Home သတင်း ဝါရင့် ကရင်‌တော်လှန်‌ရေးသမားကြီး ပဒိုမန်းရင်စိန်ကွယ်လွန်

ဝါရင့် ကရင်‌တော်လှန်‌ရေးသမားကြီး ပဒိုမန်းရင်စိန်ကွယ်လွန်

1821

ဒီဇင်ဘာ ၈ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကရင့်‌တော်လှန်‌ရေးတွင် နှစ်‌ပေါင်းများစွာပါဝင်လှုပ်ရှားခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး KNU‌ခေါင်း‌ဆောင်‌ဟောင်း တစ်ဦးဖြစ်သူ အသက် ၈၂ နှစ်အရွယ် ပဒိုမန်းရင်စိန်(ပဒိုမန်း)သည် ဒီဇင်ဘာ ၆ရက်‌နေ့၊ ဩစ‌တေးလျားနိုင်ငံ၊ Melbourne မြို၌ ဩစ‌တေးလျား စံ‌တော်ချိန် မနက် ၈နာရီအချိန်တွင် လူကြီး‌ရောဂါဖြင့် ကွယ်လွန်သွား‌ကြောင်း သိရသည်။

ကရင့်‌တော်လှန်‌ရေးသမား‌ဟောင်း တစ်ဦးဖြစ်သူ မန်းရင်စိန်မှာ ‌ကျောင်းပညာသင်ကြား‌နေစဉ် ၁၉၅၈ ခုနှစ် လှိုင်းဘွဲမြို့နယ် ရှိ KNU အဖွဲ့အစည်းအတွင်း စတင်ဝင်‌ရောက်ကာ ကရင်‌တော်လှန်‌ရေးတွင် နှစ်‌ပေါင်း ၄ဝ ‌ကျော်အကြာ ပါဝင်လုပ်‌ဆောင်ခဲ့ သူတစ်ဦးလည်း ဖြစ်သည်။

သူကွယ်လွန်သွားသည့်အ‌ပေါ် လုပ်‌ဖော်ကိုင်ဘက်တစ်ဦးဖြစ်ခဲ့သူ လက်ရှိ KNU ဗဟို‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းက “ပဒိုမန်းရင်စိန်ကို ၁၉၇၅ ခုနှစ် ဖားအံခရိုင်မှာ သူအတွင်း‌ရေးမှူး လုပ်စဉ်က စသိခဲ့တာဖြစ်ပါတယ်။ သူက‌တော့ ရိုးရိုးမှန်မှန် ‌နေတဲ့သူတစ်ဦးဖြစ်တယ်။ သူ့အလုပ် သူ့တာဝန်‌တွေကို ‌ကျေပွန်‌အောင်လုပ်တဲ့သူ တစ်ဦးလည်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒိုမန်းရင်စိန်သည် KNU ဖားအံခရိုင်တွင် အခွန်နှင့်ဘဏ္ဍ‌ရေးဋ္ဌာနတာဝန်ခံ၊ ခရိုင် အလုပ်အမှု‌ဆောင်အဖွဲ့၏ တွဲဖက်အ တွင်း‌ရေးမှူးနှင့်အတွင်း‌ရေးမှူးတာဝန်၊ ဖားအံခရိုင် ဥက္ကဋ္ဌအပြင် KNUဗဟို တရားသူကြီးချုပ် တာဝန်များကို အဆင့်ဆင့်တာ ဝန်ထမ်း‌ဆောင်ခဲ့သူဖြစ်သည်ဟု သိရသည်။

ဖားအံခရိုင်ဥက္ကဋ္ဌ တာဝန်ထမ်း‌ဆောင်စဉ် ၁၉၉၅ ခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၉ရက်‌နေ့တွင် DKBAအဖွဲ့မှ ၎င်း‌နေအိမ်တွင် လာ‌ရောက်ဖမ်းဆီး‌ခေါ်‌ဆောင်သွားရာမှ DKBAအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်‌ပေးခြင်းကို ငြင်းဆန်ခဲ့သဖြင့် မြန်မာတပ်မ ‌တော်လက်သို့ အပ်နှံခြင်းခံရပြီး ပျဉ်းမနား အကျဉ်း‌ထောင်တွင် ၄နှစ်ကြာ ‌ထောင်ကျခဲ့သည်။

‌ထောင်မှ ပြန်လည်လွတ်‌မြောက်လာပြီး‌နောက် ဖားအံမြို့ရှိ ဓမ္မပီယ‌ကျောင်းတိုက်တွင် ရဟန်းဝတ်ဖြင့် ၃နှစ်ကြာ အကျယ်ချုပ်ဖြင့် ‌စောင့်ကြည့်ခံခဲ့ရပြီး‌နောက် လူဝတ်လဲကာ ထွက်‌ပြေးလွတ်‌မြောက်သွားပြီး KNU ဗဟိုဋ္ဌာနချုပ် သို့ပြန်လည်‌ရောက်ရှိလာရာမှ ၁၄ကြိမ်‌မြောက် KNUကွန်ဂရက်တွင် ဗဟိုတရားသူကြီးချုပ် တာဝန် ကိုပြန်လည် အပ်နှင်းခံရသည်ဟု သိရသည်။

KNU ဗဟိုတရားသူကြီးချုပ်အဖြစ် တာဝန်ထမ်း‌ဆောင်စဉ် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်တွင် ဆီးချို‌ရောဂါ ‌ဝေဒနာ ခံစား‌နေရပြီး ကျန်းမာ‌ရေးအ‌ခြေအ‌နေအရ အဖွဲ့အစည်း၏ ခွင့်ပြုချက်အရ ‌ဆေးခွင့်ဖြင့် ဩစ‌တေးလျားနိုင်ငံ၊ Victoria ပြည်နယ်၊ Melbourne မြို့ရှိ သမီးဖြစ်သူနှင့် သွား‌ရောက်‌နေထိုင်စဉ် ကွယ်လွန်သွားခြင်းဖြစ်သည်။

ပဒိုမန်းရင်စိန်သည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ စိန္ဒာ‌ကျေးရွာတွင် အဖ မန်းကိုတယ်၊ အမိ နန်းမူးတီးတို့မှ ၁၉၃၄ ခုနှစ်‌မွေးဖွားခဲ့ခြင်းဖြစ်ပြီး ‌မွေးချင်း‌မောင်နှမ (၄)ဦးအနက် ဒုတိယ‌မြောက်သားဖြစ်သည်ဟု ‌ကေအဲန်ယူထံမှ သိရသည်။

ပဒိုမန်းရင်စိန် ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ‌နော်ကွာ‌ဖော့နှင့် သမီးကြီးတစ်ဦးကျန်ရစ်ခဲ့ပြီး သူ၏ ဈာပနအခမ်းအနားကို လာမည့် ဒီဇင်ဘာ ၁ဝရက်‌နေ့တွင် ဩစ‌တေးလျားနိုင်ငံ၊ Victoria ပြည်နယ်၊ Melbourne ၌ ပြုလုပ်သွားမည်ဟု သိရသည်။