“ပဒို နော်စီဖိုးရာစိန်လို အမျိုးသမီး ခေါင်းဆောင်တစ်ဦး ဖြစ်ချင်တယ်”
နိုင်ငံရေးကို စိတ်ပါဝင်စားတဲ့ အမျိုးသမီးလူငယ်တစ်ဦးဖြစ်ကာ လက်ရှိ အမျိုးသား နိုင်ငံရေးနယ်ပယ်မှာ ထင်ရှား ကျော်ကြားတဲ့ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်ကို အားကျပြီး သူလို ကရင် အမျိုးသားခေါင်းဆောင်တစ်ဦး ဖြစ်ချင်တယ်လို့ ဖွင့်ဟပြောဆိုလာသူကတော့ ပဲခူးတိုင်းဒေသကြီး၊ ကရင် လူငယ်ကွန်ရက် အဖွဲ့ဝင် နော်ထားလယ်ဖော်ဦးပဲ ဖြစ်ပါတယ်။
အသက် ၁၇ နှစ်အရွယ် သာရှိသေးတဲ့သူမဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ရက်မှ ၂ဝ ရက်နေ့ထိ ဖားအံမြို့မှာ ကျင်းပတဲ့ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး ကရင်လူငယ်ကွန်ရက် ကိုယ်စားလှယ် အနေနဲ့ ပါဝင်တက်ရောက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
သူမကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ကျီးပင်စုကျေးရွာမှာ ဖခင်စောတင်ဦးနဲ့ မိခင်နော်လားဖောတို ့ရဲ့ တစ်ဦးတည်းသော သမီးအဖြစ်မွေးဖွားလာခဲ့ပြီး မိဘတွေကတော့ ကျောင်းဆရာအလုပ်လုပ်နေတဲ့ သာမန် ဝန်ထမ်းတွေ ဖြစ်တယ်လို့ သူကပြောပြပါတယ်။ သူအနေနဲ့ တက္ကသိုလ်ဝင် စာမေးပွဲကို အထက မိုးညှိမှာပဲ အောင်မြင်ခဲ့ပြီး လက်ရှိ ဥပဒေပညာ ပထမနှစ်ကို တက်ရောက်နေသူ တစ်ဦးဖြစ်ပါတယ်။
သူမဟာ လူမျိုးခြားတွေထဲမှာ ကြီးပြင်းလာတဲ့ ကရင်လူငယ်တစ်ဦးဖြစ်တာနဲ့အညီ ၁ဝ တန်းအောင်မြင်တဲ့အထိ ကရင်စကားမပြောတတ်ခဲ့သလို၊ ကရင့် သမိုင်းတွေကိုလည်း မသိခဲ့ဘူးလို ့ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။ ဒါ့အပြင် ငယ်စဉ်ကျောင်းနေချိန်မှာလည်း အတန်းဖော်သူငယ်ချင်းတွေက သူရဲ့ ကရင်နာမည်ကို စနှောက်တာ ခံရပြီး နာမည်ပြန်ပြောင်းချင်တဲ့အထိ ကလေးဘဝတုန်းက ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
အခုလိုအခြေအနေကနေ နိုင်ငံရေးစိတ်ဝင်စားလာဖြစ်ပုံနဲ ့ပတ်သက်ပြီး သူမက“ ၁ဝ တန်းအထိ ညီမခေါင်း ထဲမှာ ကျောင်းစာပဲရှိတယ်။ ၁ဝ တန်းပြီးတဲ့နှစ်မှာ ညီမ KYN လူငယ် ကွန်ရက်အဖွဲ့ဝင်ဖြစ်လာတော့ လူငယ်အစည်းအဝေး တွေတက်ရတယ်။ လူငယ်သင်တန်းတွေတက်တယ်။ အဲဒီကနေ တစ်ဆင့် ညီမနိုင်ငံရေးကို စစိတ်ဝင်စားလာတယ်။ အခုဆိုရင် ကိုယ့်လူမျိုးအရေးနဲ့ပတ်သက်ပြီး ညီမအရမ်းလုပ်ချင်တယ်။ လုပ်ဖို့လည်း ဆုံးဖြတ် ထားတယ်” လို့ ရှင်းပြပါတယ်။
သူမအနေနဲ ့ အမျိုးသားနိုင်ငံရေး လုပ်ဆောင်ချင်လာတဲ့အပေါ် သူမရဲ့ မိခင်ဖြစ်သူက တစ်ဦးတည်းသော သမီး ဖြစ်တာနဲ့အညီ အားမပေးချင်သလို ဖခင်ဖြစ်သူကတော့ အားပေးကူညီခဲ့တယ်လို့ သူမက အားတက် သရော ပြောပြပါတယ်။ ဒါ့အပြင် ငယ်ငယ်ရွယ်ရွယ်နဲ့ အမျိုးသားအရေး၊ လူငယ်အရေးအတွက် လိုက်ပါ စည်းရုံး လုပ်ဆောင်မှုအပေါ် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့တာကိုခံခဲ့ရဖူးလို့ တချို့က နိုင်ငံရေးလုပ်ရင် ထောင်ကျ တတ်တယ် ဆိုပြီး သူမပတ်ဝန်းကျင်က ရှေးရိုးစွဲ အမြင်ရှိသူတွေနဲ လည်း အမြဲရင်ဆိုင်နေရတယ်လို ့ဆိုပါတယ်။
ဒါ့အပြင် သူမ ပတ်ဝန်းကျင်မှာ ဥပဒေပိုင်းအရ နားလည်မှု အားနည်းတဲ့အတွက် အခွင့်အရေးတစ်ချို့ ဆုံးရှုံးမှု တွေဖြစ်ပေါ်နေတာတွေ့နေရသလို တိုင်းရင်းသားတွေထဲမှာလည်း ထူးချွန်တဲ့ ဥပဒေပညာရှင်တွေ လိုအပ် တာနဲ့ အညီ ဥပဒေဘာသာရပ်ကို တက္ကသိုလ်မှာ ရွေးချယ်တက်ရောက်ခဲ့တာလို ့ဆိုပါတယ်။ တချိန်ချိန်မှာ ဥပဒေပိုင်း ဆိုင်ရာ လိုအပ်နေသူတွေကို တစ်ဖက်တစ်လှမ်းကနေ အကူအညီပေးဖို ့မျှော်မှန်းထားတယ်လို့ ဆက် ပြောပါတယ်။
သူမအနေနဲ ့လူငယ်တွေအတွက်ပြောချင်တဲ့ စကားလက်ဆောင်ကတော့ “အမျိုးသားရေး၊ ကိုယ့်လူမျိုး အရေး ဝါသနာပါရင် လုပ်ချင်ရင် ထဲထဲဝင်ဝင်လုပ်ပါ။ ကြိုးစားလုပ်ပါ။ ကိုယ့်လူမျိုးမျက်နှာမငယ်အောင် ကိုယ့်စကား ကို ပြန်ပြောပါ။ ကိုယ့်စာပေကိုပြန်သင်ယူပါ။ ကရင်စကားတတ်ပြီးသားလူတွေကလည်း ကရင်စကားကို မပြောပဲ မနေနဲ့ တန်ဖိုးထားပါလို့ ညီမလို ကရင်လူငယ်တွေအားလုံး တိုက်တွန်းချင်ပါတယ်” လို့ တိုက်တွန်း ပြောဆိုသွား ပါတယ်။