စ’မနိုက်ဖောင် (ဖားအံ)
(၂၉ ဒီဇင်ဘာ၊ ၂၀၁၆)
ပြည်တွင်းစစ်ရဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးနဲ့ ဆင်းရဲချို့တဲ့မှုတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှာရှိတဲ့ ကရင်တိုင်းရင်းသား အနာဂတ် ကလေးငယ်အများစုဟာ ပညာကို ဆက်လက် ဆည်းပူးနိုင်ဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင် ဆိုင်ကြုံတွေ့နေရပါတယ်။
အဲဒီလို ပညာကို ဆာလောင်မွတ်သိပ်နေကြတဲ့ အနာဂတ်ကြယ်ပွင့်လေးတွေအတွက် (အကြင်နာမီးအိမ်ဆို)တဲ့ ပညာရေး ဂေဟာတစ်ခုကို ကရင်ပြည်နယ်ရဲ့မြို့တော် ဖားအံမြို့၊ ထော်မဲပါလို့ခေါ်တဲ့ ရပ်ကွက်ငယ်လေးက လမ်းသွယ်လေးထဲမှာ ပညာရေးတိုးတက်မှုကို လိုလားတဲ့ ကရင်လူငယ်တစ်စုက အိမ်တစ်လုံးကို ငှားရမ်းပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်က ဂေဟာ ကို စတင် တည်ထောင်ခဲ့ပါတယ်။
ဒီအကြင်နာ မီးအိမ်ကျောင်းဂေဟာကို တည်ထောင်ရတဲ့ ရည်ရွယ်ချက် အကြောင်းအရင်းကတော့ ဝေးလံခေါင်သီတဲ့နယ် စပ်ဒေသမှ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်မရရှိကြတဲ့ ကလေးများကို ဆက်လက်ပညာသင်ယူနိုင်ဖို့အတွက် ကိုယ်ထူကိုယ်ထ စနစ်နဲ့တတ်နိုင်တဲ့ဘက်မှ လုပ်ဆောင်ပေးဖို့ဖြစ်ပါတယ်။
ဝေးလံခေါင်ဖျားတဲ့ဒေသမှာ နေထိုင်ပြီး ဆင်းရဲချို့တဲ့ကြတဲ့ ကလေးအများစုဟာ လမ်းခုလပ်မှာ ပညာရေးလမ်း ပြီးဆုံးသွား တတ်ကြတဲ့အတွက် အဲဒီကလေးငယ်တွေ ပညာကို ဆက်လက် ဆည်းပူးနိုင်ဖို့ ဂေဟာကို ဖွင့်လှစ်ပေးရတာလို့ ဒီအကြင်နာ မီးအိမ်ကျောင်းဂေဟာကို စတင်တည်ထောင်သူဖြစ်တဲ့ စောကျော်နိုင်ဦးက ဆိုပါတယ်။
သူက “အဲဒီဒေသက ဆရာမတွေ ပြောပြချက်အရဆိုရင် သူတို့မူလတန်းအောင်မြင်ပြီးကြတဲ့ ကလေးတွေဟာ ကျောင်း ဆက် တက်လိုကြတဲ့ကလေးတွေ ရှိကြတယ်။ အချို့ဆိုရင် စာတွေလည်းတော်ကြတယ်။ ဒါပေမဲ့ မိဘတွေက မထားတော့ဘူး။ အဲလိုနဲ့ ဒီကလေးတွေဟာ လုပ်ငန်းခွင်တွေမှာ ရောက်သွားကြတယ်။ ကျွဲကျောင်း၊ နွားကျောင်းအလုပ်တွေ၊ တနိုင်တပိုင် အလုပ်တွေကို မိဘတွေကို ဝိုင်းကူကြတာပေါ့လေ။”လို့ ပြောပါတယ်။
