(မောင်ကျော်စွာ)
(၂၀၁၆ခုနှစ်၊ အောက်တိုဘာ ၁ဝရက်)
မသမာမှု၊ ခိုးဝှက်မှု၊ ကိုယ်ကျိုးရှာမှုတွေက ဘူးပေါ်သလိုနေပါတယ်။ ပေါ်ပုံပေါ်နည်းက နှစ်နည်းဖြစ်ပါတယ်။ သဘာဝတရားက ဖော်ထုတ်ပြတဲ့နည်း၊ နောက်တနည်းက ကိုယ့်ဟာကိုယ်မဖုံးနိုင်မဖိနိုင်ဘဲ စကားထဲက ဇာတိပြဆိုတာလို သူတို့အတွင်းသရုပ် နဲ့သူတို့ဗီဇ၊ သူတို့အကျင့်စရိုက်တွေ၊ သူတို့လုပ်ရပ်တွေကို သူတို့ဖာသာ ထုတ်ဖော်ပြတာမျိုး ဖြစ်ပါတယ်။
သဘာဝတရားက ဖော်ထုတ်ပြတဲ့နည်းက ရေကြီးရေလျှံဖြစ်တာ၊ ငလျင်လှုပ်တာတွေမှာ မသမာမှုတွေ၊ ခိုးဝှက်ထားတာတွေ၊ ကိုယ်ကျိုးရှာမှုတွေ ဖုံးမရဖိမရဘဲ ငေါငေါကြီးပေါ်ထွက်လာတာဖြစ်တယ်။ ရေကြီးတဲ့အတွက် တံတားတွေ၊ လမ်းတွေ ရေတိုက် စားသွားတဲ့အခါ သတ်မှတ်ထားတဲ့ စံချိန်စံညွန်းမမီဘဲ တည်ဆောက်ထားတာ၊ အမှန်တကယ် သုံးစွဲရမယ့် ဘိလပ်မြေ၊ ကျောက်၊ သံ၊ သစ် စတာတွေကို ဘုံးထားတာတွေ ပေါ်ကုန်ခြင်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဩဂုတ်လ၂၄ရက်၊ ပုဂံဒေသဘက်မှာ ရစ်ချတာစကေး ၆.၈ ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်တော့ ရှေးဟောင်းဘုရား ပုထိုးတွေ ပြိုကျကုန်ပါတယ်။ ငလျင်ကြောင့် ရှေးဟောင်းစေတီပုထိုး ၂၀ဝနီးပါး ပျက်စီးခဲ့ရပါတယ်။ ပျက်စီးသွားတဲ့ ရှေးဟောင်း ဘုရားပုထိုးစေတီအများစုဟာ ပြန်လည်ပြုပြင်ထားတဲ့ စေတီတွေဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက အခိုင်အမာပြောဆိုကြပါ တယ်။ ဒီငလျင်က တစ်နပ်စားဉာဏ်နဲ့ ပြီးစလွယ် ပြင်ဆင်ထားတာတွေ၊ အပေါ်ယံရွှေမှုံကြဲ အထဲက နောက်ချေးခံဆိုတာလို လုပ်ထားတာတွေ ပေါ်ကုန်တယ်။ စေတီတစ်ဆူရဲ့ဖောင်းရစ်နဲ့ ငှက်ပျော်ဖူး အုံလိုက် ပြိုကျရာမှာ(ထီးတင်ရာမှာ အဓိကဖြစ်တဲ့) “မဏ္ဍိုင်”ဟာ တောင့်တင်းခိုင်မာတဲ့ သံမဏိချောင်းမဟုတ်ဘဲ၊ (PVC) ပလပ်စတစ်ပိုက် အပြာကြီးဖြစ်နေတာကို အများမြင်တွေ့ခဲ့ ကြရတယ်။
သူတို့အတွင်းသရုပ် သူတို့ဖာသာဖော်ပြတဲ့နည်းတွေထဲမှာတော့ အုတ်အော်သောင်းနင်း ဖြစ်ရတာတစ်ခုကတော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်(MNHRC) အဖွဲ့ဝင်လူကြီးဆိုသူများရဲ့ လုပ်ရပ်ပါပဲ။ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များက အိမ် အကူ အလုပ်သမလေးနှစ်ယောက် (မသဇင်၊ မစန်းကေခိုင်) အပေါ် လူမဆန်စွာ ညှင်းပမ်းနှိပ်စက်မှုတွေ ပေါ်ပေါက်လာတာကို လူ့အခွင့်အရေးကော်မရှင်လူကြီးမင်းများ နစ်နာထိခိုက်သူများဘက်က