Home ထိပ်တန်းသတင်း ဒုက္ခသည်လူနာများ တင်‌ဆောင်လာသည့် ကားတစ်စီး သစ်ပင်လှဲကျထိမှန်၍ ၄ဦး ဒဏ်ရာရ

ဒုက္ခသည်လူနာများ တင်‌ဆောင်လာသည့် ကားတစ်စီး သစ်ပင်လှဲကျထိမှန်၍ ၄ဦး ဒဏ်ရာရ

2833

ဩဂုတ် ၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်းနိုင်ငံ၊ မယ်‌ဟောင်‌ဆောင်ခရိုင်၊ မဲ့စရီးယန်းမြို့နယ်၊ နယ်စပ်တစ်‌နေရာ၌ မြန်မာဒုက္ခသည်လူနာများကို တင်‌ဆောင်လာသည့် ကားတစ်စီးသည် ဩဂုုတ်လ ၄ရက်‌နေ့၊ ည‌နေ ၃နာရီခွဲအချိန်တွင် သစ်ပင်ကြီးတစ်ပင်၏ လှဲကျထိမှန်မှု‌ကြောင့် ကား‌ပေါ်ပါလာသူ ၉ဦးအနက် ၄ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ မဲစရီးယန်းမြို့မှ မယ်လအူးနှင့် မယ်ရာမိုဒုက္ခသည်စခန်းသို့ ‌မောင်းနှင်သွား‌သော လူနာ ၇ဦး၊ ဆရာဝန် အမျိုးသမီး တစ်ဦးနှင့် ယာဉ်‌မောင်းသူတစ်ဦး အပါအဝင် ၉ဦးပါ HILUX အမျိုးအစား လူနာတင်ကားသည် မဲ့စရီးယန်းမြို့၏ အ‌နောက် ‌တောင်ဘက် ကီလိုမီတာ ၅ဝခန့် ‌သေ့မုဖိုး‌ကျေးရွာ အနီးအ‌ရောက်တွင် လျှပ်စစ်မီးကြိုးများနှင့်အတူ သစ်ပင်တစ်ပင် လှဲကျထိမှန် ခဲ့ခြင်းဖြစ်သည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ-KRC ၏ ‌မြောက်ပိုင်းတာဝန်ခံ ‌စောတူးတူးက ‌ပြောသည်။

“သစ်ပင်က မီးကြိုးနဲ့သွားငြိပြီး ကား‌ပေါ်တည့်တည့်ကို လဲကျသွား‌တော့ ကားတစ်စီးလုံး ‌ရှော့ခ်ဖြစ်သွားတယ်။ မိုးက ဖွဲဖွဲ‌လေး ရွာတယ်။ ကား‌ပေါ်က ၉‌ယောက်ထဲမှာ ၆လအရွယ် က‌လေး‌လေး တစ်‌ယောက်၊ လူနာကို ပို့‌ဆောင်‌ပေးတဲ့ ဆရာဝန်မ‌လေးတစ် ‌ယောက်ရယ်၊ လူနာလင်မယား ၂‌ယောက်ရယ်၊ ‌လေး‌ယောက် ဒဏ်ရာရတယ်။ သစ်ပင်လှဲတာက ဘာမှမဖြစ်ဘူး။ ဓာတ်လိုက်လုို့ ဒဏ်ရာရတာ ဖြစ်တယ်”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းဖြစ်ပွားမှု‌ကြောင့် လူနာပို့‌ဆောင်သည့် ဆရာဝန်အမျိုးသမီး၏ ‌ပေါင်၌ ထိခိုက်ဒဏ်ရာ ၄ချက်နှင့် ၆လအရွယ် က‌လေးငယ်မှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။ ကျန်ဒဏ်ရာရရှိသည့် ဇနီး‌မောင်နှံ ၂ဦးမှာ ကား‌ပေါ်မှ ပြုတ်ကျ၍ ဦး‌ခေါင်းဒဏ်ရာရရှိကြပြီး ခင်ပွန်းဖြစ်သူကို အခင်းဖြစ်ပွားရာ ‌နေရာအနီးရှိ စူမွဲ‌ဆေးရုံသို့ ပို့‌ဆောင်ထားပြီး ဇနီးဖြစ်သူမှာ ဒဏ်ရာပိုမိုပြင်းထန်သဖြင့် ချင်းမိုင် မြို့သို့ ပို့‌ဆောင်ထားသည်ဟု KRC က ‌ပြောသည်။

မဲ့စရီးယန်းမြို့နယ်ရှိ မယ်လအူးနှင့် မယ်ရာမိုစခန်းများတွင် ‌နေထိုင်ကြ‌သော ဒုက္ခသည်များ၏ စခန်းအတွင်း၌ ကုသ၍မရ‌သော ‌ရောဂါများကို Malteser International အဖွဲ့၏ အကူအညီ‌ပေးမှုဖြင့် မဲ့စရီးယန်းမြို့သို့ ပို့‌ဆောင်ကာ ‌ဆေးကုသ‌ပေးလျှက်ရှိ သည်။

ထိုသို့ လူနာများကို သွား‌ရောက်‌ဆေးကုသမှုများ လုပ်‌ဆောင်ရာတွင် မိုးတွင်းကာလ၌ လမ်းခရီး ကြမ်းတမ်းသဖြင့် မ‌တော်တဆ ကားဘီး လမ်း‌ချော်မှုအဆင့်သာ ဖြစ်ပွားမှုများရှိခဲ့‌သော်လည်း ယခုလို လူနာများ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်မျိုးမှာ ပထမဦးဆုံး အကြိမ် ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒုက္ခသည်အ‌ရေး ကူညီ‌ဆောင်ရွက်သူများက ‌ပြောသည်။