အောက်တိုဘာ ၂၇ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး( UNHCR) မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ တာဝန်ရှိသူများ၏ စီစဉ်ပေးမှုအရ အောက်တို ဘာလ ၂၆ရက်နေ့က နယ်စပ်ရှိ နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည် ၆၅ဦးမှာ မြဝတီမြို့၊ ကျောက်လုံးကြီးဘုရားလမ်းရှိ ပြန်လည် ကြိုဆိုလက်ခံရေးစခန်းမှာ ပြန်လည်ရောက်ရှိလာခဲ့သည်။ အဆိုပါ နေရပ်ပြန် ဒုက္ခသည်အချို့၏ ရင်တွင်းဖြစ်စကားများကို ကေအိုင်စီမှ တွေ့ဆုံမေးမြန်း ဖော်ပြချက်ဖြစ်သည်။
ဦးအေးကြွယ် (ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်)
ကိုယ့်တိုင်းပြည် ကိုယ်ပြန်ရောက်လာတော့ ပျော်တာပေါ့ဗျာ။ အစ်ကိုတို့ထွက်လာတာ ၈နှစ်ကျော် ၉နှစ်ထဲ ရောက်နေပြီ လေ။ ဒုက္ခသည်စခန်းထဲမှာနေရတာလည်း ငြီးငွေ့လာပြီ။ ပြီးတော့ သူများနိုင်ငံဆိုတော့ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံလောက် မကောင်းဘူးလေ။ သူတို့ထောက်ပံ့ကြေးပေးတယ်ဆိုပေမယ့်လည်း ကိုယ်ဆို မိသားစု ၈ယောက်ရှိတယ်။ ထောက်ပံ့ကြေးပေးပေ မယ့် မလုံလောက်ဘူးလေ။ မလောက်လို့ အပြင်ထွက်ပြီး အလုပ်လုပ်ပြန်တော့လည်း လွတ်လပ်ခွင့်မရှိဘူး။ နေရတာလည်း စိတ် အရမ်း ကျဉ်းကြပ်တယ်လေ။
လောလောဆယ်ကတော့ အခုန အခမ်းအနားမှာ လူကြီးတစ်ယောက်ပြောသွားတာတော့ မိသားစုတစ်စုကို မြန်မာငွေ ၃သိန်းထောက်ပံ့ပေးမယ်ကြားတယ်။ ပြီးတော့ တရားဝင် အလုပ်မရမချင်း လူတစ်ဦးကို တစ်နေ့ ၃ထောင်ကျပ် ကူညီပေးမယ်လို့ တော့ ပြောတယ်။ အခုတော့ ကိုယ့်နိုင်ငံမှာ ကိုယ့်အစိုးရလည်းဖြစ်နေပြီဆိုတော့ ပြန်မယ်လို့ဆုံးဖြတ်လိုက်တာပေါ့။ ဒီကိုပြန် ရောက်လာတော့ ကိုယ့်နိုင်ငံဆိုပေမယ့် ကင်းကွာနေတာ ၈နှစ်၊ ၉နှစ်ဆိုတော့ စီးပွားရေးအနေနဲ့ လုပ်ကိုင်စားသောက်မယ်ဆို ဘယ်လိုပြောမလဲ မျက်ခြေပြတ်နေတာ ဘာလုပ်လို့ ဘာကိုင်ရမှန်းတော့ မသိသေးဘူး။ ကိုယ့်မိသားစုနဲ့ ဘာအလုပ်လုပ်စားမလဲ ဆိုတာ ပြန်တိုင်ပင်ရမှာပေါ့။
နော်ယူထေ့ (ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မယ်သလယ်ကျေးရွာ)
