(မောင်ကျော်စွာ)
(၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၁၁ရက်)
ဒီချုပ်ပါတီအစိုးရသစ်ဟာ အောက်ပါ မူဝါဒတွေကို လက်တွေ့ လုပ်ဆောင်နေပါတယ်။
– အမျိုးသားရင်ကြားစေ့ရေး
– ပြည်တွင်းငြိမ်းချမ်းရေး
– ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေ့ရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေး
– ပြည်သူလူထုအများစုရဲ့ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားရေး
အထက်မှာဖော်ပြခဲ့တဲ့ ဒီချုပ်ပါတီအစိုးရရဲ့ မူဝါဒတွေ၊ တနည်းအားဖြင့် ရည်မှန်းချက်တွေဖြစ်တဲ့ ကိစ္စရပ်တွေကို အကောင်အ ထည်ဖော်ရာမှာ အတားအဆီး၊ အနှောင့်အယှက်တွေ တမျိုးမဟုတ်တမျိုး ပေါ်ပေါက်ကြုံတွေ့နေရပါတယ်။ ရင်ဆိုင်နေရပါတယ်။ ဒီလိုရင်ဆိုင်ကြုံတွေ့နေရတဲ့ အတားအဆီး၊ အနှောင့်အယှက်တွေ ဘယ်ကနေ ပေါ်ထွက်လာနေတာလဲဆိုတာကို လေ့လာကြည့် တော့ အကြောင်းရင်းဇစ်မြစ်နှစ်ခု တွေ့ရှိရပါတယ်။ အဲဒီအကြောင်းရင်းဇစ်မြစ်နှစ်ခုမှာ
(၁) ၂၀၀၈ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေ
(၂) အမြစ်စွဲနေတဲ့ စစ်ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရား ဆိုတာပဲ ဖြစ်ပါတယ်။
ဒီအကြောင်းရင်း ဇစ်မြစ်နှစ်ခုကြောင့် ဒီချုပ်ပါတီအစိုးရနဲ့ လွှတ်တော်ဟာ ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ် “စိတ်သွားတိုင်း ကိုယ်မပါဘူး”ဆိုတဲ့စကားလို ဖြစ်နေရရှာပါတယ်။ ဩဇာကြီးကြီးမားမားရှိပါရဲ့။ ဒါပေမယ့် တင်းပြည့်ကြပ်ပြည့် ဩဇာညောင်းနိုင် တဲ့ အာဏာလက်ဝယ်မရှိဘူး ဖြစ်နေပါတယ်။ မြင်သာတဲ့အချက်တစ်ခုကို ဥပမာအဖြစ် ထုတ်ပြပါ့မယ်။
ဥပမာ – ဒီချုပ်အစိုးရအနေနဲ့ ဘယ်နေ့ကနေ ဘယ်နေ့အထိ “တစ်ပြည်လုံး ပစ်ခတ်တိုက်ခိုက်မှုတွေကို တစ်ဖက်သတ် ရပ်စဲလိုက် တယ်”ဆိုတဲ့ အမိန့်ကြေညာချက်မျိုးထုတ်ချင်သော်လည်း ထုတ်ပြန်နိုင်တဲ့အခွင့်အာဏာ ဒီချုပ်ပါတီအစိုးရနဲ့ လွှတ်တော်မှာ မရှိ တာမျိုးပါ။
“အမျိုးသားရင်ကြားစေ့ရေး” လက်တွေ့ အကောင်အထည်ဖော်မှု ဖြစ်စဉ်ကို လေ့လာကြည့်ပြန်တော့ “အမျိုးသားပြန်လည် သင့် မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးမူဝါဒ ၇ချက်” ချမှတ်ထားတာတွေ့ရပြီး အဲဒီမူဝါဒ ၇ချက်အရ လက်တွေ့လုပ်ဆောင်မှုတွေ ကို တိုင်းတာကြည့်တော့ မူဝါဒအမှတ်စဉ် ၁မှာ ရှိနေသေးတာနဲ့ အဲဒီအဆင့် မပြီးမြောက်သေးတာကို တွေ့ပါတယ်။