မရပ်တည်တဲ့အပြင် လူမဆန်စွာ ညှင်းပမ်းနှိပ်စက်သူများ နဲ့ အလိုတူအလိုပါ ရပ်တည်ပြီး အဖြစ်မှန်ကို ဖုံးကွယ်ဖာထေး၊ အမှုလျော့ပေါ့အောင်လုပ်တဲ့ လုပ်ရပ်ပါပဲ။ ဒီလုပ်ရပ်ဟာ တာဝန် ပျက်ကွက်တဲ့အပြင်၊ ဥပဒေချိုးဖောက်ရာလည်း ရောက်ပါတယ်။ ဒီလို ဆိုးသွမ်းတဲ့လုပ်ရပ်ကို တာဝန်သိ မီဒီယာတွေက ဖော် ထုတ်၊ မေးမြန်းရာမှာလည်း ကော်မရှင်လူကြီးမင်းရဲ့အပြောအဆိုက အင်မတန်မှ မောက်မာရိုင်းပျပါတယ်။
အခု အဲဒီကော်မရှင်လူကြီးမင်း အပါအဝင် အင်းဝစက်ချုပ်ဆိုင်ပိုင်ရှင်များရဲ့ လူမဆန်တဲ့ ညှင်းပမ်းနှိပ်စက်မှုမှာ ပါဝင်ပတ်သက်ခဲ့ ကြတဲ့ ကော်မရှင်အဖွဲ့ဝင် ၄ဦးကို “ယင်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်” ဆိုတဲ့ သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုးထားတဲ့ အမိန့်အမှတ် (၅၆/၂၀၁၆)ကို အောက်တိုဘာလ ၆ရက်၊ နေ့စွဲဖြင့် ထုတ်ပြန်ထားပါတယ်။
လက်ရှိ အစိုးရအနေနဲ့ ဒီလူမဆန်မှုကို ဖော်ထုတ်တင်ပြခဲ့တဲ့ Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်း အား နိုင်ငံတော်သမ္မတက ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့ပါတယ်။ ဂုဏ်ပြုလွှာမှာ အခုလို ရေးသားပါရှိပါတယ်။
“မိမိ၏ လုံခြုံရေးနှင့် ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ လူသားချင်းစာနာထောက်ထားမှုကို ရှေးရှု၍ လူမှုအကျိုးပြုကိစ္စရပ်အား စွန့်စား ဆောင်ရွက်ပေးခဲ့သည့်အတွက် နိုင်ငံတော်သမ္မတက အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်” တဲ့။
တစ်ဖက်မှ ချီးကျူးဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတာဟာ မဂင်္လာတရားနဲ့အညီဖြစ်သော်လည်း အခြားတစ်ဖက်ဖြစ်တဲ့ ပြစ်မှုကျူး လွန်သူတွေနဲ့ တာဝန်ပျက်ကွက်သူတွေအပေါ်ကို ငဲ့ညှာထောက်ထားသလို ပြုမူတာမျိုးဟာလည်း လုံးဝ မဖြစ်သင့် မဖြစ်ထိုက်ပါ ဘူး။
ဒီလိုပြောဆိုတာဟာ ပြစ်မှုကျူးလွန်သူတွေနဲ့ တာဝန်ပျက်ကွက်သူ ကော်မရှင်အဖွဲ့ဝင်တွေအပေါ် ပုဂ္ဂိုလ်ရေး အညှိုးအာဃာတနဲ့ အရေးယူ အပြစ်ပေးစေချင်တာမျိုး မဟုတ်ပါဘူး။
ပြစ်မှုကျူးလွန်သူဟာ ပြစ်မှုနဲ့ထိုက်တန်တဲ့ အပြစ်ပေးမှုကိုတော့ တိတိကျကျခံယူဖို့ လိုအပ်ပါတယ်။ ထို့အတူပါပဲ လူ့အခွင့်အရေး ထိန်းသိမ်းမြှင့်တင် ကာကွယ်ရမယ့်တာဝန်ရှိတဲ့၊ လက်ရှိ လူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများအနေနဲ့လည်း မိမိရဲ့တာဝန် ပျက်ကွက်မှုအပေါ်၊ မောက်မာရိုင်းပျမှုအပေါ် လေးနက်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို မလွဲမသွေပြသဖို့ လိုအပ်လှပါတယ်။