ကျမရဲ့ အတွေ့အကြုံက ကျမနို့ဖိုးမှာ နေလာခဲ့တာ နှစ်အတော်ကြာပြီ။ တိုးတက်မှုကလည်း မရှိ၊ အထောက်အပံ့တွေ ကလည်း နည်းလာတယ်။ ဒါကြောင့်မို့ ကျမရဲ့ရွာမှာ ပြန်လာနေတော့မယ်လို့ စဉ်းစားမိတယ်။ စစ်ပွဲတွေကြောင့် စစ်ဘေးရှောင် ထွက်ပြေး၊ မိသားစုတွေ တကွဲတပြားဖြစ်ပြီး နို့ဖိုးရောက်တဲ့အထိ ဖြစ်သွားတယ်။ ရှေ့ဆက် စစ်ပွဲတွေ မဖြစ်ရင်တော့ နေလို့ရတာ ပေါ့။ စစ်ပွဲတွေ ထပ်ဖြစ်ရင်တော့ လမ်းသစ်ရှာရဦးမယ်ပေါ့။ ကိုယ့်ရွာရောက်ရင် ပျော်မှာပေါ့။ အခုက ကောင်းကောင်း မရောက် သေးဘူးဆိုတော့ ပြောလို့မရသေးဘူး။ ရှေ့ဆက် ကျမ မယ်သလယ်မှာပဲ ပြန်နေမယ်။ ကျမတို့မိသားစု (၅)ယောက်ပြန်လာတယ်။
UN ပေးထားတဲ့ အကူအညီတွေဖြစ်တဲ့ လမ်းစရိတ်၊ စားစရိတ်အပြည့်အစုံနဲ့ အနာဂတ်ဘဝအတွက်တွေ ရတာပေါ့။
ကလေးတွေအတွက် ကျမမျှော်လင့်တာက သူတို့ကျောင်းနေရဦးမယ်။ ကျောင်းပြန်ထားရမယ်။ ကျမတို့ရွာမှာလည်း ကျောင်းရှိ တယ်လေ။ ကျောင်းနေတန်းလန်း၊ ဂွကျတာတော့ လုပ်လို့မရတော့ဘူး။ အစကတည်းက ကျမဆုံးဖြတ်ထားတာက ကလေးတွေ ကျောင်းပိတ်မှပြန်လာမယ်။ နောက်ဆုံး ဒီကြားမှာဖြစ်လာတော့ ဘယ်လိုမှလုပ်လို့ မတတ်တော့ဘူး။ ပြန်လာဖို့အတွက်ကို တင် ထားပြီးပြီဖြစ်တဲ့အတွက် ပြန်လာရတာပေါ့။
စောဖိုးလယ် (ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မယ်ကတီကျေးရွာ)
ကျနော့်မိသားစုက (၅)ယောက်ရှိပါတယ်။ ဒုက္ခသည်မှာသွားနေတာ အနှစ် (၂၀) ရှိပြီ။ စစ်ပွဲတွေကြောင့် ဒုက္ခသည်ကို ရောက်ရှိတာ ဖြစ်တယ်။ ကျနော်နေလာတာ နှစ်(၂၀)အတွင်း နေလို့ဝပြီဖြစ်တဲ့အတွက် ကျနော်ပြန်လာတာဖြစ်တယ်။ အခြား ဘာမှမရှိဘူး။ ဒုက္ခသည်မှာနေတုန်းက ကျနော်တို့ ကောင်းကောင်းမွန်မွန်ပဲ စားရ၊ နေရပါတယ်။ ကောင်းကောင်းစောင့်ရှောက် တာကို ခံရပါတယ်။ မိသားစုအရေးတွေမှာတော့ အခက်အခဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ဒုက္ခသည်စခန်းထဲ က အဖွဲ့အစည်းထဲမှာ အလုပ်လုပ်ရတယ်။ အပြင်ကို အလုပ်ထွက်လုပ်လို့မရဘူး။ ဒါကြောင့် တစ်လအတွက်တော့ စားလို့ရတာ ပေါ့။ စုဆောင်းဖို့အတွက်ကျတော့ မရဘူးပေါ့။ အဲဒါကြောင့်မို့ အဲဒါက အခက်အခဲဖြစ်တာပေါ့။
