စမနိုက်ဖောင် (ဖားအံ)
(အောက်တိုဘာလ ၁၅ရက်၊ ၂၀၁၆ခုနှစ်)
“ကျောက်မီးသွေးအသုံးပြုမယ့်ပစ္စည်းတွေ ရောက်ရှိလာပြီးလို့လည်း ခပ်သဲ့သဲ့ကြားနေရတယ်။ ဒီအရေးကိစ္စနဲ့တော့ ကျနော်တို့ ဒေသခံပြည်သူတွေ အလွန်ပဲ စိုးရိမ်နေတာတော့ အမှန်ပါ”
ဒီစကားကိုပြောသူက ကရင်ပြည်နယ်၊ ဖားအံမြို့နယ်မှာရှိတဲ့ တန်(၄,၀၀၀)မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေး လောင်စာနဲ့ ပြန်လည်အသုံးပြုဖို့ စိုးရိမ်နေရှာတဲ့ ဒေသခံတစ်ဦးပဲ ဖြစ်ပါတယ်။
အဲဒီစက်ရုံကို ကျောက်မီးသွေးလောင်စာနဲ့ ပြန်လည်အသုံးပြုသွားဖို့ စက်ရုံတာဝန်ရှိသူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ဒေသခံပြည်သူတွေကို မြိုင်ကလေးဘိလပ်မြေစက်ရုံဝင်းထဲက သီရိရတနာခန်းမဆောင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ရက်နေ့ က ခေါ်ယူအသိပေးပြောကြပြီးနောက်ပိုင်း ဒေသခံတွေက အခုလို စိုးရိမ်မှုတွေ စတင်ဖြစ်ပေါ်လာရတာပါ။
ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်လုပ်တာက ကုန်ကျစရိတ် အလွန်သက်သာပေမယ့် ရရှိလာမယ့် ဆိုးကျိုးတွေကိုတော့ ရင်ဆိုင် ကြုံတွေ့ရမှာဖြစ်ပါတယ်။ ကျောက်မီးသွေးကို အသုံးပြုပြီးဆိုရင် (၁)ကာဘွန်ဒိုင်အောက်ဆိုက် (၂)ဆာလဖာဒိုင်အောက်ဆိုက် (၃)နိုက်ထရိုဂျင်အောက်ဆိုက် (၄) Fly Ash လို့ခေါ်တဲ့ အဆိပ်ပြာမှုန် အမြဲလွှင့်ထုတ်နေပါလိမ့်မယ်။ အဆိပ်ပြာမှုန်တွေဟာ အနီး အဝေးမှာရှိတဲ့ လယ်ယာ၊ အင်းအိုင်ထဲနဲ့ သောက်ရေကန်တွေကို စိမ့်ဝင်သွားမှာဖြစ်တယ်။ အဲဒီရေကို သောက်သုံးသူတိုင်းက မျိုး ဆက်အဆင့်ဆင့်မှာ ကပ်ရောဂါဆိုးမျိုးစုံနဲ့ ဆက်တိုက် ခံစားစေရမှာ အသေအချာဖြစ်တယ်လုို့ ပညာရှင်တွေက ဆိုပါတယ်။
အဲဒီအပြင် အစဉ်မြဲထွက်နေမယ့် အက်စစ်ဓာတ်ငွေ့တွေဟာ လေထုညစ်ညမ်းမှုတွေ၊ အုံ့ဆိုင်းမှုန်မှိုင်းခြင်းတွေကို ဖြစ်စေပါတယ်။ အက်စစ်ငွေ့တွေဟာ မိုးရေနဲ့တွေ့တဲ့အခါမှာ အက်စစ်ပျော်ရည်ပျော့ဖြစ်သွားပြီး အဆိပ်မှုန်တွေ ရရှိပြီးသား သောက်ရေကန်တွေ မှာ အက်ဆစ်မိုးတွေကို ပြန်လည်ရွာသွန်းပါတယ်။ အက်စစ်ပျော့ဟာ အလွန် အစွမ်းထက်ပြီးတော့ သက်ရှိတွေမက ရုပ်၊ အဆောက်အဦးပါ ပျက်စီးစေပါတယ်လို့ ဆိုပါတယ်။
ကျောက်မီးသွေးကြောင့် ရရှိလာမယ့် ရောဂါတွေက အသက်ရှူလမ်းကြောင်းရောဂါကြောင့် သေဆုံးတာ၊ ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေမွေးတာ၊ မွေးလာတဲ့ကလေး ဉာဏ်ရည်မပြည့်တာ၊ ကိုယ်ကာယ မဖွံ့ဖြိုးတာတွေ ဖြစ်တတ်ပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ တီကျစ်မှာဆိုရင် အသုံးမပြုဘဲ စုပုံထားတဲ့ ကျောက်မီးသွေးတွေက ထွက်ရှိတဲ့ အာဆင်းနစ်(စိန်ဖြူ)ကြောင့် စက်ရုံ တည်နေရာရဲ့ ငါးမိုင်ပတ်ဝန်းကျင်က လူ(၁၀၀၀)ကျော်ဟာ အသက်အန္တရာယ်ရှိလာနိုင်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
