ကော်သူးလေ အဆင့်မြင့်ပညာရေး ဒူးသထူ့(သထုံ) ဆယ်တန်းလွန်ကျောင်းအုပ် စောမြင့်စိုးနှင့် တွေ့ဆုံမေးမြန်းခြင်း
နိုဝင်ဘာ ၁၇ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကော်သူးလေ အဆင့်မြင့်ပညာရေး ဒူးသထူ့ ဆယ်တန်းလွန်ကျောင်းကို အဂင်္လိပ်ဘာသာဖြင့် Kaw Thoo Lei Higher Education Doo Tha Htu Post-Ten ဖြစ်သည်။ ကျောင်းကို ယခင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောပဲနုမှ ခရိုင်အတွင်းရှိ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးကာ ၂၀၁၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ သည်။
အဆိုပါ ကျောင်း၏ အခြေအနေများကို သိစေရန် ကျောင်းအုပ်အဖြစ် လက်ရှိ တာဝန်ယူနေသည့် စောမြင့်စိုးကို ကေအိုင်စီမှ တွေ့ဆုံမေးမြန်းခြင်းဖြစ်သည်။
ကေအိုင်စီ။ ။ ကော်သူးလေ အဆင့်မြင့်ပညာရေး ဒူးသထူ့ ဆယ်တန်းလွန်
ကျောင်း တည်ဆောက်ရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။
စောမြင့်စိုး ။ ။ ဒီကျောင်းနဲ့ ပတ်သက်ပြီး စတင်တည်ထောင်ခဲ့တာက ပြီးခဲ့တဲ့ သထုံခရိုင် ဥက္ကဋ္ဌ ပဒို စောပဲနု ကမကထပြု စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းတည်ထောင်ရတဲ့ ရည်ရွယ်ချက်က သထုံခရိုင် ထဲမှာရှိတဲ့ (အထက်တန်းပညာအဆင့်)လူငယ်တွေဟာ တချို့က မိဘ မတတ်နိုင်ဘူး။ တချို့က ဆက်လက် ပညာသင်ကြားဖို့ စိတ်အားထက်သန်ကြတာ ရှိတယ်။ ဒါကို ကြည့်ပြီး သူတို့တွေအတွက် ကျောင်းတစ်ကျောင်း ရှိသင့်တယ်။ အစက ဒီကျောင်းကို ၂၀၁၂၊ ၂၀၁၃ ခုနှစ်ကတည်းက တည်ထောင်ဖို့ ခရိုင်အတွင်း တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပေမယ့် ကျောင်းတကယ် တည်ဆောက်ဖြစ်တာကတော့ ၂၀၁၄ ခုနှစ်လောက်မှာ ဖြစ်ပါတယ်။ စောနက ပြောသလိုပဲ လူငယ်တွေ ကောင်းကောင်းမွန်မွန် ပညာဆက်လက် သင်ယူနိုင်ဖို့ပါ။ တခြားနေရာကို သွားစရာ မလိုတော့ဘူးပေါ့။ တချို့တွေကျတော့လည်း အဖွဲ့အစည်းမှာ ပြန်အလုပ်လုပ်ရမယ့်သူတွေ ရှိတယ်လေ။ ဒီကျောင်းကို တက်လိုက်ခြင်းအားဖြင့် တခြားနေရာသွားပြီး ကျောင်းတက်ဖို့ မလိုတော့သလို သူတို့တွေ တကွဲတပြား လည်း မဖြစ်တော့ဘူးပေါ့။
ကေအိုင်စီ။ ။ ဒီကော်သူးလေ ဆယ်တန်းလွန်ကျောင်းကို တက်တဲ့ ကျောင်းသားတွေ ဘယ်ကနေ လာတက်ကြလဲ။
