Home သတင်း KNU အမည်ခံ သစ်ကား အခွန်‌ကောက်ခံ‌နေသူ ၂ ဦး ဖမ်းဆီးခံရ

KNU အမည်ခံ သစ်ကား အခွန်‌ကောက်ခံ‌နေသူ ၂ ဦး ဖမ်းဆီးခံရ

1970

စက်တင်ဘာ ၂၈ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်အမျိုးသားအစည်းအရုံး(KNU) အမည်ခံ၍ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ခုနှစ်‌ခွေ‌တောင်‌ပေါ်တွင် ဖြတ်သန်းသွားလာ‌နေသည့် ကုန်တင်သစ်ကားများကို အခွန်‌ကောက်ခံ‌နေသူ ၂ ဦးအား စက်တင်ဘာ ၂၆ ရက်‌နေ့တွင် KNU ဒူးပလာယာခရိုင် လက်‌အောက်ခံ (KNLA)တပ်ရင်း ၁၆ မှ သွား‌ရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ယခုကိစ္စအ‌ပေါ် KNU ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ် ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက “KNU အဖွဲ့အစည်းက ဆိုပြီး မုဒုံခုနှစ်‌ခွေ‌တောင်‌ပေါ်မှာ သစ်ကား‌တွေကို အခွန်‌ကောက်ခံ‌နေတဲ့လူရှိတယ်လို့ ကားသမား‌တွေဆီက တစ်ဆင့် သိရတယ်။ ဒီလိုအဖွဲ့အစည်းနာမည် အလွဲသုံးစားလုပ်တာ ကျ‌နော်တို့ အဖွဲ့အစည်းမျက်နှာ ပျက်တာ‌ပေါ့။ ဒါ‌ကြောင့် ဖမ်းရတာပါ။ ဘယ် KNU အဖွဲ့အစည်းမှ အဲဒီ‌နေရာမှာ အခွန်‌ကောက်ခံဖို့ တာဝန် ‌ပေးထားတာ မရှိဘူး”ဟု ပဒို‌စော‌မောင်‌ရွှေက ‌ပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးသည် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ(KNU/KNLA-PC) လက်မှတ်ကိုင်‌ဆောင်ထားသူ (KNU/KNLA-PC) တပ်ရင်း (၇၀၉)မှ ‌စော‌အောင်သက်(ခ)‌စောမဟူရာနှင့် ဟံသာဝတီ ပြန်လည်ထူ‌ထောင် ‌ရေးအဖွဲ့ဟု အ‌ထောက်အထားများအရ သိထားရသူ နိုင်‌ကျော်(ခ)‌ကျော်ဦးတို့ဖြစ်ကြပြီး ၎င်းတို့အား ဖမ်းဆီးရမိစဉ်မှာမူ လက်နက်တစ်စုံတစ်ရာရရှိခြင်းမရှိ‌ကြောင်း KNU က ‌ပြောဆိုသည်။

KNU အမည်ခံ သစ်ကားအခွန်‌ကောက်သူ နှစ်ဦးထဲမှ တစ်ဦးမှာ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ(KNU/KNLA-PC) လက်မှတ်ကိုင်‌ဆောင်ထားသူမှာ မိမိအဖွဲ့ဝင် ဟုတ်မဟုတ် အတည်ပြုသွားမည်ဖြစ်‌ကြောင်း KNU/KNLA PC ဌာနချုပ်ရုံးမှ အမည်မ‌ဖော်လိုသူ အမျိုးသမီးသမီးတစ်ဦးက ‌ပြောသည်။

“တာဝန်ရှိတဲ့ လူကြီး‌တွေ ခရီးထွက်သွားလို့ပါ။ မ‌နေ့က အဖူးထင်‌မောင်‌မွေး‌နေ့မှာ ဧည့်သည်တချို့ အဲဒီ စကားအ‌ကြောင်း ‌ပြောသွားတာ ကြားလိုက်တယ်။ ကျမ စာရင်းပြန်ကြည့်ရဦးမယ်။ တာဝန်ခံ မဟုတ်‌တော့ ဆုံးဖြတ်‌ပေးလို့ မရပါ။ စာရင်းထဲမှာ သူ့နာမည် ပါမပါ ကျမတို့ ပြန်အတည်ပြုလိုက်မယ်”ဟု သူမက ဆိုသည်။

ထို့အပြင် KNU အမည်ခံနှစ်ဦးအား သွား‌ရောက်ဖမ်းဆီးရာတွင် ပါဝင်သူ KNLA တပ်ရင်း ၁၆ မှ ဒုခွဲမှူး ‌စောရဲ‌လေးက ကားသမားများ၏ ‌ပြောဆိုချက်အရ ၎င်းတို့သည် ပြီးခဲ့သည့် နှစ်ကတည်းကပင် သစ်ကားများကို အခွန်‌ကောက်ခဲ့ပြီး ယခုကိစ္စအ‌ပေါ် KNU ခရိုင်အဆင့် ရဲတပ်ဖွဲ့ဝင်များ၏ ညွှန်ကြားချက်အတိုင်း ဆက်လက်အ‌ရေးယူ ‌ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ‌ပြောဆိုသည်။

လက်ရှိ ဖမ်းဆီးခံထားရသူနှစ်ဦးကို ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) တပ်ရင်း ၁၆ ရုံး၌ ထိမ်းသိမ်းထားပြီး မည်သည့် အဖွဲ့အစည်းမှဖြစ်သည်ကို ‌သေချာ‌အောင် စိစစ်‌ဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိ‌ကြောင်း သိရသည်။