ဩဂုတ် ၁၉ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ပကျေးရွာ တောရဘုန်းကြီးကျောင်းတွင် ဩဂုတ် ၁၈ရက်နေ့က မဲဆောက်ဒေသ ရောက် ကရင်လူမျိုးများစုပေါင်းကျင်းပသည့် ဝါခေါင်လ ချည်ဖြူဖွဲ့မဂင်္လာပွဲတော်တွင် တက်ရောက်ဆင်နွှဲကြ သည့် ကရင်အမျိုးသား၊ အမျိုးသမီးအချို့၏ ရိုးရာလက်ချည်ပွဲအပေါ် အမြင်များကို ကေအိုင်စီမှ အောက်ပါပုဂ္ဂိုလ်များအား ယခုလို စုစည်းမေးမြန်းထားပါသည်။
မန်းဘလစိန် (လက်ချည်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်၊ မဲဆောက်မြို့)
ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲ ဖြစ်ပေါ်လာရတဲ့ အကြောင်းကတော့ ကျနော်တို့ရဲ့ ကရင်သမိုင်းအရဆိုရင် ဟိုး(ထီးဆက်မေ့ယွာ) မွန်ဂိုလီးယားရဲ့အနောက် အရပ်မှာနေတဲ့အခါမှာ ဒီလို ဝါခေါင်လ ရောက်တဲ့အခါမှာ လေပြင်းမုန်တိုင်းကျတယ်။ ရေတွေကလည်း ကြီးတယ်။ နေလို့ထိုင်လို့မရဘူး။
အဲ့အခါကျတော့ ငါတို့ကရင်တွေ တစ်နေရာမပြောင်း သူကောင်းမဖြစ် တစ်နေရာပြောင်းမှဖြစ်တော့မယ်ဆိုပြီး ဒီမှာနေရင်တော့ ဘေးအန္တရာယ်နဲ့ ကြုံနေပြီ။ ဒါပေမယ့် ကျနော်တို့ကရင်မိသားစုက ကွဲကြတော့မယ်။ အရှေ့ကို ထွက်မယ့်သူ၊ အနောက်ကို ထွက်မယ့်သူ၊ တောင်ကို ထွက်မယ့်သူရှိတယ်ဆိုတဲ့အတွက် ကျနော်တို့ အမှတ်တရ တစ်ခုလုပ်မယ်ဆိုပြီး “အ” မဂင်္လာလ ဒီဝါခေါင်လ ရောက်လို့ရှိရင် ကရင်တွေ ရောက်ရာအရပ်မှာ ကိုယ့်ကိုယ်ကို ကရင်မှန်းသိအောင် ဘယ်နေရာပဲရောက်ရောက် ဝါခေါင်လမှာ ချည်ဖြူလက်ချည်ထားရင် ကရင်မျိုးနွယ်စုပဲ ဆိုပြီး အထိမ်းအမှတ်အနေနဲ့ သတ်မှတ်ခဲ့တဲ့ နောင်လာနောက်သားတွေအတွက် ချည်ဖြူဖွဲ့မဂင်္လာပွဲတော်ပါ။ ရောက်ရာအရပ်ကနေ တစ်နှစ်တစ်ခါ မျိုးချစ်စိတ်ဓာတ်မပျောက်အောင်၊ သူများ ပြောတာတွေကို မယုံမိအောင်၊ ကောင်းတဲ့ လိပ်ပြာတွေကို ကရင်တွေရဲ့ဝမ်းတွင်းမှာ ထည့်သွင်းနိုင်အောင် ချည်ဖြူဖွဲ့မဂင်္လာကို သတ်မှတ်ခြင်း ဖြစ်တယ်။
ဒါက ရိုးရာကောင်း၊ ဓလေ့ကောင်းတစ်ခု ဘာသာရေးနဲ့ လုံးဝမဆိုင်ဘူး။ ဒါကရင် အမျိုးသားအားလုံးနဲ့ ဆိုင်တယ်။ ခရစ်ယာန်ရော၊ ဗုဒ္ဓဘာသာရော ရိုးရာဓလေ့အဖြစ်နဲ့ စုပေါင်းပြီးတော့ လုပ်တယ်။
မန်းရွှေနှင်း (ကျောင်းဆရာ)
