(စ’မနိုက်ဖေါင်)
ဖားစည်ဆိုတဲ့ တူရိယာဟာ ရှေးအကျဆုံး တူရိယာတစ်မျိုးဖြစ်ပြီး ကရင်တစ်မျိုးသားလုံးက အမြတ်တနိုး အားအထားဆုံး၊ အနှစ် သက်ဆုံး တူရိယာပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။ အမျိုးသားယဉ်ကျေးမှု အမှတ်အသားအနေနဲ့ အသိအမှတ်ပြုထားပြီး ညီ ညွတ်မှုကို နှိုးဆော်ပေးတဲ့ အထိမ်းအမှတ်အဖြစ်နဲ့လည်း လက်ခံထားကြပါတယ်။ အသံသာယာတယ်။ ခန့်ညားတယ်။ ကြားရသူ တိုင်း စိတ်နှလုံးကို တက်ကြွရွှင်လန်းစေတယ်။
ဖားစည်ကို ရှေ့ခေတ် ကရင်အမျိုးသားများက ဘယ်လောက်အမြတ်တနိုး တန်ဘိုးထားကြသလဲဆိုတာ ဖားစည်ပိုင်ရှင်တွေဟာ သူတို့သေဆုံးသွားတဲ့အခါမှာတောင် သူတို့ရဲ့အလောင်းနဲ့အတူ ရောနှောမြှုပ်နှံမီးရှို့ကာ နောင်ဘဝအထိ ယူဆောင်သွားလိုကြ တဲ့ ဆန္ဒရှိခဲ့ကြပါတယ်။ ရှေးခေတ်က ကရင်အမျိုးသားများနဲ့ ကရင်တို့ရဲ့ အကြီးအကဲ စော်ပွာ၊ စော်ကဲ၊ စခေါင်၊ စောဖျာ စတဲ့ သူတို့ရဲ့ အိမ်တိုင်းမှာ ထားရှိကြတယ်။ လူစုရာမှာပဲဖြစ်ဖြစ်၊ မဂင်္လာအခမ်းအနားမှာပဲဖြစ်ဖြစ်၊ အမဂင်္လာ အခမ်းအနားတွေမှာပဲ ဖြစ်ဖြစ် တီးခတ်အသုံးပြုကြလေ့ရှိတယ်။
အယူသည်းသူတချို့က ဖားစည်ကို ကိုးကွယ်စရာအနေနဲ့ နတ်များကို ပသပူဇော်ကြတဲ့ပုံစံလိုမျိုး တနှစ်တကြိမ် ကြက်၊ ဘဲ၊ ဝက်၊ အရက် စတာတွေနဲ့ ပသကြပြီး ရှိခိုးပူဇော်ကြတဲ့အထိ စွဲလမ်းမြတ်နိုးကြတယ်။ အချို့ဆိုရင် ဖားစည်ကို ပက်လက်လှန်ထားကြ ပြီး အဲဒီဖားစည်ရဲ့ဝမ်းခေါင်းအထဲမှာ ဆန်များကို ထည့်ပြီးစားမယ်ဆိုရင် အစားခံတယ်။ ရောဂါကင်းတယ်။ ကျက်သရေမဂင်္လာနဲ့ ပြည့်စုံစေတယ်လို့ အယူစွဲကြတာ တွေ့ရှိရပါတယ်။
ဖားစည်ကို အဂင်္လိပ်ဘာသာဝေါဟာရမှာ KAREN BRONZE DRUMS လို့ ခေါ်တယ်။ နောက် အမေရိကန် ခရစ်ယာန်သာသနာ ပြု ဒေါက်တာမေဆင်ကတော့ ဖားစည်ကို KYEE ZEES လို့လည်း ခေါ်ပေးခဲ့ပါတယ်။ ပိုးကရင်တွေက “ကလူး”လို့ခေါ်ပြီး စဝေါ် (စကော)ကရင်တွေက “ကလို”လို့ခေါ်တယ်။ ဗမာစတဲ့ အခြားတိုင်းရင်းသားတွေက အဲဒီစည်ရဲ့မျက်နှာမှာ ဖားရုပ် အထူးတပ် ဆင်ထားတာကို အစွဲပြုပြီးတော့ “ဖားစည်”လို့ ခေါ်ကြ တာဖြစ်တယ်။