အဲဒီအဆင့် ၁က “နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ခြင်း” ဖြစ်ပါတယ်။
တကယ်တော့ အဲဒီမှာ အဆင့် ၁နဲ့ ၂ခွဲထားပေမယ့် သုံးသပ်တာနဲ့ ပြန်လည်ပြင်ဆင်တာဟာ တကယ်တော့ လုပ်ငန်းသဘော သဘာဝအရ အဆင့်တစ်ခုထဲရဲ့ တပေါင်းတစည်းထဲ လုပ်ငန်းစဉ်ပဲ ဖြစ်သင့်တာပါ။ ဘာကြောင့် အဆင့် ၂ဆင့် ခွဲထားကြသလဲ တော့ မသိပါဘူး။ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည်သုံးသပ်တာနဲ့ သုံးသပ်ရရှိတဲ့အတိုင်း ပြန်လည်းထိန်းညှိပြင်ဆင်တာ ဟာ တစ်ခုထဲတစ်ဆင့်ထဲရဲ့ လုပ်ငန်းစဉ်ပဲ မဟုတ်ပါလား။
ဒီမှာတင်ပဲ ပြဿနာရှိနေပါတယ်။
(NCA) စာချုပ် လက်မှတ်ထိုး/ မထိုးဆိုတဲ့ ပြဿနာပါ။ စစ်တပ်ဘက်က (NCA) စာချုပ်လက်မှတ်ထိုးရမယ်လို့ အပြတ်ပြောနေပါ တယ်။ (NCA) စာချုပ်ဘောင်ထဲက သွားရမယ်ဆိုတာမှာ ဒီချုပ်အစိုးရနဲ့ စစ်တပ် ကွဲလွဲနေပါတယ်။ ဒီချုပ်ပါတီအစိုးရက (NCA) ဘောင်ထဲကနေ ပြင်ဆင်သင့်ပြင်ဆင်ထိုက်တာကို ပြင်ဆင်ပြီး ထိန်းထိန်းညှိညှိသွားချင်တာပါ။ စစ်တပ်ကတော့ (NCA)စာချုပ်အ တိုင်း လက်မှတ်ထိုးကို ထိုးရမယ်ဆိုတဲ့မူကို တစ်ပြားမှ မလျှော့မပေးဘူးဆိုတဲ့သဘောနဲ့ တင်းခံနေပါတယ်။
ဒီတော့ လက်တွေ့ပြဿနာက ဘာဖြစ်လာသလဲဆိုတော့ (NCA)စာချုပ် လက်မှတ်မထိုးတဲ့သူတွေဟာ (UPDJC)လို့ခေါ်တဲ့ “ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ”ထဲ ပါလို့မရပါဘူး။ တဆက်တစပ်ထဲပါပဲ။ (UPDJC)ထဲ မပါဝင်တဲ့ အဖွဲ့အ စည်းဟာ မူဘောင်ကို သုံးသပ်ဆုံးဖြတ်နိုင်ခွင့်မရှိပါဘူး။ ထိုနည်းတူပါပဲ။ မကြာခင်ကျင်းပတော့မယ့် (နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၅ခုမှာကျင်းပမယ့်) “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ”တွေမှာ (UPDJC) အဖွဲ့ဝင်မဟုတ်သူတွေဟာ အဲဒီဆွေးနွေးပွဲတွေမှာ ပါဝင်လုပ်ဆောင်ခွင့်ရရှိမှာ မဟုတ်ပါဘူး။
အထက်မှာတင်ပြခဲ့တာကို နားလည်မြင်သာအောင် စုစည်းပြရင် အခုလိုဖြစ်ပါတယ်။
ပထမအဆင့် (NCA) စာချုပ် လက်မှတ်ရေးထိုးရမယ်။ ဒီလိုလက်မှတ်ရေးထိုးပြီးမှသာ