စောမြင့်စိုး။ ။ ကျောင်းလာတက်တဲ့ ကျောင်းသူကျောင်းသားတွေက အများအားဖြင့်တော့ (ဘီးလင်းမြို့ နယ်မှာရှိတဲ့ ကော်သူးလေ အထက်တန်း ကျောင်း) ကွီးလေးကျောင်းက ဆယ်တန်းအောင်တဲ့သူတွေ များပါတယ်။ ကျောင်းလာတဲ့တက်တဲ့သူတွေဟာ သထုံခရိုင်တွေမှာရှိတဲ့ ဘီးလင်းအပြင် ဖားအံ၊ သထုံ၊ ကျိုက်ထို စတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဖာ ပွန်ခရိုင် (ကေအဲန်ယူ လူသောမြို့နယ်)က ကျောင်းသားအချို့လည်း ပါတယ်။ ကျနော်တို့ ကျောင်းမှာ ယေဘုယျအားဖြင့်တော့ စာသင်နှစ် (၂)နှစ် ထားပါတယ်။
ကေအိုင်စီ ။ ။ ကျောင်း စတင်တည်ထောင်ခဲ့တဲ့ နှစ်နဲ့ စတင်လည်ပတ်ခဲ့ရတဲ့ အခြေအနေလေး ပြောပြပေးပါလား။
စောမြင့်စိုး ။ ။ ကျောင်းကတော့ အစပြုခဲ့တဲ့ အချိန်တုန်းကဆို အကုန်လုံးနီးပါးက အခက်အခဲတွေ ရှိနေ တယ်။ စာသင်ဖို့ ကျောင်းဆရာတွေ၊ ကျောင်းတက်ဖို့ ကျောင်းသားကျောင်းသူနဲ့ အဆောက်အဦး တည်ဆောက်ဖို့ စတာတွေပေါ့။ ကျောင်းစတင်တဲ့ ၂၀၁၄ ခုနှစ်က စာသင်နှစ် တစ်နှစ်လုံး စာမသင်ရတဲ့ အတွက် အဲဒီစာသင်နှစ်အတွက် (အကြို) Pre အနေနဲ့ပဲ သတ်မှတ်ခဲ့ရပါတယ်။ အကြောင်းကတော့ ကျောင်းဆောက်ရင်း စာသင်ရင်း (ဩဂုတ်လ) ရှစ်လပိုင်းလောက်မှ ချောချောမွေ့မွေ့ ကျောင်းစတက်ရတယ်။
အဲဒီအချိန် မိုးတွင်းဘက်လည်း ဖြစ်တော့ လမ်းပန်းဆက်သွယ်ရေးမ ကောင်းလို့ ကျောင်းအတွက် အသုံးပြုသွားမယ့် စာအုပ်တွေဆိုရင် (ကေ အဲန်ယူ နောင်ဘို) ဆက်ဆံရေးရုံးမှာ အချိန်အကြာကြီး ထားရသေး တယ်။ ဒါကြောင့် ၂၀၁၅ လောက်မှ စာသင်နှစ်ကို ပထမနှစ် အဖြစ် စတင်သတ်မှတ် တယ်။ ကျောင်းသားဦးရေကတော့ ကျောင်းစတင်တဲ့ နှစ်တုန်းက ၁၉ယောက်၊ အခုနှစ်မှာ ၁၆ယောက်။ အားလုံး စုစုပေါင်း ၃၅ ယောက် ရှိပါတယ်။ ဒီနှစ် စာသင်နှစ်ပြီးရင်တော့ ကျောင်းသားတစ်သုတ် ပြီးမယ်ပေါ့။
ကေအိုင်စီ။ ။ ကျောင်းအုပ် စောမြင့်စိုးအနေနဲ့ ဒီကျောင်းကို ဘာကြောင့် စာလာသင်ရတဲ့ အကြောင်း အရင်း ပြောပြပေးပါလား။
စောမြင့်စိုး။ ။ ဒီကျောင်းရဲ့ ပထမအစမှာ ကျောင်းအုပ်က စောဖိုးထွန်းအေး ဖြစ်ပါတယ်။ ၂၀၁၅ မေလမှာ အနားယူသွားတယ်။ သူအနားယူသွားတော့ ကျနော်က ကျောင်းအုပ်အနေနဲ့ ပြန်ပြီး တာဝန်ထမ်းဆောင်ရတာ အခုအထိပေါ့။ တကယ်ဆိုရင် ကျနော်က စာသင်ဖို့ အစီအစဉ် မရှိဘူး။ ကျနော်က ကော်သူးလေ စစ်သား လုပ်မှာ။ သို့သော်လည်းပဲ ကျနော် အခြေခံ စစ်သင်တန်း တက်နေတဲ့ တစ်လကျော်ကျော်ကာလမှာ (သထုံခရိုင် ဥက္ကဋ္ဌဟောင်း) ပဒို စောပဲနုက ကျနော့်ဆီကို လာပြီး သက်ဆိုင်သူ တာဝန်ရှိများနဲ့ စကားပြောတယ်။ တဆက်တည်းမှာပဲ ခရိုင် ပညာရေးမှူး ပဒို စောလွမ်းအောင်ကလည်း လာရောက်ထပ်မံ ဆွေးနွေးတယ်။ အဲဒီကစလို့ ကျနော် စစ်သင်တန်း တစ်ဝက်တစ်ပျက်နဲ့ ထွက်ပြီး ကျောင်းဆရာ တာဝန်ကို ထမ်းဆောင်လာတာ ဖြစ်ပါတယ်။ ကျောင်းဆရာလုပ်ဖို့ စစ်သင်တန်းမှာ လာတောင်းဆိုတုန်းက ကျနော်နဲ့ ကျနော့်သူငယ်ချင်း တစ်ယောက်ပါ။ နောက်ဆုံးတော့ ကျနော်တစ်ယောက်ကိုပဲ ခွင့်ပြုခဲ့ပါတယ်။
ဒါ့အပြင် စတင်ခဲ့တဲ့ နှစ်တုန်းက ကျောင်းဆရာဦးရေ စာရင်းဝင် လေးယောက်ဆိုပေမယ့် တကယ့်တကယ်မှာ ကျောင်းဆရာ နှစ်ယောက်နဲ့ပဲ စာသင်ရပါတယ်။ ၂၀၁၅ စာသင်နှစ် စတင်တော့မှ ကျောင်းဆရာ ခြောက်ယောက်အထိ တိုးလာပါတယ်။ ကျောင်းဆရာ အားလုံးနီးပါးကတော့ နယ်စပ်ကနေ ဆယ်တန်းလွန်ကျောင်း ပြီးမြောက်ထားတဲ့သူတွေ ဖြစ်ပါတယ်။
ကေအိုင်စီ ။ ။ စာသင်ကျောင်းမှာ ပြန်လာတာဝန်ထမ်းဆောင်တုန်းက ဘာတွေ ကြုံတွေ့ ရလဲ။
ဖြေ။ ။ ကျနော် စတင်ပြန်လာထမ်းဆောင်တုန်းက စာသင်လို့ အောက်တိုဘာလအရောက်မှာ ကျောင်း ဆရာတွေ တကွဲတပြား တနေရာဆီ သွားတာကို ကြုံခဲ့ရတယ်။ ကျနော် ဘာလုပ်ဘာကိုင်ရမှန်း မသိတဲ့အထိတောင် ခက်ခဲခဲ့ပါတယ်။ ကျောင်းစာမေးပွဲ စစ်ရမယ့်အချိန်မှာ ကျနော် တစ်ယောက်ပဲ ရှိခဲ့ပါတယ်။ ဆိုလိုတာက (ကျောင်းဆရာတွေ)သူတို့ အပြင်မှာ ဘာတွေ ဖြစ်ကြမှန် ကျနော် မသိလိုက် လို့ အခုလို အခြေအနေ ဖြစ်သွားရတာပါ။ သူတို့တွေနဲ့ ဘာသာရပ်အစား ကျနော် စာမေးပွဲ စစ်ပေးရပါ တယ်။ စာမေးပွဲ ပြီးတဲ့နောက်မှာ KRCEE တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆရာမ နော်ဖောမူးဆီကို ကျနော် သွားရောက်အကျိုးအကြောင်း ပြောပြပြီး တကွဲတပြား ဖြစ်နေတဲ့ ကျောင်းဆရာတွေနဲ့ ပြန်လာနားချခဲ့ရ ပါတယ်။ တစ်နှစ်တာ စာသင်နှစ်ပြီးတဲ့အထိ စာပြန်သင်ပေးဖို့ပေါ့။ ဒါပေမယ့် တစ်ယောက်ကတော့အ ပြီး ထွက်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ အတိုင်းအတာတစ်ခုအထိ အဆင်ပြေသွား တာမှပဲ အသက်ရှူရ ပေါ့သွားတယ်။ အဲဒီကာလ အတွင်းမှာ ဆရာ စောကြည်စိုးဆိုသူနဲ့ ပဒိုစောလွမ်း အောင်တို့ရဲ့ စီစဉ်မှုနဲ့ (Area Teacher Training-ETT)က ဆရာနှစ်ဦးကို ခေါ်ပေးတယ်။ အဲဒီဆရာတွေ တစ်လလောက် ကျနော်တို့ကို ကူညီခဲ့တယ်။