ကရင်ဘာသာလို ခေါ်တဲ့ “ကလူး”ကို ကရင်တမျိုးသားလုံးက တညီတညွတ်နဲ့ပဲ ခေါ်ကြပြီး အသံအနိမ့်အမြင့်နဲ့ ဒေသအလိုက် အသံဝဲသွားတာပဲ ကွာခြားတာ တွေ့ရပါတယ်။ “ဖား”ကို ကရင်တွေက “ဒေး”၊ “ဒီး” လို့ခေါ်ပြီး အဲဒီ “ကလူး”ကို “ဒေး” ဒါမှမဟုတ် “ဒီး” လို့ မတွဲသုံးဘဲ ဘာအဓိပ္ပါယ်နဲ့ တွဲစပ်ခေါ်သလဲဆိုတာ အခုထိ အတိအကျတော့ မသိရသေးပါဘူး။
ဖားစည်ကို ကရင်အခေါ် “ကလူး” ရဲ့အဓိပ္ပါယ်နဲ့ပတ်သတ်ပြီး ကရင်ရိုးရာဓလေ့အကြောင်းကို စာရေးသားလာခဲ့တဲ့ ဆရာမန်း လင်းမြတ်ကျော်ရဲ့ ပြောကြားချက်အရ “ကလူး” ရဲ့ အဓိပ္ပါယ်က “ရတနာ”လို့ ဆိုပါတယ်။
ဖားစည်ကို အရှေ့တောင်အာရှတိုက်မှာ ဘီစီ ၆ ရာစုမတိုင်ခင်က စတင်အသုံးပြုလာကြပြီး ဗီယက်နမ်နိုင်ငံမှာ တူးဖေါ်ရရှိခဲ့တဲ့ ဖားစည်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်တယ်လို့ သုတေသီများက ဆိုပါတယ်။ ကရင်မျိုးနွယ်ဝင်ဖြစ်ကြတဲ့ လူမျိုးတွေက အာရှ တိုက်ရဲ့ နေရာအနှံ့မှာ နေထိုင်လာကြတဲ့နည်းတူ အဲဒီနေထိုင်ရာ နေရာတိုင်းမှာ ဖားစည်တွေကို တွေ့ရပါလိမ့်မယ်။
ဗမာ၊ တရုတ်ပြည်နယ်စပ်၊ ထိုင်း၊ မွန်ဂိုလီးယား၊ လော၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေမှာ တွေ့ရပါ တယ်။ ဖားစည်မူလပေါ်ပေါက်ရာနေရာက ကမ္ဘောဒီးယားမှာဖြစ်တယ်လို့ မန်းနဲစန်(ဘားအံ)ရေးသားထားတဲ့ “ကရင့်ဖားစည်”စာ အုပ်ရဲ့ စာမျက်နှာ ၁၃၊ ပထမစာပိုဒ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ဖားစည်ကို ရှေးခေတ်တုန်းက ကရင်လူမျိုးများကိုယ်တိုင် သွန်းလုပ်နိုင်ခဲ့တာ အထောက်အထားနဲ့အတူ ပြောဆိုခဲ့ကြတယ်။ ကရင်အနွယ်ဝင်များဖြစ်တဲ့ “စဝေါ်ကရင်၊ကယား၊ပိုး၊ ဘွဲ၊ပကူး” စတဲ့ မျိုးနွယ်စုတို့က သူတို့ကိုယ်တိုင် သွန်းလုပ်ခဲ့ကြဘူးကြောင်း