ဒီဆောင်းပါးမှာ ပြစ်မှုကျူးလွန်သူတွေအပေါ် ပြစ်ဒဏ်ဘယ်လိုချမှတ်မယ်ဆိုတဲ့ ကိစ္စကို မပြောလိုသေးပါဘူး။ ပြောချင်တာက တာဝန်ပျက်ကွက်သူ ကော်မရှင်အဖွဲ့ဝင်လူကြီးတွေနဲ့ ပတ်သက်တဲ့အပိုင်းကိုသာ အဓိက ပစ်မှတ်(focus)လုပ်ချင်တာပါ။
အခုလို သက်သက်ညှာညှာ သဘောထားနဲ့ “ယင်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်”ဆိုတဲ့ စာ တစ်ကြောင်းနဲ့တော့ လုံးဝကို မလုံလောက်တာတော့ အမှန်ပါပဲ။ အလွန့်အလွန်ကို ပျော့ပြောင်းလွန်းနေပါတယ်။ တကယ်တော့ ဒီကိစ္စရဲ့ တာဝန်ရှိမှုဟာ (MNHRC) ကေ်ာမရှင်တစ်ခုလုံးနဲ့ လုံးဝ သက်ဆိုင်နေတာဖြစ်ပါတယ်။
ဒါကြောင့် (MNHRC) ကော်မရှင်ဥက္ကဋ္ဌအနေနဲ့ ကော်မရှင်ရဲ့ ဂုဏ်သိက္ခာ၊ မိမိတစ်ဦးချင်းဂုဏ်သိက္ခာ၊ မိမိအဖွဲ့ဝင်များရဲ့ ဂုဏ် သိက္ခာကို လေးစားကြောင်း၊ တန်ဖိုးထားကြောင်း အလေးအနက် ပြသတဲ့အနေနဲ့ ကော်မရှင်ဥက္ကဋ္ဌနဲ့ ကော်မရှင်အဖွဲ့ဝင်တွေဟာ ဒီကိစ္စမှာ အဓိကတာဝန်ရှိနေပါသဖြင့် ကော်မရှင်တစ်ဖွဲ့လုံး နုတ်ထွက်ပါကြောင်း၊ ဒီဖြစ်ရပ်အတွက် ထိခိုက်နစ်နာရသူတွေ အပါ အဝင်၊ ပြည်သူပြည်သားအားလုံးကို အနူးအညွတ်ဝန်ချ တောင်းပန်ကြောင်း လူသိရှင်ကြားပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ် ခြင်းအားဖြင့် ကော်မရှင်တစ်ခုလုံးရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုကို အလေးအနက်ဖော်ပြရာရောက်ပြီး နောင်အတွက် သင်ခန်းစာ ကောင်း၊ နမူနာကောင်းလည်း ဖြစ်စေပါလိမ့်မယ်။ လူကြီးလူကောင်းဆန်တဲ့ အပြုအမူလည်း ဖြစ်ပါလိမ့်မယ်။
တကယ်တော့ ဒီဖြစ်ရပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲက ထင်ရှားတဲ့နမူနာတွေအနက် တစ်ခုမျှသာဖြစ်ပါတယ်။ လူ့အ ခွင့်အရေးချိုးဖောက်မှုကို တောင်ပေါ်မြေပြန့်မကျန် ပြည်သူတွေ ရင်စီးခါးစီး ခံခဲ့ကြရတာပါ။ ခံနေရဆဲပါ။ ပြည်တွင်းမှာတင် မဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ပြီး လုပ်ကိုင်စားသောက်ရတဲ့ ရွေ့ပြောင်းအလုပ်သမားတွေအားလုံး ခံခဲ့ရ၊ ခံနေရတဲ့ ရင်ဆိုင်နေရတဲ့ ကိစ္စတွေသာ ဖြစ်ပါတယ်။
ဒီလို လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စတွေကို (MNHRC) မဖွဲ့စည်းမီအချိန်ကလည်း စစ်အစိုးရအဆက်ဆက်က လျစ်လျူရှုခဲ့သ လို စစ်အစိုးရအဆက်ဆက်နဲ့ စစ်တပ်ကိုယ်တိုင်က လူ့အခွင့်အရေးကို အဓိက ချိုးဖောက်သူတွေဖြစ်နေခဲ့လို့ပါပဲ။