ကေအိုင်စီ။ ။ စာသင်ကျောင်းမှာ ဘယ်ဘာသာရပ်တွေ သင်ကြားလဲ။
စောမြင့်စိုး။ ။ ကျောင်းစတင်တဲ့နှစ်မှာ ကွန်ပျူတာ၊ အဂင်္လိပ်၊ လူမှုရေး (သမိုင်း၊ စီးပွာရေး၊ နိုင်ငံရေး၊ Gender လိင်) စတာတွေ ပါဝင်ပါ တယ်။ ဒီနှစ် စာသင်နှစ်မှာတော့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု ဘာသာ ရပ်ကိုပါ ထည့်သွင်း သင်ကြားလျှက်ရှိပါတယ်။ ဆိုတော့ အားလုံးပေါင်း သာသာရပ် လေးဘာသာ သင်ကြားပေးနေတယ်ပေါ့။ ကျနော်ကတော့ အစပိုင်းမှာ အဂင်္လိပ်စာ သင်ကြားတယ်။ အခု ကွန်ပျူတာ သင်ကြားပါတယ်။ ဒီလို စာသင်ကြားတဲ့အခါမှာ သတိထားမိတာတစ်ခုတော့ ရှိတယ်။
မြန်မာပြည်တွင်း ကျောင်းတက်ခဲ့တဲ့ ကျောင်းသားတွေဟာ အများအားဖြင့် အဂင်္လိပ်စာ အားနည်းတာ ကို တွေ့ရတယ်။ နယ်စပ်မှာ ပြန်လာတဲ့သူတွေနဲ့ အနည်းငယ် ကွာခြားတယ်။ သိုု့ပေမယ့် ကွီးလေးကျောင်းထွက်တွေကတော့ တော်တဲ့သူတွေ ရှိသလို တချို့ ပြည်တွင်းကျောင်းထွက်က ကျောင်းသားတွေလိုပါပဲ။
ကေအိုင်စီ။ ။ အခုလို ကိုယ့်ရပ်ကိုယ့်ရွာက စာသင်ကျောင်းမှာ စာပြန်လာ သင်ကြားရတဲ့အပေါ် ဘယ် လိုခံစားမိလဲ။
စောမြင့်စိုး။ ။ မမျှော်လင့်ဘဲ ကိုယ့်ဒေသမှာ အခုလို စာပြန်လာသင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီလိုအဆင့်မျိုးမှာ ကိုယ့်ကိုယ်ကို မထိုက်တန်ဘူးလို့တောင် ခံစားရပါ တယ်။ ပညာရေးပိုင်းမှာဆိုရင်လည်း ပြည့်စုံတာတော့ မဟုတ်ပါဘူး။ လိုအပ်ချက်အပေါ် သက်ဆိုင်ရာ တွေက ကျနော်တို့ကို သုံးသလို ကျနော်တို့ကလည်း ကိုယ်တတ်စွမ်းသမျှ အကောင်းဆုံး ပြန်အသုံးခံတဲ့ သဘော ဖြစ်ပါတယ်။
ကေအိုင်စီ။ ။ ကျောင်းအုပ်တစ်ယောက်အနေနဲ့ ဒီကျောင်းနဲ့ပတ်သက်ပြီး ရှေ့ဆက်ဘာတွေ ဖြစ်စေချင်လဲ။
စောမြင့်စိုး။ ။ ဒီကျောင်းနဲ့ ပတ်သက်ပြီး ကောင်းသထက် ကောင်းအောင် သက်ဆိုင်ရာ ခရိုင်တာဝန်ရှိ သူတွေနဲ့ ကျနော်တို့ တိုင်ပင်သွားမယ်။ နယ်စပ်က IHE လို ဆယ်တန်းလွန်ကျောင်းမျိုး ကျနော်တို့ သွားချင်တယ်။ အဲလိုဖြစ်ဖို့ လိုအပ်တဲ့ ကျောင်းဆရာတွေကို ရှာပေးဖို့ တိုက်တွန်းသွားမယ်။ ဒါ့အပြင် ဒီကျောင်းပြီးတဲ့အခါ အခြား ပညာရေးအဆင့်အတန်းမြင့်တဲ့ EIP, ACU, Wide Horizon စတဲ့ ကျောင်းတွေကို တက်ခွင့်ရအောင် လုပ်ဆောင်သွားပေးစေချင်တယ်။ အဲလိုအဆင့်ထိ ရောက်ဖိုု့လည်း ကျနော်တို့ ခြေလှမ်းစပြင်နေပါပြီ။
ကေအိုင်စီ။ ။ ဒီကျောင်းပြီးသွားတဲ့ ကျောင်းသားတွေကို ဘာတွေ ကြိုတင်ပြင်ဆင်ပေးထားတာ ရှိလဲ။