အဆိုရှိခဲ့တယ်။ ယခုအချိန်မှာ ကယားလူမျိုးစုမှလွဲလို့ ဖားစည်သွန်းလုပ်တဲ့ အတတ်ပညာ ကွယ်ပျောက်လုနီးပါး ဖြစ်နေပါပြီး။ အဲဒီ ကယားရဲ့ ကန္တာရဝတီနယ်မှာတောင် ဖားစည်သွန်းလုပ်တဲ့လုပ်ငန်း မရှိသလောက်ဖြစ်ပြီး အကြောင်းကတော့ သွန်းလုပ်နိုင် တဲ့ ပညာရှင်တွေက နည်းပါးသွားတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဖားစည်ကို ကြေးနီ အပါအဝင် အခြားသတ္တုဖြစ်ကြတဲ့ ငွေ၊ ဘော်၊ ရွှေ၊ သွပ်၊ ခဲတို့နဲ့ အချိုးအစပ်ကျကျ ရောစပ်ပြီး သွန်းလုပ် တယ်လို့ ရှေးကရင်ပညာရှင်များက ဆိုပါတယ်။ ငွေနဲ့ ရွှေတို့ကိုတော့ စတိအနေနဲ့ ထည့်ပေးတဲ့သဘောလို့ ဆိုပါတယ်။ ဖားစည် မျက်နှာပြင်အချင်း သို့မဟုတ် အပိုင်းမှာ ၁၈လက်မမှ ၃ဝလက်မအထိ အရွယ်အစားအမျိုးမျိုးရှိပါတယ်။ မျက်နှာပြင်မှာ နေရောင် ခြည်က အလယ်ဗဟိုပြုပြီး ရစ်ပတ်ထားတဲ့ စက်ဝိုင်းက (၇)ခုက (၉)ခုအထိ ရှိပါတယ်။
ဖားစည်မှာ ပါရှိတဲ့အမှတ်အသားတွေကတော့ ဖားရုပ်ကို အဓိကထားပြီး ဆင်၊ ခရု၊ ငှက်၊ ငါး၊ နေရောင်ခြည်နဲ့ ပန်း စတဲ့အရုပ် တွေနဲ့ ပြုလုပ်ပြီးသွန်းလုပ်ကြပါတယ်။ အဲဒီအရုပ်တွေက တခုချင်းစီမှာ အဓိပ္ပါယ်ရှိကြတယ်လို့ ဆိုပါတယ်။ ဒီအရုပ်တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်ကတော့ ဖားက ကုန်းနေ-ရေနေသတ္တာဝါဖြစ်တော့ ကုန်းမှာဖြစ်စေ၊ ရေမှာဖြစ်စေ သွားလာကျက်စားနိုင်ပြီး ကုန်းမြေ ပိုင်ရှင်၊ ရေနယ်ပိုင်ရှင်အဖြစ် ကြီးပွားတိုးတက်စေတယ်လို့ ဆိုလိုပါတယ်။ ဆင်ရုပ်ရဲ့ သဘောကတော့ ကုန်းနေသတ္တဝါတွေမှာ အင်အားအကောင်းဆုံးဖြစ်တယ်။ လူသတ္တဝါတွေကို ကျေးဇူးပြုတဲ့ ရတနာတစ်ပါးဖြစ်တယ်။ အဲဒါကြောင့် ဖားစည်ပိုင်ရှင်ဟာ ဥစ္စာဓန ဩဇာတိက္ကမ အင်အားအကောင်းဆုံးသူဖြစ်ပြီး လူသားတွေကို ကျေးဇူးပြုနိုင်တဲ့သူဖြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။