လက်ချည်ပွဲရဲ့အဓိပ္ပာယ်ကို ပြောရမယ်ရှိရင် ကျနော်တို့ လက်ချည်ခြင်းဟာ လူတစ်ကိုယ်မှာ လက်ချည်ခြင်း အားဖြင့် ကရင်မှန်း သိလာတယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ ကရင်မိရိုးဖလာ ဓလေ့ထုံးတမ်းစဉ်လာကို ထိန်းသိမ်းတယ်။ ယဉ်ကျေးမှု အမွေအနှစ်လည်း ထိန်းသိမ်းတယ်။ နောက်ပြီးကိုယ့်ရဲ့ မျိုးချစ်စိတ်ဓာတ်ရှိတယ်။ အမျိုးအတွက် ဘာမဆို လုပ်နိုင်ကိုင်နိုင်တဲ့ သတ္တိရှိတဲ့ဆိုတဲ့ အမှတ်အသားဖြင့် ဒီချည်ဖြူကို ကျနော်တို့ချည်ကြ ရတာ ဖြစ်ပါတယ်။ ကရင်လူမျိုးထဲမှာ ကရင်လူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှုကော၊ တစ်ဖက်နဲ့တစ်ဖက် အသိအမှတ်ပြုဖို့ကော၊ ကရင်လူမျိုးအချင်းချင်း ညီညွတ်မှု၊ စည်းလုံးမှု၊ စုစည်းမှုကိုကော ဒီချည်ဖြူဟာ ကျနော်တို့ရဲ့ အမှတ်အသားဖြစ်တာကြောင့် အင်မတန်မှ အရေးကြီးပါတယ်။
ကျနော်တို့ ကရင်တစ်မျိုးသားလုံးက နောင်လာနောက်သားတွေကော၊ ဆွေစဉ်မျိုးဆက်အလိုက် ဒီအစဉ်အလာကို ဘာသာရေးအပေါ်မှာ အခြေခံတာ မဟုတ်ဘဲနဲ့ ကရင်အမျိုးသားရေးပေါ်မှာအခြေခံပြီးတော့ ကရင်အမျိုးသားတွေရဲ့ ဓလေ့၊ ထုံးထမ်းစဉ်လာကို ထိန်းသိမ်းဖော်ထုတ်ပေးခြင်း၊ ဒီချည်ဖြူဖွဲ့မဂင်္လာကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ အားလုံးစည်းညီညာ စုပေါင်းကျင်းပပေးခြင်းအားဖြင့် ကျနော်တို့ရဲ့ အမျိုးဂုဏ်သိက္ခာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်းစဉ်လာကို ထိန်းသိမ်းဖော်ထုတ်မြှင့်တင်ခြင်းအားဖြင့် မျိုးချစ်တဲ့ စိတ်ဓာတ်တွေရှိတယ်။
ကျနော်တို့အမျိုးမှာ အမှတ်အသားလက္ခဏာရှိတယ်။ ကျနော်တို့အမျိုးမှာ ယုံကြည်အားကိုး ယုံကြည်ချက်ရှိ တယ်ဆိုတာကို တခြားလူမျိုးတွေကကော၊ နောက် မြန်မာပြည်ထဲမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေပဲဖြစ်ဖြစ်၊ ကျနော်တို့ ရောက်တဲ့နေရာမှာ ထိုင်းနို်င်ငံမှာ ထိုင်းနိုင်ငံသားတွေပဲဖြစ်ဖြစ် ကျနော်တို့ကို ဒါလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြု လေးစားကြမှာ ဖြစ်ပါတယ်။
စောစီ (ထိုင်းနို်င်ငံ၊ ကရင်အဆိုတော်)
ကျနော်တို့ ဘိုးစဉ်ဘောင်ဆက်က ပြုလုပ်ခဲ့တဲ့ အစဉ်အလာနေ့ဖြစ်တယ်။ တန်ဖိုးထားကြတယ်။ ဒီလို နေ့ထူးနေ့မြတ်တွေ မရှိဘူးဆိုရင် ကျနော်တို့ ကရင်တွေက တစ်နှစ်ပြီးတစ်နှစ် ကိုယ့်အသက်မွေးဝမ်းကျောင်း အလုပ်တွေနဲ့ပဲ အချိန်ကုန်ပြီး ဒီလိုလာတွေ့ဆုံကြဖို့ လွယ်ကူလိမ့်မယ် မဟုတ်ဘူး။ ကျနော်တို့ ကရင်တွေက ရိုးရာအစဉ်အလာ၊ ထုံးထမ်းစဉ်လာတွေနဲ့ ရှိခဲ့တယ်။
ဒါပေမယ့် ကျနော်တို့ လူမျိုးတစ်မျိုးသားလုံးအတွင်းမှာ ပူးပေါင်းလုပ်ဆောင်တဲ့နေ့တွေက သိပ်မရှိဘူး။ ဒါကြောင့်မို့ ကျနော်တို့ လက်ချည်ပွဲက ဆိုလို့ရှိရင် ကျနော်တို့ ဘိုးစဉ်ဘောင်ဆက်က အမြော်အမြင် ကောင်းကောင်းနဲ့ ကျနော်တို့ လူမျိုးတွေ စုစည်းနိုင်ဖို့ ဒီလိုနေ့တွေကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံခြင်းက ရိုးရိုးတွေ့ဆုံခြင်း မဟုတ်ပါဘူး။ ဆုတောင်းမေတ္တာပို့သကြတယ်။ လက်ချည်ပွဲကို အများအားဖြင့် မိုးတွင်းကာလ စပါးတွေ စိုက်ပြီးတဲ့အချိန်မှာဘဲ လုပ်ကြတယ်။ မိုးတွင်းမှာ လုပ်တယ်ဆိုတာက ကျနော်တို့ရဲ့ လုပ်ကိုင်စားသောက်မှု အခြေအနေကို သိရဖို့အတွက်ဖြစ်တယ်။