ဒုတိယအဆင့် (UPDJC)မှာ အဖွဲ့ဝင်ဖြစ်လာနိုင်မယ်။ (UPDJC) အဖွဲ့ဝင်ဖြစ်လာမှသာ
တတိယအဆင့် ဖြစ်တဲ့ “မူဘောင်ပြန်လည်သုံးသပ်ရေး ဆွေးနွေးပွဲမှာ ပါဝင်နိုင်မှာဖြစ်ပြီး ထိုသုံးသပ်ချက်များနဲ့အညီ ထိရောက် တဲ့ ပြင်ဆင်မှု/ ဆုံးဖြတ်ချက်ချမှုတွေမှာ ပါဝင်နိုင်မှာဖြစ်ပါတယ်”
(သော့ချက်ကိစ္စကတော့ NCA စာချုပ်လက်မှတ်ရေးထိုးရေး ဆိုတာပဲဖြစ်ပါတယ်။ ဒါမှ ကျန်နှစ်ဆင့်မှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်)
အခု အနေအထားအရ (UPDJC)မှာ (NCA)စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၈ဖွဲ့ပဲ တက်ရောက်ခွင့်ရှိနေတာဖြစ်ပါတယ်။ အခု (UNFC)က ကိုယ်စားလှယ်အဖြစ် လွှတ်ထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)နဲ့ ဒေါက် တာတင်မျိုးဝင်း ဦးစီးတဲ့ ဆပ်ကော်မတီ (၂)နဲ့ ညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။
ဒီဆပ်ကော်မတီရဲ့တာဝန်က (NCA) စာချုပ်လက်မှတ်ရေးထိုးခြင်း မပြုရသေးတဲ့ အဖွဲ့များနဲ့တွေ့ဆုံဆွေးနွေးဖို့ဖြစ်ပါတယ်။
အဲဒီဆပ်ကော်မတီနဲ့ (DPN) တတိယအကြိမ်ဆွေး နိုဝင်ဘာလ ၁ဝရက်နေ့မှာ ပြုလုပ်မှာပါ။ (UPDJC)ရဲ့ စတုတ္တအကြိမ် နိုင်ငံ ရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၈ရက်မှ ၂၁ရက်နေ့ ကျင်းပခဲ့ပါတယ်။
ဒါ့အပြင် ဒေါက်တာတင်မျိုးဝင်းဆပ်ကော်မတီနဲ့ (DPN)အဖွဲ့တို့ အောက်တိုဘာလ ၁၅ တွေ့ဆုံခဲ့ကြပြီး (DPN)ဘက်က အချက် ကြီး ၈ချက် တင်ပြခဲ့ရာမှာ ၄ချက် သဘောတူညီမှု ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁ဝရက်နေ့မှာ ကျန်ရှိနေတဲ့ အချက် ၄ ချက်ကို ဆွေးနွေးကြပါလိမ့်မယ်။
အဆုံးအဖြတ်ပေးရမယ့် ကိစ္စကတော့ (NCA)စာချုပ်ကို လက်မှတ်ထိုး/မထိုး (သို့မဟုတ်) (NCA)စာချုပ်မှာ လက်မှတ်မထိုးဘဲ နောင် ကျင်းပမယ့် “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ”တွေနဲ့ ၆လတစ်ကြိမ် ကျင်းပမယ့် “၂၁ရာစု ပင်လုံညီလာခံ”တွေမှာ ဘယ်လိုပါဝင်တက်ရောက်မလဲ၊ ဘယ်လိုပူးတွဲ ကြီးကြပ်နိုင်မလဲဆိုတဲ့ အဆင့်နေရာတွေ ရရှိနေရေး ကိစ္စတွေပဲ ဖြစ်ပါတယ်။ ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ “NCAကို