အခုအချိန်ထိလည်း တပ်တွင်းမှာ၊ တပ်ပြင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတုန်းပါပဲ။ ပေါ်တာဆွဲတာ၊ သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ ကလေးစစ်သား အဓမ္မစုဆောင်းတာ စသဖြင့် အမျိုးစုံလှပါတယ်။ စစ်တပ်က စစ်ကျောင်းတွေမှာတောင် ကြီးနိုင် ငယ်ညှင်းလုပ်တဲ့ လူမဆန်မှုတွေ ပေါ်ထွက်လာခဲ့တယ် မဟုတ်ပါလား။
ကချင်ကျောင်းဆရာမလေးနှစ်ဦး အဓမ္မကျင့်သတ်ဖြတ်မှု၊ ကိုပါကြီးသတ်ဖြတ်မှု၊ တောင်သူဒေါ်ခင်ဝင်းသတ်ဖြတ်မှု၊ မိုင်းယော် လူသတ်မှုတို့လို လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တောင်ပေါ်မှာ၊ မြေပြန့်မှာ၊ ပင်လယ်ပြင်က ကျွန်းပေါ်မှာ၊ အကျဉ်းထောင် တွေမှာ၊ ရဲဘက်စခန်းတွေမှာ ပြည့်နှက်နေပါတယ်။
ခန္ဓာကိုယ်ကို နှိပ်စက်ညှင်းပမ်းတာ၊ စိတ်ကိုနှိပ်စက်ညှင်းပမ်းတာ စသဖြင့် လူမဆန်တဲ့ နည်းပေါင်းစုံနဲ့ လူမဆန်ဆုံး လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေ ဒီကနေ့အထိ ရပ်ဆိုင်းမသွားသေးပါဘူး။ ပုံစံမျိုးစုံနဲ့ ဆက်လက် ချိုးဖောက်နေ ကြဆဲ၊ ကျူးလွန်နေကြဆဲဖြစ်ပါတယ်။
ဒါ့အပြင် ဒီလိုကျူးလွန်ခဲ့တဲ့ ရာဇဝတ်ပြစ်မှုကြီးတွေအပေါ် ဘယ်သူကမှ မိမိမှာ တာဝန်ရှိပါတယ်လို့ တာဝန်မခံကြပါဘူး။ “အထက် အမိန့်အရ” လုပ်ခဲ့ရတာပါလို့ ထမင်းရေပူလာ လျှာလွှဲဆိုတာလို ကိုယ်လွတ်ရုန်းခဲ့ကြတဲ့သူတွေချည်း ဖြစ်ပါတယ်။
သူတော်စင်လည်း မဟုတ်လေတော့ ဒီလို လူမဆန်မှုကြီးတွေကို ဘယ်လို ဥပေက္ခာစိတ်မျိုးနဲ့မှ လျစ်လျူမရှုနိုင်ပါဘူး။ ခွင့်မလွှတ် နိုင်ပါဘူး။ မမေ့ဖျောက်နိုင်ပါဘူး။ ဒါတွေဟာ ဖြစ်ခဲ့ပြီ၊ ပြီးခဲ့ပြီပဲ။ အတိတ်ကိုအတိတ်မှာပဲ ထားကြစို့လို့ ရက်စက်စိမ်းကားတဲ့ စကားကိုလည်း ဦးနှောက်၊ နှလုံးသားနဲ့ ပါးစပ်ကနေ ဘယ်လိုမှ ပြောမထွက်နိုင်ပါဘူး။ ဒီလိုပြောထွက်မယ်လို့ ကြံစည်တဲ့အခါ တိုင်း သေဆုံးသွားသူတွေ နစ်နာခဲ့ကြသူတွေရဲ့ မျက်နှာတွေ၊ မျက်လုံးတွေ၊ စကားသံတွေ၊ အံကြိတ်သံတွေ၊ ခံပြင်းသံတွေ၊ တက်ခေါက်သံတွေကို မြင်ယောင်ကြားယောင်နေမိပါတယ်။
ဒါကြောင့် အတိတ်ကိုမေ့ဖို့၊ အတိတ်ကို ခွင့်လွှတ်ဖို့ဆိုတဲ့ သင်ပုန်းချေတာတွေမပြောခင်မှာ ပြစ်မှုကျူးလွန်သူတွေ၊ တာဝန်ပျက် ကွက်ချိုးဖောက်သူတွေက သူတို့ကျူးလွန်တဲ့ ပြစ်မှုနဲ့၊ ပျက်ကွက်မှုနဲ့လျော်ညီတဲ့ ပြစ်ဒဏ်ကိုခံကြတယ်၊ တာဝန်ခံမှု၊ တာဝန်ယူမှု ကို ခံယူကြတယ်။ မှားယွင်းကြောင်း ထုတ်ဖော်ဝန်ခံတယ်ဆိုတာကို အထင်အရှားနဲ့ အကျယ်အပြန့် ပြသကြဖို့ကိစ္စဟာ ပထမ ဆုံး အချက်အနေနဲ့ မဖြစ်မနေ လိုအပ်ပါတယ်။
