(မောင်ကျော်စွာ)
(၂၀၁၆ ခုနှစ်၊ ဩဂုတ် ၂ဝ )
လာမည့်ရက်ပိုင်းအတွင်း “၂၁ ရာစု ပင်လုံညီလာခံ” စတင် ကျင်းပပါတော့မယ်။
သို့သော်လည်း ယနေ့အထိ ကချင်ပြည်နယ်မှာ သေနတ်သံ၊ လက်နက်ကြီး ပစ်ခတ်ပေါက်ကွဲသံများနဲ့အတူ အများပြည်သူ သေကြေ၊ ဒဏ်ရာရရှိတဲ့သတင်းတွေကို ကြားနေရဆဲဖြစ်ပါတယ်။
ထိုအသံများ၊ ထိုဖြစ်ရပ်များက “၂၁ ရာစုပင်လုံညီလာခံ”ကို အရုပ်ဆိုး အကျည်းတန်စေပါတယ်။
ဒါကြောင့် အနိမ့်ဆုံးအားဖြင့် အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့များဟာ “၂၁ ရာစုပင်လုံ ညီလာခံ” ကျင်းပနေစဉ်ကာလအတွင်း နှစ်ဖက်တပ်များရဲ့ စစ်ရေးလှုပ်ရှားမှုများ၊ ပစ်ခတ်မှုများကို ရပ်ဆိုင်းထားသင့်ပါတယ်။ ဒီလို ရပ်ဆိုင်းထားခြင်းအားဖြင့် “၂၁ရာစု ပင်လုံညီလာခံ”ရဲ့ ဂုဏ်သရေကို ဆောင်သင့်ပါတယ်။
“၂၁ရာစု ပင်လုံညီလာခံ” ပါဝင်တက်ရောက်နိုင်သူတိုင်းက သူတို့ လိုလားချက်များကို စာတမ်းပြုစုပြီး တင်ပြကြမှာ အသေအချာ ပါပဲ။ မည်သည့် သဘောထားရပ်တည်ချက်ရှုဒေါင့်ကနေ တင်ပြတာပဲဖြစ်ဖြစ် “စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီနဲ့ စစ်မှန်တဲ့ ဖက်ဒ ရယ်ပြည်ထောင်စု”ကို တကယ်တန်း ရည်မှန်းတယ်ဆိုရင် အောက်ပါ လက်တွေ့ပြဿနာ နှစ်ရပ် ဦးတည်ဖြေရှင်းကို ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။
၁။ “၂၀၀၈ အခြေခံဥပဒေ” ဖျက်သိမ်းရေး (အနိမ့်ဆုံး ပြင်ဆင်ရေး)
၂။ စစ်တပ်ကို နေရာမှန်ပြန်ပို့ရေး
ဘယ်လို စာတမ်းပဲတင်ပါစေ၊ အထက်ပါအချက်နှစ်ရပ်ကို လက်တွေ့ကျကျဖြေရှင်းရေး မပါဝင်ဘူးဆိုရင် ဘာမှတိတိကျကျ ဖြစ် မြောက်လာနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့ဆိုရင် ဒီကိစ္စနှစ်ရပ်ကို မဖြစ်မနေ ကိုင်တွယ်ဖြေရှင်းဖို့ လိုကိုလိုအပ်နေလို့ပါပဲ။
ဒါကြောင့် ၂၁ရာစုပင်လုံညီလာခံမှာ ဦးတည်ကိုင်တွယ်ရမယ့်ကိစ္စဟာ “၂၀၀၈ အခြေခံဥပဒေ”ဖျက်သိမ်းရေး (အနိမ့်ဆုံး ပြင်ဆင် ရေး)နဲ့ စစ်တပ်ကို နေရာမှန်ပြန်ပို့ရေးပဲ ဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးရနိုင်/မရနိုင်ဆိုတာကလည်း ဒီကိစ္စနှစ်ရပ်ကို ဘယ်အတိုင်းအတာအထိ ဖြေရှင်းနိုင်သလဲ ဆိုတဲ့ အပေါ် တည်မှီနေပါတယ်။
“စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ဖို့ဆိုရင် “၂၀၀၈ အခြေခံဥပဒေ”အတိုင်းသွားလို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဆိုကြပါစို့။ ၂၁ရာစုပင်လုံညီလာခံမှာ “ဗမာပြည်နယ်” အပါအဝင် ပြည်နယ်သစ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသသစ်တွေ တိုးချဲ့ ဖွဲ့စည်းရမယ်လို့ ဆုံးဖြတ်ခဲ့ရင် အနိမ့်ဆုံးအားဖြင့် “၂၀၀၈အခြေခံဥပဒေ”ကို ပြင်ကိုပြင်ဆင်ရလိမ့်မယ်။ ဒီလိုပြင်ဆင်လိုက် မယ်ဆိုရင် လက်ရှိ “ တိုင်းဒေသကြီး ၇ခုနဲ့ ပြည်နယ် ၇ခု” ဆိုတဲ့ ပုံစံပြောင်းလဲသွားမှာပါ။
အကယ်၍ ဒီလိုပြင်ဆင်မှာကို စစ်တပ်ကိုချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တစ်စုက လက်ခံပါ့မလား။ “ပြည်ထောင်စုဖြိုခွဲတာပါ”လို့ ဆိုလာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၂၀(စ)အရ စစ်တပ်နဲ့ ကာချုပ်က ဥပဒေအရဆိုပြီး လုပ်လာခဲ့ရင် ဘာတတ်နိုင်ကြမလဲ။ ဘယ်လို ဆက်လုပ်ကြမလဲ။ ဒါက လက်တွေ့ကျကျ စိတ်ကူးကြည့်တာပါ။
ဒီတော့ စစ်တပ်ကို စစ်ဗိုလ်ချုပ်တစ်စုက စိတ်ကြိုက်လက်ကိုင်ပြုပြီး နိုင်ငံရေး၊ စီးပွားရေးမှာ လွှမ်းမိုးချယ်လှယ်နေမှုကို ပြတ်ပြတ် သားသားဖယ်ရှားပြီး စစ်တပ်ကို နေရာမှန်ပြန်မပို့နိုင်ဘူးဆိုရင်တော့ အိတ်ပေါက်နဲ့ ဖားကောက်သလိုပဲ ဖြစ်မှာပါ။
သေချာတာတော့ ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်တပ်ကို နေရာမှန်ပြန်ပို့ရေး ဆိုတဲ့ကိစ္စ ၂ရပ်ကို မတို့မထိဘဲ “စစ်မှန်တဲ့ ပါတီစုံ ဒီမို ကရေစီနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု”ကို ရရှိနိုင်မယ်လို့ ထင်မြင်ယူဆတာဟာ စိတ်ကူးယဉ်တာမဟုတ်ရင်၊ မိုက်မဲတာ ပဲဖြစ်မှာပါ။ တနည်းအားဖြင့် “၂၁ ရာစုပင်လုံညီလာခံ”ရဲ့ ရလဒ်ကို အကဲဖြတ်တဲ့အခါ ဒီအချက်နှစ်ရပ်ကို ဘယ်လောက်အတိုင်း အတာအထိ ကိုင်တွယ်နိုင်သလဲဆိုတဲ့ အချက်နဲ့ပဲ စံပြုတိုင်းတာရမှာပါပဲလို့ ယူဆပါတယ်။
လက်တွေ့ကျတဲ့ နောက်တစ်ချက်က “၂၁ရာစု ပင်လုံညီလာခံ”က ဆွေးနွေးရရှိတဲ့အချက်တွေကို လွှတ်တော်က အတည်ပြုတဲ့ ကိစ္စ ဖြစ်ပါတယ်။ လက်ရှိလွှတ်တော်ကို ဒီချုပ်ပါတီက လွှမ်းမိုးထားလေတော့ အတည်ပြုနိုင်ကောင်းပါတယ်။