ထိုင်းနိုင်ငံ၊ Lampang ခရိုင်မှာရှိတဲ့ မယ်မော (Mae Moh )ဟာ ၁၉၇၈ခုနှစ်က ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စတင် လည်ပတ်ခဲ့ပြီး အဲဒီကထွက်ရှိတဲ့ မီးခိုးပြာကြောင့် ၁၉၉၆ခုနှစ်မှာ ဒေသခံ ၆ဦး သွေးအဆိပ်သင့် သေဆုံးပြီး အဆိပ်သင့်သူ ၈,၀၀ဝ ကို ဆေးစစ်ရာမှာ ၃,၅၀ဝဦးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားနေရကြောင်း တွေ့ရှိရလို့ ဒေသခံတွေက အစိုး ရကို တရားစွဲဆိုခဲ့တာတွေ သာဓက ရှိခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်နှင့် မြစ်ချောင်းများ စောင့်ကြည့်သူ စောသာဘိုးက “ကျောက်မီးသွေးနဲ့ အသုံးပြုမယ်ဆိုရင် ကုန်ကျစရိတ် နည်းတာတော့ မှန်ပါတယ်။ ရေရှည်အရတော့ ဆိုးကျိုးက ပိုများနေပါတယ်။ မြိုင်ကလေးဘိလပ်မြေစက်ရုံက သဘာဝဓာတ်ငွေ့ လည်ပတ်ခဲ့တယ်။ အဲလိုပဲ လည်ပတ်စေချင်တယ်။ ဓာတ်ငွေ့တွေက သူများနိုင်ငံမှာရောင်းမယ့်အစား ကိုယ့်နိုင်ငံမှာ လိုအပ်တဲ့ နေရာတွေမှာသုံးရင် ပိုကောင်းလိမ့်မယ်”လို့ အကြံပြုပါတယ်။
ဒီမြိုင်ကလေး ဘိလပ်မြေစက်ရုံဟာ အရင် စစ်အစိုးရက ၁၉၉၆-၉၇ ခုနှစ်မှာ အဲဒီဒေသ ကျေးရွာ ၄ရွာက လယ်ယာမြေဧက ပေါင်း ၁၀၀၀ကျော်ကို ဒေသခံတွေဆီက အတင်းအဓမ္မ သိမ်းယူခဲ့ပြီး လာရောက်တည်ဆောက် လည်ပတ်ခဲ့တဲ့ ဘိလပ်မြေ စက်ရုံ ဖြစ်ပါတယ်။
အဲဒီသိမ်းယူထားတဲ့ မြေယာများနဲ့ပြောင်းရွေ့ခံရတဲ့ကျေးရွာတွေအတွက် ဦးသိန်းစိန်အစိုးရလက်ထက်မှ အခု NLD အစိုးရလက် ထဲအထိ ဘာတခုမှ နစ်နာကြေး၊ လျော်ကြေး မရရှိခဲ့သေးပါဘူး။ ဒါ့အပြင် စက်ရုံကထွက်ရှိလာတဲ့ ဘိလပ်မြေ အမှုန်အမွှားတွေ ကို အနီးအနားရွာပေါင်း ၂၀ကျော်တို့က နေ့စဉ်နဲ့အမျှ ရှူရှိုက်ခံစားနေကြရပါတယ်။
အဲဒီကိစ္စအပေါ် မြိုင်ကလေးရွာခံ မန်းကျော်ထက်ခိုင်က “စက်ရုံလာဆောက်တုန်းက တာဝန်ရှိသူတွေက လျှပ်စစ်မီးပေးမယ်။ လမ်းလုပ်ပေးမယ်။ နှုတ်ကတိတွေ ပြောသွားပြီးတော့ ပြောင်းရွှေ့ခံရတဲ့လူထုတွေက အခုထိ မြေယာလျော်ကြေးတောင် မရကြ သေးဘူး။ ဒီတစ်ခါလာပြန်ပြီး ကျောက်မီးသွေးနဲ့ပြန်လည်မယ်လို့တော့ စက်ရုံတာဝန်ရှိသူတွေက ပြောတယ်။ အန္တရာယ်မရှိဘူး လို့လည်း ပြောတယ်။ ဒီကိစ္စကို ဘယ်သူက တာဝန်ယူ၊ တာဝန်ခံမလဲ။ အရင်လို နှုတ်ကတိနဲ့ဆို ကျနော်တို့လက်မခံဘူး”လို့ သူက ပြောပါတယ်။
မြိုင်ကလေးတန်(၄,၀၀၀)ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးနဲ့ပြန်လည်အသုံးပြုဖို့ကိစ္စပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် စက် တင်ဘာလ ၁ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းသန်းသန်းလွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စောသန်း ထွဋ်နဲ့ အင်ဂျင်နီယာအဖွဲ့၊ မြို့နယ်အုပ်ချုပ်မှူးအဖွဲ့တို့က စက်ရုံမှာ ကျောက်မီးသွေး လောင်စာတွေထားရှိမယ့် နေရာကို သွား ရောက်လေ့လာ ကြည့်ရှူခဲ့မှုတွေ ရှိပါတယ်။