ဖြေ။ ။ နောက်ဆုံးနှစ် ကျောင်းပြီးသွားတဲ့ သူတွေအတွက် ကျနော်တို့ ကောင်းကောင်းမွန်မွန် ကျောင်း ဆင်းပွဲ အခမ်းအနား လုပ်သွားပေးနိုင်ဖို့ စဉ်းစားပေးထားပါတယ်။ ဒီကျောင်းပြီးသွားတဲ့ ကျောင်းသား တွေဟာ ပုဂ္ဂလိကနဲ့လာတဲ့သူတွေကတော့ ကျနော်တို့အဖွဲ့အစည်းကို တစ်နှစ်ပြန်လည် အလုပ်ဝိုင်းကူ စေချင်တယ်။ လိုအပ်တဲ့နေရာတွေမှာ သူတို့ကို ဖြည့်ဆည်းလုပ်သွားဖို့ ဖြစ်ပါတယ်။ အဖွဲ့အစည်းနဲ့ လာတဲ့သူတွေကတော့ သက်ဆိုင်ရာ သူတို့အဖွဲ့အစည်းဆီကို ပြန်သွားရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကျောင်းပြီးတဲ့အခါ အခြားကျောင်းတွေ ဆက်တက်ဖို့ ဆန္ဒရှိမယ်ဆိုရင်လည်း သူတို့ကို ခွင့်ပြုထားပါ တယ်။ ဒါပေမဲ့ ကျောင်းပြီးရင် တစ်နှစ် ပြန်လာအလုပ်လုပ်ရမှာပေါ့။
ကေအိုင်စီ ။ ။ လတ်တလော ကျောင်းမှာ အရေးတကြီး ဘာတွေ လိုအပ်တာရှိလဲ ပြောပြပေးပါလား။
စောမြင့်စိုး ။ ။ ကျောင်းမှာက အထူးသဖြင့် လုပ်ဆောင်သွားဖို့ လိုတာက အဆောက်အဦးပေါ့နော်။ အခု ဆိုရင် ကျောင်းဆောင်တစ်ဆောင်၊ အမျိုးသားအတွက် အဆောင်တစ်ဆောင်၊ အမျိုးသမီးအတွက် အဆောင်တစ်ဆောင်နဲ့ ထမင်းရုံတစ်ဆောင် ရှိပါတယ်။ ရုံးနဲ့ ကျောင်းဆရာတွေနေဖို့အတွက်ကတော့ အဆောင်ရယ်လို့တော့ သတ်မှတ်လို့ မရသေးဘူး။ ယာယီဆောက်ထားတာပဲ ရှိသေးတယ်။ (တဲလေး လို ပုံစံပဲ ဆောက်ထားတာ ရှိပါတယ်)။ အဲဒါတွေ ဆောက်ရမယ်။ ပြီးတော့ ဟောခန်းတစ်လုံး၊ စာကြည့် တိုက်တစ်လုံး ထပ်မံ တည်ဆောက်ဖို့ ရှိပါတယ်။
ကေအိုင်စီ ။ ။ ဒီကျောင်းမှာ ဆရာ၊ ဆရာမတွေ အားလုံးဟာ လူငယ်တွေပဲ ဦးဆောင်တာကို တွေ့ရ ပါတယ်။ အဲဒီအပေါ် လူငယ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။
စောမြင့်စိုး။ ။ ကျနော်တို့တွေဟာ လူငယ်ဆိုပေမယ့် အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို အသုံးခံဖို့ပါပဲ။ ပေးဆပ်ရမယ်။ ကိုယ်တတ်ထားတဲ့ ပညာနဲ့ တတ်စွမ်းသမျှ အသုံးခံရင် တိုးတက်မှုက ရှိမှာပဲ ဖြစ်ပါတယ်။ အလုပ်ဆိုတာလည်း ကျနော်တို့ကို သင်ကြားပေးသလို ကျနော်တို့ရဲ့ အနာဂတ် ဖြစ်ပါတယ်။ ဘယ်နေရာဒေသမှာရှိတဲ့ လူငယ်တွေပဲဖြစ်ဖြစ် ကျနော်ပြောချင်တာက စိတ်အားငယ်စရာ မလိုဘူး။ အမျိုးသားရေးအတွက် လုပ်သင့်တာတွေ၊ လုပ်စရာရှိတာ စိတ်ပါဝင်စားစွာ လုပ်သွားစေချင်ပါတယ်။ ရပ်တည်ချက်တွေကိုလည်း ခိုင်ခိုင်မာမာထားမယ်ဆိုရင် သူ့နေရာနဲ့သူ တိုးတက်လာမှာပဲ ဖြစ်ပါတယ်။