ပြန်ရောက်လာပြီဖြစ်တဲ့အတွက် ပြောင်းလဲမှုတော့ ရှိလိမ့်မယ်။ ကျနော်တို့နေနေကျ မဟုတ်တဲ့အတွက် နေလို့သိပ်မ ပျော်ဘူး။ စိတ်ထဲကလည်း သိပ်မကောင်းဘူး။ ရှေ့ဆက် ကျနော်တို့ရဲ့နေရပ်ကို ပြန်ရောက်ရင်တော့ လုပ်ငန်းအသစ်တွေကို စလုပ်ရတော့မယ်ပေါ့။ လုပ်စားကိုင်စားရမှာပေါ့။ ကျနော်လုပ်ချင်တာကတော့ စိုက်ပျိုးရေးပဲပေါ့နော်။ ဘာတွေလုပ်ပေးဖို့ မျှော် လင့်သလဲဆိုတော့ တစ်ယောက်ချင်းစီရဲ့လိုအပ်မှုနဲ့ သင့်တင့်လျောက်ပတ်တာကို လုပ်ပေးဖို့ ဖြစ်စေချင်တယ်။ အခု အများအား ဖြင့် လာပေးတဲ့ အကူအညီတွေက ဆပ်ပြာ၊ အိပ်ယာနဲ့ အကျင်္ီတွေပဲကော။ ငွေကြေးပိုင်းကတော့ ကျနော်တို့ဟိုဘက်မှာ ပြန်လာ တုန်းက စာရွက်တစ်ရွက်ပေးလာတယ်။ ဒီရောက်ရင် အစိုးရက (၃)သိန်းထောက်ပံ့ပေးမယ်။ တစ်ရက်စာ တစ်ရက်စာအတွက် (၃၀၀၀)ပေးမယ်။ ဒါပဲ ရှိတယ်။
ကျနော်တို့က ဘဝကိုအသစ် အစကပြန်စရမယ်ဆိုတော့ ခြေလှမ်းဖို့အတွက် အင်အားတွေလိုပါတယ်။ အလုပ်လုပ် တော့မယ်ဆိုရင် အင်အားလိုပါတယ်။ အထောက်အပံ့ နည်းနည်းပါးပါးပေါ့။ ဒီမှာနေမယ်လိုု့တော့ မထင်(မခံယူထား)တော့ဘူး။ ကျနော်ရဲ့ရွာကိုပဲ ပြန်တော့မယ်။ ဘာကြောင့်လဲဆိုတော့ ဒုက္ခသည်မှာ အနှစ်(၂၀)လောက်နေလာခဲ့တာ ဝနေပြီ။ ကျနော် အေး အေးချမ်းချမ်း လူတွေနဲ့ မရောနှောတော့တဲ့နေရာမှာပဲ နေချင်တော့တယ်။
စောကြွယ် (ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မဲ့ပရာရွာ)
ဒီမှာက ကိုယ့်နယ်မြေဆိုတော့ အေးဆေးပြီဆိုတော့ပြန်လာတာပေါ့။ ဒီကိုပြန်လာတာကလည်း ကိုယ့်ဆန္ဒအလျောက် ပြန်လာတာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းမှာနေရတာကတော့ ဘာမှတော့ အခက်အခဲမရှိပါဘူး။ ဒါပေမယ့် ဘာမှတော့မဖြစ်လာ ဘူး။ တစ်ဝမ်းတစ်ခါးအတွက်ကတော့ ရတာပေါ့။ ဟိုမှာနေတာဘာမှမတိုးတက်ဘူးဆိုတော့ ပြန်လာတာပါ။ ဒီမှာက ကိုယ့်နိုင်ငံ ဆိုတော့ စိတ်ထဲမှာတော့ ပျော်တာပေါ့။
အခုကတော့ ကိုယ့်နယ်မြေထဲရောက်လာတော့ တောင်ယာလုပ်စား၊ လယ်လုပ်စားပေါ့။ ဒီမှာတော့ နေဖို့စိတ်မကူးဘူး။ ကိုယ့်ရွာ ရှိတဲ့ ဘုရားသုံးဆူမြို့နယ်ထဲက မဲ့ပရာရွာကိုပဲ ကိုယ်ပြန်မှာပေါ့။