက်ဖို့ အဆင့်သုံးဆင့် သွားရမှာ ဖြစ်ပါတယ်။ ပထမအဆင့်က လုပ်ငန်းအဖွဲ့လို့ ‌ခေါ်တဲ့ Working Group Committee ကို ‌ရောက်မယ်။ ပြီးမှ UPDJC ကို ‌ရောက်မယ်။ အဲဒီကမှ (၂၁)ပင်လုံကို ‌ရောက်မယ်။ ဒီသုံးဆင့်ကို ‌ကျော်နိုင်ဖို့က ကျ‌နော်တို့မှာ အခက်အခဲအများကြီး ရှိတယ်လို့ပဲ ‌ပြောရမှာဖြစ်ပါတယ်”ဟု ပဒိုမန်းမန်းမန်းက ဆိုသည်။

အနာဂတ် ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးအတွက် ရည်ရွယ်၍ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ(ကရင်)‌ခေါင်းစဉ်ဖြင့် ကရင်ပြည်နယ် ဖားအံမြို့တွင် ဇန်နဝါရီ ၁၈ ရက်မှ ၂ဝ ရက်‌နေ့အထိ ပြုလုပ်သည့် ‌ဆွေး‌နွေးပွဲ‌နောက်ဆုံးရက်တွင် ပဒိုမန်းမန်းမန်းက သတင်း‌ထောက်များအား ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် ပါဝင်ထိုက်သည့် တိုင်းရင်းသားအဖွဲ့များအားလုံး ပါဝင်ရန် လိုအပ်‌ကြောင်း၊ ‌ဆွေး‌နွေးပွဲမှ ရရှိသည့် သ‌ဘောထားအမြင် မူများကို အစိုးရနှင့် တပ်မ‌တော်တို့ဘက်မှ လိုက်‌လျောမည်ထက် မည်မျှလက်ခံသည်တွင် မူတည်‌ကြောင်းနှင့် အခြားတိုင်းရင်းသားအဖွဲ့များ သ‌ဘောထားမူ များသည် ကရင်အမျိုးသား မူများနှင့် အလွန်ကွဲပြားလိမ့်မည် မဟုတ်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

၂၁ ရာစု(ပင်လုံ) ပြည်‌ထောင်စု ညီလာခံသို့ တင်သွင်းသွားနိုင်ရန် လူမျိုးအလိုက်၊ ‌ဒေသအလိုက်နှင့် အ‌ကြောင်းအရာအလိုက် စသည့် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးများကို အဆင်သင့်ဖြစ်‌သော ‌နေရာ‌ဒေသများတွင် ဆက်လက်ကျင်းပသွားရန် ရှိသည်ဟု သိရသည်။

အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲနှင့်ပတ်သက်၍ ကရင်အမျိုးသားပါတီ(‌ကေအဲန်ပီ) ဒုဥက္ကဌ မန်းထိန်ဝင်းစိန်က “ကျ‌နော်တို့ တိုင်းရင်းသား‌တွေဟာ နှစ်‌ပေါင်း ၆ဝ ‌ကျော် ဖက်ဒရယ်ပြည်‌ထောင်စုဆိုတဲ့ စကားကို ‌ပြောခွင့် မရခဲ့ဘူး။ ဖားအံမှာ လုပ်တဲ့ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာ ရင်ထဲက စကား‌တွေကို တင်ပြခွင့်ရတဲ့အတွက် နိုင်ငံ‌ရော တိုင်းရင်းသားအားလုံးအတွက်ပါ ‌ကောင်းတယ်လို့ပဲ ခံစားရပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာ ချုပ်(NCA) လက်မှတ်မထိုးနိုင်‌သေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများအ‌နေဖြင့် (NCA) လက်မှတ်ထိုးနိုင်‌ရေးနှင့် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် ပါဝင်နိုင်‌ရေးအတွက် ပိုမိုလမ်းဖွင့်‌ပေးထားရန် ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ဇန်နဝါရီ ၁၈ ရက်‌နေ့၊ မိန့်ခွန်းတွင် အစိုးရနှင့် တပ်မ‌တော်တို့အား ‌တောင်းဆိုထားသည်။