လက်မှတ်ရေးထိုးခြင်းမရှိဘဲ NCA စာချုပ်ပါ ကိစ္စရပ်များကို ကျော် လွန်ပြီး အမျိုးသားအဆင့် ဆွေးနွေးပွဲများသို့သွားနိုင်ရန် ကြိုးစားနေခြင်းဟာ မဖြစ်သင့်ပါဘူး”လို့ အတိအလင်း သတိပေးနေပါ တယ်။ ဒီသတိပေးချက်က ဒေါက်တာတင်မျိုးဝင်းရဲ့ ဆပ်ကော်မတီနဲ့ (DPN)အဖွဲ့ ဆွေးနွေးပွဲတွေကို တိုက်ရိုက် ရည်ညွန်းနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် NCA စာချုပ်ဆိုတာ အားလုံးပါဝင် ညှိနှိုင်းပြုစုထားတာဖြစ်ပြီး ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလက ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်ကနေ တရားဝင်၊ ကန့်ကွက်သူမရှိ အတည်ပြုပေးလိုက်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးအတွက် သမိုင်းဝင်အခြေခံ အုတ်မြစ်ဖြစ်တယ်ဆိုပြီးလည်း ချည်ပြီးတုတ်ပြီး ပြောဆိုနေတာဖြစ်ပါတယ်။
နိဂုံးချုပ်ပြီးပြောရရင် ဒီချုပ်အစိုးရနဲ့လွှတ်တော်အဖို့ အဆင့်တိုင်းမှာ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ပြောမယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ထဲမှာ ကာချုပ်ရဲ့စစ်သား ၁၆၆ယောက်(၂၅%)နဲ့ ရင်ဆိုင် နေရပြီး ပုဒ်မ(၄၃၆)ဟာ သူတို့ သဘောမတူဘဲ ဘာမှလုပ်လို့မရနိုင်ပါဘူး။
ငြိမ်းချမ်းရေးဘက်ကို ပြောမယ်ဆိုပြန်ရင်လည်း (NCA)စာချုပ်ကို လက်မှတ်ရေးထိုးရမယ်။ NCA ကို လက်မှတ်ရေးထိုးခြင်း မရှိ ဘဲ NCAစာချုပ်ပါ ကိစ္စရပ်များကို ကျော်လွန်ပြီး မလုပ်နဲ့လို့ ကာချုပ်ရဲ့ ကန့်သတ်တားမြစ် သတိပေးတာကို ရင်ဆိုင်နေရပါတယ်။
အစိုးရနဲ့ လွှတ်တော်ဟာ စစ်တပ် (ဝါ) ကာချုပ် (သို့မဟုတ်) စစ်တပ်နဲ့ ကာချုပ်ကို အထူးအခွင့်အာဏာတွေ အပ်နှင်းထားတဲ့ “၂၀၀၈ အခြေခံဥပဒေ”ကို မကျော်လွန်နိုင်ဘူးဆိုရင်တော့ အဲဒီလိုအစိုးရမျိုးကို “ ဒီမိုကရေစီအစိုးရ”လို့ ခေါ်ဖို့ မသင့်ပါဘူး။
အခုလို ရင်ဆိုင်နေရတာတွေဟာ “မပြင်ဘဲ ဝင်မယ်/အရှိကို အရှိတိုင်းမြင်တယ်” ဆိုတဲ့အမြင်နဲ့ ဆုံးဖြတ်ခဲ့မှုတွေရဲ့ နောက်ဆက် တွဲ သက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် “ရွှေဂုံတိုင်ကြေညာချက်”ကို ကိုယ်တိုင်ဆုတ်ဖြဲလိုက်ခြင်းကြောင့် ရရှိ လာတဲ့ အကျိုးဆက်ရလဒ်တွေလည်း ဖြစ်ပါတယ်။