စက်တင်ဘာ ၃ဝ ရက်၊ ၂၀၁၆ ခုနှစ်။ စောထွန်းလင်း
တနသင်္ာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ နှမ်းကျဲကျေးရွာအုပ်စု၊ ကျေးဇူးတော်ရွာနှင့် မြိတ်မြို့နယ်၊ ဘန်မဲ့နှင့် တုံးဗျောကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်သည့် မူလပိုင်ရှင် စစ်ဘေးရှောင်ဒုက္ခသည်(IDPs)များကို လုပ်ခွင့်ရမြေနေရာကျူးကျော်သည်ဟုဆိုကာ ယင်းဒေသ၌ ဆီးအုန်းစိုက်ပျိုးရန် မြေနေရာများ ရယူထားသည့် အေးရှားဝေါလ်နှင့် ရွှေပဒုမ္မာကုမ္ပဏီတို့က တရားစွဲဆိုနေသည်ဟု ဒေသခံများက ပြောဆိုသည်။
ထိုသို့ တရားစွဲဆိုခံရမှုကြောင့် ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ တရားစွဲဆိုခံရသူ ဒေသခံများနှင့် ၎င်းအရေး လိုက်လံကူညီပေးနေသည့် တနသင်္ာရီ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး ရန်ကုန်မြို့၊ ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ စက်တင်ဘာ ၂၉ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ကာ ဒေသခံများဘက်မှ ကြုံတွေ့ခံစားနေရသည့် အခြေအနေများကို ကျေးဇူးတော်ရွာသားဖြစ်သူ စောမျိုးမင်းက ကေအိုင်စီသို့ ယခုလို ပြောဆိုသည်။
“ကုမ္ပဏီက တရားစွဲဆိုတဲ့နေရာမှာ ကျေးဇူးတော်ရွာသား ၄ ဦး ပါတဲ့ထဲမှာ ကျနော်လည်း ပါတယ်။ တရားစွဲ ဆိုထားတော့ ရုံးချိန်းသွားတဲ့အခါမှာ အလုပ်အကိုင်ပျက်တယ်။ ဆိုင်ကယ်လည်းမရှိတော့ ငှားသွားရတယ်။ စားဝတ်နေရေး ခက်ခဲတဲ့ အချိန်မှာ အခုလိုဖြစ်တော့ ပိုဒုက္ခရောက်တယ်။ ကျနော်တို့ ဘိုးဘွားပိုင်မြေနေရာမှာ ပြန်လာနေလို့ ရတယ်ဆိုလို့ ပြန်လာနေတာ။ တရားစွဲခံရတော့ အခက်အခဲဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
ကျေးဇူးတော်ရွာသားများသည် ၁၉၉၂ ခုနှစ်က တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ တိုက်ပွဲများဖြစ်ခဲ့သောကြောင့် ရေး-ထားဝယ် လမ်းမကြီးဘက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပြီးနောက် ၁၉၉၉ ခုနှစ်၌ ယင်းဒေသတွင် ဆီအုန်းစိုက်ပျိုးရန် မြေ ၆၁၁ ဧကကို ရွှေပဒုမ္မာကုမ္ပဏီက လုပ်ခွင့် ရရှိခဲ့သည်။
ထို့နောက် ၂၀၁၂ခုနှစ်တွင် အစိုးရနှင့် KUN အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ရရှိလာသည့်အခါ ထိုစဉ်က ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောဟာဗီ၏ ခွင့်ပြုချက်ဖြင့် ဒေသခံများသည် မူလရွာဟောင်း နေရာသို့ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် ကုမ္ပဏီက ပြန်လာနေထိုင်သူ ရွာသား ၄ ဦးကို ပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ထို့အတူ တပ်မတော်နှင့် KNU တို့ တိုက်ပွဲကြောင့် မြိတ်မြို့နယ်အတွင်း ၁၉၈ဝ ခုနှစ်ကတည်းကပင် ရွာအဖြစ် တည်ရှိသော ဘန်မဲ့နှင့် တုံးဗျောကျေးရွာတို့လည်း ၁၉၉၇ ခုနှစ်တွင် ရွာနှင့် ငါးမိုင်ကွာဝေးသော မြိတ်- တနသင်္ာရီ ကားလမ်းဘေးသို့ ပြောင်းရွှေ့ခြင်းခံခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင် KNU ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ ၄ ၏ ခွင့်ပြုချက်ဖြင့် မူလနေရာသို့ နေထိုင်ခဲ့ကြသည်။ သို့သော် ယင်းဒေသ၌ ၂၀၀ဝ ပြည့်နှစ်က ဆီအုန်းစိုက်ပျိုး ခွင့် ၉,၀၁၂ ဧကကျော်ရရှိထားသည့် အေးရှားဝေါလ်ကုမ္ပဏီက ဒေသခံများအား ပိုင်နက်ကျူးကျော်မှုဖြင့် ယခုနှစ်အတွင်းတွင် တရားစွဲဆိုခဲ့သည်ဟု တရားစွဲဆိုခံရသူ စောမောင်ဘွာက ပြောသည်။
သူက “ကျနော်တို့ ပြန်နေတာ တရားစွဲခံရတယ်။ နောက် ရွာသားတွေဖောက်ထားတဲ့ လမ်းကို အေးရှားဝေါလ် ရောက်လာတဲ့အချိန်မှာ ဖြတ်သန်းခကောက်တယ်။ ထရော်လာဂျီ တစ်စီးဆို ဘယ်လောက် ပေးရတယ်။ အခု ရုံးချိန်းသွားရတာ ၉ ခါလောက်ရှိပြီ။ စစ်ပြေးနေရတော့ ပိုင်ဆိုင်ခွင့် အထောက်အထားတွေဘယ်လိုလုပ်နိုင်မလဲ။ ကျနော်တို့ ဘိုးဘွားပိုင်မြေနေရာတွေကို ပြန်လုပ်ကိုင်စားသောက်ခွင့် ရချင်တယ်”ဟု ပြောသည်။
ယခုဖြစ်စဉ်တွင် ကုမ္ပဏီသည် ပိုင်ဆိုင်မှုအထောက်အထားရှိပြီး တရားစွဲခွင့်ရှိသော်လည်း ယင်းဒေသများတွင် ရွာသားများ အမှန်တကယ်နေထိုင်ခဲ့သည့်အတွက် နေထိုင်လုပ်ကိုင်ခွင့်ရသင့်ကြောင်းနှင့် ဥပဒေပိုင်း အားနည်း ချက်များကို ယခု အစိုးရအနေဖြင့် မြေယာပေါ်လစီရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားပေးစေလိုကြောင်း တရားစွဲ ခံရသည့် ရွာသားများဘက်မှ ကူညီပေးနေသူ မြိတ်ရှေ့နေများကွန်ရက်မှ စဧရာဝင်းကလည်း ပြောသည်။
တနသင်္ာရီတိုင်းဒေသကြီးရှိ စစ်ဘေးရှောင်း IDPs များသည် ၎င်းတို့မူလနေထိုင်ရာနေရာ၌ မြေယာဧက ထောင်ချီ သိမ်းယူခံထားရသည့်အတွက် ကုလသမဂ္ဂ ပြဌာန်းထားသည့် စံနှုန်းများနှင့်အညီ နေရပ်သို့ ပြန်လည်အခြေချရေးတွင် ယခုအချိန်ထိ အခက်အခဲများကြုံတွေ့နေရခြင်းဖြစ်သည်ဟု ဒေသခံများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြောဆိုထားသည်။