အဲဒီသွားရောက်လေ့လာမှုနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် နန်းသန်းသန်းလွင်က “ဒီစီမံချက်တွေ အစိုးရရဲ့ခွင့်ပြုချက်တွေ တင်ထားပြီးလား၊ ရထားပြီးလားမေးတော့ စက်ရုံတာဝန်ရှိသူတွေက ဘာမှမတင်ထားရသေးဘူးလို့ ပြောတယ်။ ဒီလို လုပ်ငန်းစဉ် စီမံချက်ရှိတယ်လို့တော့ သူတို့က ကျမတို့ကို ရှင်းပြတာပဲ ရှိပါသေးတယ်။ ကျောက်မီးသွေး ပြန်လည်အသုံးပြုရင် ဘယ်လိုကုန် ကျစရိတ် သက်သာကြောင်း သူတို့ကပြောပြတယ်။ ကျောက်မီးသွေးရဲ့ဆိုးကျိုးတွေ ဘယ်လိုရှိသလဲဆိုတာတော့ သူတို့ မရှင်းပြ ဘူး။ ပြည်သူတွေအကျိုးမရှိရင် ပြည်သူတွေကန့်ကွက်ရင် ကျမတို့က ခွင့်ပြုပေးဖို့ကတော့ မဖြစ်နိုင်ဘူး”လို့ ပြောပါတယ်။
အဲ့ဒီစက်ရုံကို ကျောက်မီးသွေးလောင်စာနဲ့ပြန်လည်အသုံးပြုမယ်ဆိုရင် လူမှုဘဝနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိလာနိုင် တဲ့အတွက် ဒေသခံပြည်သူတွေက စိုးရိမ်မကင်းဖြစ်နေကြရပါတယ်။ ရွာပေါင်း ၂၇ရွာမှာရှိကြတဲ့ လူဦးရေ ၂၉၅၅ဦးခန့်က အဲဒီ အစီအစဉ်ကို ကန့်ကွက်တယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ဝရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ဝန်ကြီး ချုပ်ရုံးမှာ ကန့်ကွက်စာ တင်ခဲ့ကြပါတယ်။
ဒီစက်ရုံကို ကျောက်မီးသွေးနဲ့ ပြန်လည်အသုံးပြုမယ်ဆိုရင် အနာဂတ် မျိုးဆက်လူငယ်တွေရဲ့ အသက်အန္တရာယ်၊ သဘာဝပတ် ဝန်းကျင် အရေးကိစ္စတွေအတွက် စိုးရိမ်စရာဖြစ်ပြီး ရရှိလာမယ့် ဆိုးကျိုးတွေအတွက် တာဝန်ယူ၊ တာဝန်ခံမှုကို ဘယ်လိုလုပ် ဆောင်မယ်ကို တိတိကျကျ မသိရသေးတဲ့အတွက်ကြောင့် အခုလို ဒေသခံတွေက ကန့်ကွက်ရတာဖြစ်တယ်လိုု့လည်း မြိုင်က လေးကျေးရွာအုပ်ချုပ်ရေးမှူး ခွန်စိုးနိုင်က ပြောပါတယ်။
သူက “ဒေသခံတွေက အားလုံးမကြိုက်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ဒီစက်ရုံက တာဝန်ရှိတဲ့သူတွေက အချိန်တန်ရင် ပြောင်း သွားကြတယ်။ အရင်လူတွေ လုပ်လာခဲ့တဲ့အရာတွေကို နောက်ပြန်လာတဲ့ဝန်ထမ်းတွေ မသိတော့ဘူးလေ။ ဒီလိုပဲ ကျနော်တို့ ဒေသခံတွေက ခံလာခဲ့ရတယ်။ နောင်လာမယ့် မျိုးဆက်တွေအတွက် အန္တရာယ်အလွန်များနေလို့ ကျနော်တို့ ကန့်ကွက်သွားမှာ ဖြစ်တယ်”လို့ သူ့ရဲ့ ဆန္ဒအမှန်ကို ပြောပြပါတယ်။
ဒီဘိလပ်မြေစက်ရုံကြောင့် အရင်အစိုးရအဆက်ဆက်က သိမ်းယူထားခဲ့တဲ့ မြေယာပြဿနာတွေ၊ စက်ရုံက ထွက်ရှိလာတဲ့ အမှုန်အမွှားတွေကို အခုအချိန်ထိ ဖြေရှင်းမှု တစုံတရာ လုပ်ဆောင်တာမရှိသေးဘဲ ကျောက်မီးသွေးလောင်စာကို ပြန်လည် အသုံးပြုမယ်ဆိုရင် လက်ရှိနေထိုင်ကြသူ ဒေသခံတွေနဲ့ နောင်မျိုးဆက်တွေအတွက်ကတော့ နှစ်ထပ်ကွမ်း ဒုက္ခဆိုးကျိုးတွေကို ရင်ဝယ်ပိုက် ခံစားရဖွယ် အလားအလာရှိနေတယ်ဆိုတာ ဧကန်မလွဲပါပဲ။