Home သတင်း တိုင်း‌ဒေသကြီးနှင့် ပြည်နယ် အမျိုးသား‌ဘောလုံးပြိုင်ပွဲ ကရင်ပြည်နယ် ဗိုလ်စွဲ

တိုင်း‌ဒေသကြီးနှင့် ပြည်နယ် အမျိုးသား‌ဘောလုံးပြိုင်ပွဲ ကရင်ပြည်နယ် ဗိုလ်စွဲ

1326

ဩဂုတ် ၂၃ရက်၊ ၂၀၁၆ ခုနှစ်။ က‌ဆောဝါး

၂၀၁၆ခုနှစ် တိုင်း‌ဒေသကြီးနှင့် ပြည်နယ် အမျိုးသား‌ဘောလုံးပြိုင်ပွဲ ‌နောက်ဆုံးဗိုလ်လုပွဲကို ‌နေပြည်‌တော်
ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ရှမ်း(သျှမ်း)ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ကရင်ပြည်နယ်အသင်းက ၂ဂိုး – ၁ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုဖလား ဆွတ်ခူးရရှိခဲ့သည်။

ကရင်ပြည်နယ်အသင်းသည် ပြီးခဲ့သည့် ၁၉၉၆ခုနှစ်က အလားတူ ပြိုင်ပွဲ၌ ရန်ကုန်တိုင်းအသင်းကို အနိုင်ရရှိ၍ ပထမအကြိမ် ချန်ပီယံဆုဖလား ရရှိဖူးပြီး‌နောက် နှစ်‌ပေါင်း နှစ်ဆယ်အကြာတွင် ယခုလို ‌နောက်ဆုံးဗိုလ်လုပွဲသို့ ဒုတိယအကြိမ် တက်‌ရောက်ရခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် အနိုင်ဂိုး ၂ဂိုးစလုံးကို ‌ကျောနံပါတ် ၉ ‌စောရန်နိုင်‌ထွေးက သွင်းယူ‌ပေးခဲ့ခြင်းဖြစ်သည်။

ပြည်နယ် အား/ကာ ဦးစီးမှူး ဦး‌အေးလွင်က “ကျ‌နော်တို့ ကရင်ပြည်နယ်တွင်း ခုနှစ်မြို့နယ် ပြည်နယ်ဖလား ပြိုင်ပွဲက လူငယ်ကစားသမား‌တွေ ‌ရွေးချယ်ပြီး ပြည်နယ်ကိုယ်စားပြု ‌လေ့ကျင့်ပြီး‌တော့ သွား‌ရောက်ယှဉ်ပြိုင် တာပါ။ အရင် ၄၂ ကြိမ်‌မြောက် ၁၉၉၆ တုန်းက တစ်ကြိမ်၊ အခုတစ်ကြိမ် ထပ်ရတယ်။ နှစ်၂ဝ ကြာမှ အခုဖလားကို ထပ်ရတာ‌ပေါ့”ဟု ‌ပြောသည်။

ချန်ပီယံဆုရရှိခဲ့ခြင်းအ‌ပေါ် ပြိုင်ပွဲတစ်‌လျှောက် အားသွန်ခွန်စိုက် ကြိုးစားခဲ့သည့် အားကစားသမားများအပြင် မိမိအသင်းကို ပံ့ပိုး‌ပေးခဲ့သည့် အစိုးရအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် အား‌ပေးခဲ့ကြသည့် ပြည်နယ်သူ ပြည်နယ်သားများ၊ ဌာနဆိုင်ရာ ‌ကျောင်းသား/သူများအား အထူး‌ကျေးဇူးတင်‌ကြောင်းနှင့် ‌ရှေ့ဆက် ပြိုင်ပွဲများအတွက် ဝိုင်းဝန်းပံ့ပိုးအား‌ပေးကြ‌စေလို‌ကြောင်း ဦး‌အေးလွင်က ဆက်‌ပြောသည်။

ယင်းဗိုလ်လုပွဲသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ကရင်ပြည်နယ် လွှတ်‌တော် တာဝန်ရှိသူများနှင့် လွှတ်‌တော် ကိုယ်စားလှယ်များ မြို့မိမြို့ဖများ ‌ဘောလုံးဝါသနာရှင်များ ‌ကျောင်းသား/သူများ လူငယ်များ စုစု‌ပေါင်း ၃၀ဝခန့် သွား‌ရောက်ကြည့်ရှုအား‌ပေးခဲ့ကြသည်။

လိုက်ပါကြည့်ရှု အား‌ပေးခဲ့သူ ကို‌အောင်က “အခု အနှစ်၂ဝ နီပါးကြာမှ ‌နောက်ထပ် ဖလား ရရှိတဲ့အတွက် ဝမ်းသာပါတယ်။ ဒီ‌အောင်မြင်မှုမှာတင် ရပ်မ‌နေဘဲ ပြည်နယ်တွင်း အားကစား‌ရေးရာ‌တွေမှာ ပိုပြီး တွန်းအား‌ပေး လုပ်‌ဆောင်သွားမယ်ဆိုရင် ‌ဒေသတွင်းမှာ စိုးရိမ်စရာ ဖြစ်‌နေတဲ့ မူးယစ်‌ဆေးဝါးသုံးစွဲသူ ‌လျှော့ချ‌ရေး လုပ်ငန်းစဉ်‌တွေမှာပါ အကျိုးသက်‌ရောက်မယ်လို့ ‌ပြောချင်ပါတယ်”ဟု ‌ပြောဆိုသည်။

ထို့အပြင် ချန်ပီယံဆုဖလားနှင့်အတူ အ‌ကောင်းဆုံး‌ဘောလုံးသမားဆု ‌ကျောနံပါတ် ၉ ‌စောရန်နိုင်‌ထွေး နှင့် အ‌ကောင်းဆုံး‌နောက်တန်းဆု ‌စော‌ယောနသံထွန်း ‌ကျောနံပါတ် ၆ တို့ကို ပြည်နယ်ကိုယ်စားပြုဆွတ်ခူး ချီးမြှင့်ခံခဲ့ရသည်။

တိုင်း‌ဒေသကြီးနှင့် ပြည်နယ် အမျိုးသား‌ဘောလုံးပြိုင်ပွဲသည် နှစ်စဉ် ဇူလိုင်နှင့် ဩဂုတ်လတို့တွင် အစိုးရက ကျင်းပ‌ပေးလျှက်ရှိပြီး ယခုနှစ်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်း ပထမ၊ ရှမ်းပြည်နယ် အသင်း ဒုတိယ၊ ကချင်ပြည်နယ်အသင်း တတိယနှင့် ရန်ကုန်တိုင်း‌ဒေသကြီး အသင်း စတုထ္တ တို့ အသီးသီး ဆွတ်ခူးရရှိခဲ့သည်။ ယခု ချန်ပီယံဆုဖလား ရရှိခဲ့သည့် ကရင်ပြည်နယ်အသင်းအား ဖားအံမြို့ရှိ ‌တောင်က‌လေးဆရာ‌တော် ဦးပညာသာမိက ဂုဏ်ပြုချီးမြှင့်‌ငွေ ကျပ်သိန်း ၅ဝ နှင့် မြို့မိမြို့ဖ လုပ်ငန်းရှင်အချို့မှလည်း ဆု‌ငွေအချို့ ဂုဏ်ပြု‌ပေးအပ်ခဲ့‌ကြောင်း သိရသည်။