ခရုကတော့ ကုန်းရေ နှစ်ခုစလုံးမှာ ကျက်စားသွားနိုင်တဲ့သတ္တဝါဖြစ်တဲ့အတွက် မဂင်္လာယူတဲ့အခါမှာ ခရုသင်းကိုမှုတ်ပြီး အသုံး ပြုသလို ဖားစည်ပိုင်ရှင်လည်း အဲဒီဖားစည်ကို တီးခတ်ခြင်းအားဖြင့် ခရုသင်းမှုတ်သလို မဂင်္လာနဲ့ ပြည့်စုံနိုင်တယ်လို့ ဆိုလိုပါ တယ်။ ငှက်နဲ့ ငါးတို့မှာလည်း ရေနဲ့ ကောင်းကင်ယံကို ကိုယ်စားပြုထားပြီး ဖားစည်ကိုပိုင်တဲ့သူဟာ ကုန်းရေထက်မက အထက် ဘဝဂ်သို့ ဩဇာကျော်ဇောမှုတွေ ရရှိနိုင်တယ်လို့ အဓိပ္ပါယ်ဖော်ဆောင်ပါတယ်။ နေရောင်ခြည်နဲ့ ပန်းအရုပ်မှာတော့ နေရောင် ခြည်ရဲ့သဘောက ရဲရင့်တောက်ပပြီး အလင်းရောင်ကို ပေးစွမ်းနိုင်သလို သစ်ပင်ပန်းမာလ်များက မှီရာဩကာသလောက သဘောဆောင်စေတယ်။
ဖားစည်အမျိုးအစားတွေမှာတော့ ၁။ကြန်စုံမဂင်္လာဖားစည်(ဖားစည်မ) ၂။အမဂင်္လာဖားစည်နဲ့ ၃။စစ်ထွက်ဖားစည်(ဖားစည်ဖို)ဆို ပြီး သုံးမျိုးရှိကြပါတယ်။
ဖားစည်ရဲ့မျက်နှာပြင်မှာ ဖားရုပ် ၄နေရာ ခွဲခြားသွန်းလုပ်ထားပြီး အဲဒီဖားရုပ်တွေက တစ်ကောင်နဲ့တစ်ကောင် လိုက်နေကြတဲ့ပုံစံ ဖားရဲ့မျက်နှာက လက်ယာရစ်လှည့်ထားတာကို ကြန်စုံမဂင်္လာဖား စည် (ဖားစည်မ) သို့မဟုတ် ဖားစည်အေးလို့ ခေါ်ပါတယ်။ ကြန်စုံမဂင်္လာဖားစည်ကို တီးခတ်လိုက်ရင် အသံသာယာပြီး ကြားရသူတိုင်းကို ရွှင်လန်းစေပါတယ်။ အထူးသဖြင့် မဂင်္လာအခမ်း အနားတွေ၊ လက်ထပ်ထိမ်းမြားပွဲတွေ၊ ပွဲလမ်းသဘင်တွေ၊ ပူဇော်ပသပွဲတွေမှာ တီးခတ်အသုံးပြုလေ့ရှိကြပါတယ်။
အမဂင်္လာဖားစည်က ဖားရုပ်တွေက လိုက်နေကြတဲ့ပုံစံမဟုတ်ဘဲ တစ်ကောင်နဲ့တစ်ကောင် မျက်နှာချင်းဆိုင် ရန်စောင်နေတဲ့ သဘောမျိုးဖြစ်တယ်။ အသုဘကိစ္စတွေ၊ အရိုးကောက်ပွဲတွေ၊ သတင်းဆိုးကိစ္စရပ်တွေ၊ ဘေးအန္တရာယ်ကျရောက်မယ့် အချိန် တွေမှာ တီးခတ်လေ့ရှိတယ်။ အကြောင်းမဲ့ တီးခတ်ပါက ရွာသူရွာသားများ သေကြေပျက်စီးတတ်တယ်လို့ ယူဆကြပါတယ်။
