လူ့အခွင့်အရေး  •  တိုင်းရင်းသားအခွင့်အရေး  •  ဒီမိုကရေစီရေး

တတိယမျက်လုံး

(လင်္ကာဒီပ)

(၂၄ နိုဝင်ဘာ ၂၀၁၆)

လဲကယ်၊ စကော၊ ပိုး တလာခုံး
အပြုံးတွေ ကိုယ်စီနဲ့ကွယ်
ဒုံးယိမ်းရယ် ကကြတယ်
ညီညာတယ်၊ ကြည်သာကြည်နူးလို့ဈာန်ဝင်
ဇွဲကပင်ရဲ့ရင်ငွေ့
တူယှဉ်တွေ့ကြလို့ကွယ်
လက်ဝှေ့ဆိုင်းသံမြိုင်လှတယ်
ပြခန်းရယ်အစုံအလင်နဲ့
ဒို့ချစ်တဲ့ကရင်ပြည်နယ်ကြီးရယ်
တင့်တယ်ခံ့ညားလှပ
ပထမမျက်လုံးအာရုံ
ရောင်စုံကာလာ မှော်ရုံဆန်းလှတယ်။

အဆဲခံရပေါင်းများလို့လည်း
နားထဲရိုးလို့နေပြီသူငယ်ချင်း
မင်းတို့တွေရဲ့အဝေးကအကြံဥာဏ်
ဘာသဏ္ဍာန် ဘာအသွင်
အဆင်အပြင် အပြုသဘောမပါ
ဒီမှာလာကြည့်လိုက်ပါအုံး
ယူကျုံးမရ ဖြစ်နေသူတွေမယ်
ဘယ်လောက်စိတ်ချမ်းသာနေကြလဲ
လမ်းလည်းပေါက်လို့သွားနိုင်ပြီ
ဒီမှာတိုက်တာတွေ၊ ကားတွေ
ဒို့ရွှေပြည်တော်ကြီး
အသီးတွေ အပွင့်တွေနဲ့
တိုးတက်တဲ့တစ်နေ့ကို ရောက်လာတာပ
ဒုတိယမျက်လုံးရဲ့ပုံပန်း
မျက်လှည့်လမ်းမှာ ယောင်ချာချာနဲ့ကွယ်။

လမ်းတွေပေါက်လာကြတယ်
တိုက်တွေရယ် ပေါများလာကြတယ်
ငါ့နယ်မြေတစ်လွှားမှာ
ခြေရာအမည်းကြီးတွေပြည့်လို့
ဒို့ကွန်းခိုရာဒေသတွေလည်း
သူ့လက်ထဲ ရောင်းဈေးကွက်တစ်ခုနှယ်
ငိုသံရယ် တော်လှဲသံအလား
ငြီးတွားတဲ့ ဆာလောင်ပျက်စီးခြင်းရပ်ဝန်း
စုတွန်းလို့ ဖြိုဖျက်လိုက်ချင်စမ်းပါဘိ
တတိယမျက်လုံးရဲ့သဘာဝ
လောကကို ဘာသာပြန်မှနှ်ဖို့လိုလိမ့်မယ်။

ဒေါင်းခြေရာ၊ ခြင်္သေ့ခြေရာ
နွားခြေရာ၊ ခွေးခြေရာ
လူခြေရာတွေ ရောပြွမ်းနေသတဲ့
ရှုပ်ထွေးလွန်းတဲ့ ဒီဇယားမှာ
ယထာဘူတ ကျကျ
အတွေးအခေါ် အချိန်ဆဆင်ခြင်
လုပ်ချင်တာထက် လုပ်သင့်တာ
ဘယ်အရာ အသင့်မြတ်ဆုံးရယ်လို့
ဒို့မျှော်မှန်းတဲ့ပန်းတိုင်
ဆုပ်ကိုင်နိုင်ဖို့ အခွင့်အရေးဟာ
ရေမှာအရုပ်ရေးသလို မဖြစ်စေချင်ဘူးကွယ်။

နေရာပါဝါ ရှေ့တန်းတင်
လိုချင်တာရရှိရေး
လူ့အခွင့်ရေးတွေအမျိုးမျိုး
အချိုးအဖျက်ခံကြမှာလား
တစ်မျိုးသားလုံးရဲ့မျှော်မှန်းချက်
ရက်စက်ပျက်ကွက် ရှေ့ဆက်ကြမလား
လုပ်စားတဲ့ တော်လှန်ရေးမျိုးထက်
ပေးဆပ်စွန့်စားအနစ်နာခံ တော်လှန်ရေး
ရွေးချယ်မှန်ကန်ဖို့လိုမယ်
ရယ်ဝယ်သားလို သဘောထားနိုင်ကြပါစေ။