အဲဒီကျောင်းမှာ လာရောက် ပညာသင်ယူနေကြတဲ့ ကျောင်းသူကျောင်းသားအများစုကတော့ ထိုင်းနယ်စပ်နဲ့ ထိစပ်နေကြတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနသာင်္ရီတိုင်းဒေသကြီးများမှ စစ်ပွဲပဋိပက္ခတွေကြောင့် ကျောင်းမတက်ရတဲ့ ကလေးတွေနဲ့ စီး ပွားရေး အဆင်မပြေမှုတွေကြောင့် ကျောင်းမတက်နိုင်ကြတဲ့ကလေးတွေက များပါတယ်။
အဲဒီကျောင်းသူကျောင်းသား တော်တော်များများမှာ အရင်က သူတို့ဒေသတွေမှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရာအတည်တ ကျ မရှိတဲ့အတွက် ကျောင်းပညာကို ကောင်းကောင်းမွန်မွန် သင်ကြားခွင့်မရရှိခဲ့ကြပါဘူး။ အဲဒီအထဲမှာ မွန်ပြည်နယ် ဘီးလင်း မြို့နယ်၊ ကြိုးဝိုင်းကမ်းနားရွာကနေ ကရင်ကျောင်းသူတစ်ဦးဖြစ်တဲ့ နော်တင်ချိုလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ နော်တင်ချို ပြောတာကတော့ “သမီးတို့ ရွာတွေမှာ စစ်ဖြစ်ပွားခဲ့တာကြောင့် ကျောင်းမနေရလို့ အခုလို ဒီမှာ ကျောင်းလာနေရတာပါ။ ပြီး တော့ စီးပွားရေး အခက်အခဲတွေလည်း ပါတယ်။”လို့ ပြောပါတယ်။
စစ်မက်ဖြစ်ပွားခဲ့တဲ့ဒေသမှ ရောက်လာပြီး အကြင်နာမီးအိမ်လိုကျောင်းမှာ ဘာကြောင့် ကျောင်းလာတက်ရသလဲ ဆိုတာက တော့ အဓိက သူမရဲ့ အိမ်မက်တစ်ခုကို အကောင်အထည်ဖော်ဆောင်ချင်လို့ပါဆိုပြီး နော်တင်ချိုက ပြောပါတယ်။ “ပညာတတ် တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်။ ပြီးတော့ သမီးတို့လို ပညာမသင်နိုင်တဲ့ ကလေးတွေကို ပြန်လည်ပြီး စာသင်ကြားပေးမယ် လို့လည်း ရည်ရွယ်ထားပါတယ်။”လို့ ပြောပါတယ်။
လက်ရှိ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေ အမြန်ချုပ်ငြိမ်းပြီး ပညာရေးကို ကောင်းမွန်စွာ သင်ယူချင်တယ်လို့ လည်း သူမက ပြောပါတယ်။ “ပညာတော့ လွတ်လွတ်လပ်လပ်နဲ့ ပေးသင်စေချင်တာပေါ့နော်။ စစ်တွေလည်း ပြန်မဖြစ်နဲ့တော့။ ငြိမ်းချမ်းရေးတွေလည်း ရဖို့လိုပြီးပေါ့နော်။ ကလေးတွေ တိုးတက်ကောင်းမွန်လာဖို့အတွက် ပညာတွေ ချောချောမွေ့မွေ့နဲ့ ပညာ တွေ သင်ကြားလို့နိုင်အောင်ပါ”လို့ ဆိုပါတယ်။