စစ်ချီဖားစည်(ဖားစည်ဖို)ကတော့ ကြန်စုံမဂင်္လာဖားစည်(ဖားစည်မ)ပုံစံနဲ့ မတူဘဲ ဖင်ပိုင်းမှာ တစ်ဝက်ပဲ ပါရှိပါတယ်။ ရိုးရိုးပြောရ ရင် ကြန်စုံမဂင်္လာဖားစည်(ဖားစည်မ)ကို တစ်ပိုင်းဖြတ်ထားတဲ့ပုံစံလိုမျိုး ဖားစည်တစ်ပိုင်း ပုံဖြစ်တယ်။ ဒါပေမယ့်လည်း အဲဒီစစ် ထွက်ဖားစည်ရဲ့ မျက်နှာပြင်မှာက ဖားရုပ်မပါဘဲ ပြောင်ရှင်းနေပါတယ်။ ကိုယ်ထည် ဗျက်တိုပြီး လွယ်ကူပေါ့ပါးစွာနဲ့ သယ်ဆောင် သွားလာနိုင်တယ်။ ထူးခြားချက်က အသံမသာဘူး။ အသံမြည်ဟိန်းထွက်တာကြောင့် အရေးပေါ်လူစုဖို့၊ စစ်ချီဖို့အချိန်၊ တပ်လှန့် အချက်ပေးဖို့နဲ့ စစ်အောင်ပွဲတွေမှာ တီးခတ်လေ့ ရှိပါတယ်။
ဖားစည်ကို အာဏာရှိသူတွေက ပိုင်ဆိုင်ရာအဖြစ် အဆောင်အယောင်ပစ္စည်းတစ်ခုဖြစ်တယ်။ ဖားစည်တစ်လုံး ပိုင်ဆိုင်ခြင်းက တစ်ရာ၊ တစ်ထောင်ပိုင်ဆိုင်ခြင်းထက် ကောင်းတယ်လို့ဆိုထားပါတယ်။ ကရင်တွေအတွက် အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်တဲ့အ တွက်ကြောင့် လက်ထပ်ရာမှာ သတို့သားက သတို့သမီးအတွက် လက်ဆောင်အနေနဲ့ ပေးလေ့ရှိတယ်။ ရန်ပွဲတွေ ငြိမ်းစေဖို့ ဖား စည်ပေးတာတွေ၊ ကြေးကျွန်တွေနဲ့ လဲလှယ်တာတွေ၊ ကုန်ပစ္စည်းတွေနဲ့ လဲလှယ်တာတွေ၊ လုပ်ခအနေနဲ့ပေးတာတွေ၊ အမွေ ပစ္စည်းအနေနဲ့လည်း ပိုင်ရှင်တွေက သားသမီးတွေကို ပေးအပ်တာတွေ ပြုလုပ်ပေးလေ့ရှိတယ်။
ယခုအချိန်မှာတော့ ဖားစည်တွေဟာ ရှားပါးလာပြီး လက်ဝယ်ထားရှိနိုင်သူ အနည်းငယ်လောက်ပဲရှိတော့တယ်။ ယခုလူငယ်များ လည်း မိဘဘိုးဘွားတွေက ဖားစည်အကြောင်းအရာနဲ့ အသုံးပြုပုံ၊ တန်ဖိုးထားလာခဲ့ပုံတွေကို နားလည်စေချင်တဲ့စေတနာနဲ့ ရေး သားဖော်ပြခြင်းဖြစ်တယ်။ ယခုခေတ် ကရင်လူငယ်မျိုးဆက်သစ်တွေအနေနဲ့ မိမိတို့အမျိုးသားရိုးရာတူရိယာဖြစ်တဲ့ ဖားစည်အ ကြောင်းကို သိရှိလာပြီးနောက် ကွယ်ပျောက်တိမ်ကောပြီး တိုင်းတစ်ပါးသို့ ရောက်မသွားလေအောင် ယဉ်ကျေးမှု အမွေအနှစ်ထဲ က တစ်ခုဖြစ်တဲ့ ဖားစည်ကို ထိန်းသိမ်းနိုင်ဖို့အတွက် ကရင်ပြည်သူလူထုတစ်ရပ်လုံးမှာ တာဝန်ရှိပါကြောင်း ရေးသားတင်ပြလိုက် ရပါတယ်။