နောက်တစ်ခု နိုင်ငံခြားမှာ ရောက်ရှိတဲ့ ကျနော်တို့ သထုံခရိုင် တပ်မဟာ(၁)က လူငယ်တွေကို အများကြီး ရှိပါတယ်။ ကျနော်တို့ဒေသမှာ ဒီလို ကျောင်းမျိုးရှိတယ်ဆိုတာ သူတို့ကို သိစေချင်တယ်။ ပညာရေးဆိုတာ အရေးကြီးတဲ့အတွက် သူတို့တွေ အဆင်ပြေရင် တတ်နိုင်သမျှ ကျနော်တို့ကို ကူညီပေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဥပမာ- ကွန်ပျူ တစ်လုံးသော်လည်းကောင်း၊ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်ဖိုးသော်လည်းကောင်း စသဖြင့်ပေါ့။ သူတို့ရဲ့ ပူးပေါင်းပါဝင်မှုတွေကိုလည်း ကျနော်တို့ ထာဝရ အသိအမှတ် ပြုသွားမှာ ဖြစ်ပါတယ်။
ကေအိုင်စီ ။ ။ နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်လဲ။
စောမြင့်စိုး။ ။ ဖြစ်နိုင်ရင် ကေအဲန်ယူ ခရိုင်တိုင်းမှာ ကျနော်တို့လို ဆယ်တန်းလွန်ကျောင်း အသီးသီး ရှိစေချင်ပါတယ်။ ဘာဖြစ်လဲဆိုရင် ကျနော်တို့ ဆက်လက်ပညာသင်ကြားဖို့ နေရာအဝေးကြီး သွားစရာ မလိုတော့ဘူး။ အခုဆိုရင် ကေအဲန်ယူ ဖာပွန်ခရိုင်၊ တပ်မဟာ (၅)ကနေ လာရတာ ရှိတယ်။ အဝေးကြီးပေါ့နော်။
တဖက်မှာ ကျနော်တို့ အမှန်တကယ် ငြိမ်းချမ်းပြီး ဒီမိုကရေစီ ရရှိသွားမယ်ဆိုရင် ကျနော်တို့ဒေသမှာ International ကျောင်းလို နိုင်ငံတကာ အဆင့်မီတဲ့ ကျောင်းအထိ ရှိစေချင်ပါတယ်။ လောလောဆယ် အနေအထားမှာတော့ တဆင့်ချင်းစီ ကြိုးစားသွားဖို့ပဲ ဖြစ်ပါတယ်။
စောမြင့်စိုး၏ ကိုယ်ရေးအကျဉ်း
စောမြင့်စိုးကို ၁၉၈၇ ခုနှစ်၊ ဩဂုတ်လ အတွင်းမှာ ဘီးလင်းမြို့နယ် တာအူနီ (ဒေါင်းဇံကြီး)ရွာတွင် မွေးဖွားခဲ့သည်။ ၂၀၀၁ ခုနှစ်မှစ၍ ထိုင်း-မြန်မာနယ် စပ်ဒေသ မဲခေါင်ခါး ဒုက္ခသည်စခန်းတို့တွင် သွားရောက်ကျောင်းတက်ခဲ့ပြီး အထက်တန်းပညာ ပြီးစီးသည့်အထိ ဖြစ်သည်။ ထို့နောက် ၂၀၀၈ ခုနှစ်တွင် ဆယ်တန်းလွန်ကျောင်းတစ်ကျောင်းဖြစ်သည့် Pu Taw Memorial Junior College (PTMJC) ကျောင်းကို လေးနှစ်တာ တက်ရောက်ခဲ့သည်။
အဆိုပါ ကျောင်းပြီးစီး၍ (၂)နှစ် အလုပ်ပြန်ကူခဲ့သည်။ ထိုမှတဆင့် တပ်မဟာ(၁)သို့ ပြန်လာကာ အခြေခံ စစ်သင်တန်း တစ်လကျော် တက်ရောက်ခဲ့ ပြီးနောက် သထုံခရိုင် ကော်သူးလေ ဆယ်တန်းလွန်ကျောင်းသို့ စာသင် ကြားလာကာ ယခုအချိန်အထိ ဖြစ်သည်။