အကြင်နာမီးအိမ် ပညာရေးဂေဟာမှာ ကျောင်းသူကျောင်းသားတွေကို စေတနာဖြင့် အခမဲ့အနေနဲ့ စာလာသင်ပေးကြတဲ့ ဆရာ ၂ဦးနဲ့ ဆရာမ ၅ ဦးရှိပါတယ်။ အဲဒီအထဲမှာ စေတနာ့ဝန်ထမ်းအနေနဲ့ စာလာသင်ပေးသူ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးငွေသိန်း ကတော့ မပြည့်စုံတဲ့ ကလေးတွေ၊ ဒုက္ခရောက်နေကြတဲ့ကလေးတွေကို စာသင်ပေးနေရတဲ့အတွက် ကျေနပ်တယ်လို့ သူရဲ့ခံစား ချက်ကို အခုလို ပြောပြပါတယ်။
“အများအားဖြင့်တော့ ကျနော်တို့ကလေးတွေက နယ်စွန်နယ်ဖျားတွေများတယ်။ ကရင်ပြည်နယ်မှာဆို ဖာပွန်တို့လိုမျိုး ဒီဘက် မှာဆို မွန်ပြည်နယ်နဲ့အစပ် ဘီးလင်းမြို့နယ်တို့လိုမျိုး၊ ကျိုက်ထိုဘက်တို့ ပြောရမယ်ဆိုရင် သွားလာရတာ အင်မတန် ခက်ခဲတဲ့ နေရာတွေပါ။ စာသင်ကျောင်းတွေ ဆရာဆရာမတွေလည်း မပြည့်စုံတဲ့နေရာတွေဖြစ်တယ်။ သူတို့က မူလတန်းအောင်ပြီး ကျောင်းဆက်တက်ဖို့အတွက် အလယ်တန်းကျောင်းမရှိတဲ့ ဒေသတွေက လာကြတာများပါတယ်။”လို့ ဆရာဦးငွေသိန်းက ပြော ပါတယ်။
ဂေဟာမှာ လာရောက်နေထိုင်ပြီး ပညာသင်ကြားနေကြတဲ့ ကျောင်းသူကျောင်းသားတွေဟာ အသက် ၁ဝနှစ်က ၁၈နှစ်အရွယ် ထိရှိပြီး ပဉ်စမတန်းမှ ဒဿမတန်း လာရောက်ပညာသင်ယူကြပါတယ်။ သူတို့လေးတွေကို အစိုးရစာသင်ကျောင်းဖြစ်တဲ့ ဖားအံ၊ အမှတ်(၂) အထက်တန်းကျောင်းမှာ ပညာသင်ကြားစေပြီး ကျောင်းဆင်းလို့ အဆောင်ကိုပြန်ရောက်တဲ့အချိန် နောက်ပိုင်း စေတ နာ့ဝန်ထမ်းဆရာဆရာမတွေက မိမိတို့သက်ဆိုင်ရာ ကျောင်းစာဘာသာရပ်တွေကို အဆောင်မှာပဲ ထပ်မံ ရှင်းလင်းသင်ကြားပို့ချ ပေးကြတဲ့အပြင် ကျောင်းပိတ်ရက်မှာတော့ ကလေးတွေအတွက် လူမှုဆက်ဆံရေး၊ ပန်းချီပညာ၊ စာပေ၊ အားကစားနဲ့ စကား ရည်လုပြိုင်ပွဲများ စတာတွေကို လေ့ကျင့်သင်ကြားပေးပါတယ်။
အကြင်နာမီးအိမ် စာသင်ကျောင်းဟာ အရင်နှစ်တွေထက် အခုနှစ်က ကျောင်းသူကျောင်းသားဦးရေ တိုးလာကြတဲ့အတွက် ကျောင်းဂေဟာမှာ စာသင်ဆောင်အခက်အခဲအပြင် အခြားအခက်အခဲတွေလည်းရှိတယ်လို့ စေတနာ့ဝန်ထမ်း ဆရာမ နန်းအုံး ကြည်ကလည်း ဆိုပါတယ်။
သူမက “စားရေးသောက်ရေးတွေက အသင့်အတင့်တော့ ဝိုင်းဝန်းကူညီမှုတွေ ရရှိပါတယ်။ ဒါပေမဲ့ ကျန်းမာရေးကိစ္စတွေ ဖြစ်ပေါ် လာခဲ့ရင် ဆေးခန်းတို့ ဘာတို့ သွားရတဲ့အခါမှာ ကျမတို့ လုပ်ပေးဖို့အတွက် အခက်အခဲတွေ ရှိနေတယ်။”လို့ ပြောပါတယ်။