နိဂုံးချုပ်ရမယ်ဆိုရင်။
ပထမအချက်အဖြစ် လက်ရှိအစိုးရအနေနဲ့ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ တာဝန်ပျက်ကွက်မှုကို ပြစ်တင်ရှုံ့ချပြီး လက်ရှိကော်မရှင် ကို ဖျက်သိမ်းပေးရပါမယ်။
ဒုတိယအချက် လက်ရှိ လူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းပြီး အသစ် ပြန်လည်ဖွဲ့စည်းရပါ့မယ်။ လက်ရှိ ဖွဲ့စည်းထားတဲ့ (MNHRC)ကို လူ့အခွင့်အရေး အဆိုးဝါးဆုံး ချိုးဖောက်ခဲ့တဲ့ (ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းများက အကြိမ်ကြိမ် ပြစ်တင် ရှုံ့ချခဲ့တဲ့) စစ်အစိုးရရဲ့ အာဏာအမွေစားအမွေခံ အစိုးရ (ကြံ့ဖွံ့ပါတီအစိုးရ) က စတင်ဖွဲ့စည်းပေးခဲ့တာပါ။
ဒါ့အပြင် လက်ရှိကော်မရှင်မှာ ပါဝင်နေသူတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တိုက်ရိုက်ပါဝင်ခဲ့ဖူးသူ၊ သွယ်ဝိုက်ပါဝင် ပတ်သက်သူ၊ စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခုခံကာကွယ်ပေးတဲ့လုပ်ငန်းတွေမှာ တနည်းမဟုတ်တနည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့ကြသူတွေ ဖြစ်နေပါတယ်။ သူတို့ဟာ စစ်အစိုးရအဆက်ဆက်အပေါ် သစ္စာခံအမှုထမ်းခဲ့ကြတဲ့ စစ်ဗိုလ်ဟောင်းတွေ၊ ဗျူရိုကရက်ဟောင်းတွေ၊ သံတမန်ဟောင်းတွေလည်းဖြစ်ပါတယ်။
ဒီလိုလူစားတွေနဲ့(MNHRC)ကို ဖွဲ့စည်းထားတယ်ဆိုတာကိုယ်က လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအပေါ်ကို နှစ်ထပ်ကွမ်း စော်ကားလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသစ်ပြန်လည်ဖွဲ့စည်းမယ့် လူ့အခွင့်အရေးကော်မရှင်အသစ်မှာ ဒီလိုလူစားမျိုးတွေ မပါဝင်စေဘဲ သန့်စင်တဲ့ လူ့အခွင့်အရေးကော်မရှင်သစ်ဖြစ်ဖို့ အထူးပဲ လိုအပ်ပါတယ်။
တတိယအချက်ကတော့ အသစ်ပြန်လည်ဖွဲ့စည်းမယ့် လူ့အခွင့်အရေးကော်မရှင်အသစ်ဟာ “ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာ တမ်း”အပေါ်ဖြောင့်မတ်တည်ကြည်စွာရပ်တည်ပြီး ပြည်တွင်းမှာရော ပြည်ပမှာပါရှိနေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများရဲ့ လူ့ အခွင့်အရေးကို ဟန်ပြမဟုတ်ဘဲ ထိထိရောက်ရောက်၊ ပီပီပြင်ပြင် မြှင့်တင်ပေးဖို့နဲ့ အကာအကွယ်ပေးဖို့ မုချလိုအပ်ပါကြောင်း။