ကောင်းပြီ…။ “၂၁ရာစုပင်လုံညီလာခံ”က ရလဒ်တွေကို ပြည်ထောင်စုလွှတ်တော်က တခဲနက်အတည်ပြုခဲ့ပြီ။ ဒီအတည်ပြုချက် တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ “၂၀၀၈ အခြေခံဥပဒေ”ကို ပြင်ဆင်ရမယ့်အပိုင်းတွေ ရောက်လာပြီဆိုကြပါစို့။ ဒီအခါ မှာ ကာချုပ်ရဲ့ ၂၅% စစ်ဗိုလ်အမတ်တွေက အဆုံးအဖြတ်အခန်း အဓိကဖြစ်လာပါပြီ။
အခြေခံဥပဒေကိုပြင်ဆင်ဖို့မှာ ဒီချုပ်ပါတီ လွှတ်တော်အမတ်တွေနဲ့ချည်း ဆုံးဖြတ်အတည်ပြုလို့ မရပါဘူး။ ပုဒ်မ ၄၃၆ (က)နဲ့ (ခ)ဟာ တည်ဆဲဥပဒေပုဒ်မတွေ ဖြစ်ပါတယ်။
ဒီအချက်က ပြည်သူက ရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆုံးအဖြတ်ကို ပြည်သူလူထုက ဆန္ဒမဲပေး ရွေးချယ်တာမဟုတ်တဲ့၊ စစ်ဗိုလ်ချုပ်(ကာချုပ်)ရဲ့ သဘောဆန္ဒတစ်ခုထဲနဲ့ ပယ်ချနိုင်တဲ့အချက်ဖြစ်ပါတယ်။ ဒီအချက်ဟာ ၂၀၀၈ အခြေခံဥပဒေရဲ့အနှစ်သာရဖြစ်ပါတယ်။ အဲဒီအနှစ်သာရက စစ်အာဏာရှင်စနစ် ဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ ဒီအချက်ကို မတို့ မထိသမျှ ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး။ ဒီတော့ စဉ်းစားရမယ့်ကိစ္စက “၂၀၀၈ အခြေခံဥပဒေ” ဖျက်သိမ်းရေး (အနိမ့်ဆုံး ပြင် ဆင်ရေး)နဲ့ စစ်တပ်ကို နေရာမှန်ပြန်ပို့ရေးဆိုတဲ့ လက်တွေ့ပြဿနာနှစ်ရပ်ကို မတို့မထိဘဲ “စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီနဲ့ စစ်မှန် တဲ့ ဖက်ဒရယ်ပြည်ထောင်စု” ဘယ်လိုတည်ဆောက်ကြမလဲ ဆိုတဲ့ကိစ္စပဲ ဖြစ်ပါတယ်။
ဒီကိစ္စက ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီသမားတွေနဲ့ စစ်တပ်ကို ချုပ် ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တစ်စု ဘယ်သူက ဘယ်သူ့ကို လွှမ်းမိုးသွားမလဲ ဆိုတဲ့အချက်အပေါ် မူတည်ပါတယ်။ “၂၀၀၈ အခြေခံ ဥပဒေ”အရတော့ စစ်တပ်နဲ့ကာချုပ်က လက်ဦးမှုနဲ့ အသာစီးနေရာ ရယူထားတာပါပဲ။
“၂ဝရာစုပင်လုံ”ဟာ တောင်တန်းပြည်မ မခွဲခြားဘဲ၊ တစည်းတလုံးတည်း လွတ်လပ်ရေးအရယူကြပြီး တန်းတူသွေးစည်းတဲ့ ပြည် ထောင်စုနိုင်ငံ တည်ဆောက်မယ့်သူများနဲ့ ဗြိတိသျှကိုလိုနီနယ်ချဲ့သမား အားပြိုင်ကြရတဲ့ပွဲ ဖြစ်ပါတယ်။
ဗြိတိသျှကိုလိုနီနယ်ချဲ့သမားများ အရှုံးပေးသွားရတဲ့ပွဲ ဖြစ်ပါတယ်။
“၂၁ရာစုပင်လုံညီလာခံ”ကတော့ စစ်ဝါဒီတွေနဲ့ ဒီမိုကရေစီသမားတွေ အားပြိုင်ကြရမယ့် ကြိုးဝိုင်းစင်မြင့်ပါပဲ။ ဘယ်သူက ဘယ် သူ့ကို အနိုင်ယူသွားမလဲဆိုတာကိုတော့ အချိန်က အဖြေပေးပါလိမ့်မယ်။