အကြင်နာမီးအိမ် ဂေဟာရပ်တည်နိုင်ဖို့အတွက် လက်ရှိ မြို့ခံအလှူရှင်နဲ့ ရပ်တည်နေကြရပြီး ကျောင်းသူကျောင်းသားများအ တွက် နေ့စဉ် စားရေးသောက်ရေးကိစ္စကိုတော့ ဖားအံဈေးကြီးမှာရှိတဲ့ ရေပေါ်ဈေးလို့ခေါ်တဲ့ဈေးမှာ ဟင်းသီးဟင်းရွက်တွေ ဈေး သူဈေးသားတွေရဲ့ သဒ္ဒါတရားနဲ့ နေ့စဉ်ထည့်ဝင်လှူဒါန်းမှုနဲ့ စားသောက်နေရပါတယ်။ ဆန်၊ ဆီ၊ ဆားတွေကိုတော့ အခြားပရဟိ တအဖွဲ့တွေနဲ့ တသီးပုဂ္ဂလ အလှူရှင်တွေရဲ့ တပိုင်တနိုင် ကူညီမှုများနဲ့ ရပ်တည်နေကြပါတယ်။
တခါတလေတော့လည်း လိုအပ်ချက်တွေရှိနေပေမယ့် အလှူရှင်မရှိတဲ့ အဖြစ်မျိုးလည်း အခက်ခဲတွေကြုံတွေ့ရတတ်ပါတယ်။ အဓိကတော့ နှစ်အလိုက် ပုံမှန်လှူဒါန်းနိုင်မယ့် အလှူရှင်အဖွဲ့ဆိုတာ အတည်တကျ မရှိတဲ့အတွက်လည်း ပါဝင်တယ်။ အဲဒီအပြင် တခါတလေတွေမှာ အဆောင်လခ(အိမ်လခ) မပေးနိုင်တဲ့အခြေအနေမျိုးအထိ အခက်အခဲတွေကြုံရပြီး အိမ်ရှင်တွေရဲ့ နား လည်မှုရှိလို့သာ ဆက်ပြီး လည်ပတ်နိုင်တာပါလို့လည်း ဆရာ၊ ဆရာမတွေက ပြောပါတယ်။
အကြင်နာမီးအိမ် စာသင်ကျောင်းဂေဟာမှာ ယခုနှစ်အတွင်း ကျောင်းသူ၊ ကျောင်းသားဦးရေက အရင်နှစ်တွေထက် များလာသ လို ယခုနှစ်၂၀၁၆ခုနှစ်မှ စုစုပေါင်းကျောင်းသားဦးရေ တစ်ရာဝန်းကျင်ရှိတာကြောင့် နေရာထိုင်ခင်းလည်း အခက်အခဲ ရှိလာပါ တယ်။ အဲဒီနေရာထိုင်ခင်း အခက်အခဲတွေကြောင့် ကလေးတွေကို လက်ခံချင်ပေမယ့်လည်း လက်မခံနိုင်ခဲ့ဘဲ ပညာလာသင် ချင်တဲ့ အချို့ကလေးတွေဆိုရင် စိတ်မကောင်းစွာနဲ့ပဲ ရွာကို ပြန်လွှတ်ရတဲ့အထိ ရှိပါတယ်။
ဘယ်လိုပဲ အခက်အခဲတွေရှိနေပါစေ။ အကြင်နာ မီးအိမ်စာသင်ကျောင်းဂေဟာကို ဦးဆောင်သူ လူငယ်တစ်စုနဲ့ စေတနာရှင် ဆရာ၊ဆရာမများက ကလေးတွေရဲ့ ပညာရေးအတွက် မိမိတို့ရဲ့ အနာဂတ် အိပ်မက်တွေဖြစ်တဲ့ ပညာရေးနဲ့ လှပတဲ့ နိုင်ငံသစ် ကို တည်ဆောက်သွားဖို့ဆိုတဲ့ သန္ဒိဋ္ဌာန်ကို ဆုပ်ကိုင်ရင်း ပညာရေးဆည်းပူးဖို့ အခက်အခဲဖြစ်တဲ့ ကလေးငယ်တွေရဲ့ ပညာရေး တံခါးကို ဆက်လက် ဖွင့်လှစ်သွားအုံးမယ်လို့ ဆိုကြောင်းပါ….