ဒါကြောင့်မို့ ကျနော်တို့ အချင်းချင်း အခြေအနေတွေ သိရှိဖို့၊ ဆုတောင်းမေတ္တာပို့သဖို့နဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ အတွက် ဒီနေ့ဟာ အရေးကြီးတယ်။ ကျနော်တို့အခု လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် အချိန်တွေ ပြောင်းလဲလာပြီ။ ဘဝရှင်သန်မှုကလည်းပြောင်းလဲလာပြီ။ ထိုင်းကရင်ပဲဖြစ်ဖြစ်၊ ကော်သူးလေ ကရင်ပဲဖြစ်ဖြစ်၊ ကော်လား ကရင်ပဲဖြစ်ဖြစ်၊ မြန်မာပြည်ကရင်ပဲဖြစ်ဖြစ် ထိုင်းနိုင်ငံထဲမှာ ဧည့်သည်အဖြစ် လာနေကြတယ်။
ဒီလိုနေ့ ထူးနေ့မြတ်မျိုးတွေမရှိဘူးဆိုရင် ကျနော်တို့ တွေ့ဆုံကြဖို့ မလွယ်ကူဘူး။ ကျနော်တို့ဘိုးဘွားတွေ ချန်ထားခဲ့လို့ အခုလိုတွေ့ဆုံနိုင်တာ ဖြစ်ပါတယ်။ ကျနော်တို့လက်ပေါ်မှာ ချည်ထားတဲ့ ချည်မျှင်လေးဟာဆိုရင် ဒါဟာ ကျနော်တို့အချင်းချင်း လိပ်ပြာခေါ် ဆုတောင်းမေတ္တာ ပို့သခြင်းပါပဲ။ ဒီလိုရိုးရာမျိုး တခြားလူမျိုးတွေမှာ မရှိပါဘူး။ ကရင်တွေမှာပဲရှိတယ်။ ဒါကြောင့်မို့ ဒီနေ့ဟာ အရေးကြီးတဲ့နေ့ဖြစ်တယ်။
နန်းဖော့ဂေ (ကရင်သတင်းဌာန)
တနှစ်တစ်ကြိမ် ကျမတို့ရဲ့ ရိုးရာလက်ချည်ပွဲဟာ အစဉ်အလာလို ကျင်းပနေကျ ဓလေ့ထုံးတမ်းပွဲတော်တခု ဖြစ်ပါတယ်။ ဒါကို လုပ်ရိုးလုပ်စဉ်ပွဲတော်တခုလို အပေါ်ယံမြင်နိုင်ပေမဲ့ တကယ့်အနှစ်သာရအားဖြင့်က ကွဲပြားမှုကို ပြန်လည်ပေါင်းစည်းခြင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း စည်းလုံးညီညွှတ်မှုကို ကျစ်လစ်ခိုင်မာခြင်း၊ ပြည့်စုံကြွယ်ဝမှုကို ဖော်ဆောင်ခြင်း၊ ဖြူစင်သန့်ရှင်းပြီး အေးမြတည်ငြိမ် ခြင်းကို မီးမောင်းထိုးပြတဲ့ ဓလေ့ရိုးရာပွဲပဲ ဖြစ်ပါတယ်။
ဒီပွဲတော်ဟာ ဘာသာ၊ အယူဝါဒ၊ ဒေသမတူတာကို အစွဲမပြုဘဲ လူမျိုးတစ်မျိုးရဲ့ ဂုဏ်အဂင်္ါရပ်တစ်ခုကို နောင်လာနောက်သားတွေ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် ပြုလုပ်ကျင်းပတဲ့ ကရင်လူမျိုးရဲ့ အမျိုးသားရေးပွဲတော်တစ်ခုလို့ပဲ ကျမအနေနဲ့ ခံယူနားလည်ထားပါတယ်။ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်း စတာတွေဟာ လူမျိုးတစ်မျိုးရဲ့ ဂုဏ်အင်လက္ခဏာဖြစ်လို့ အခု ချည်ဖြူဖွဲ့၊ လက်ချည်ပွဲဓလေ့ကို ကျမတို့ တန်ဘိုးထားရမယ်။ ဒါ့အပြင် မပျောက်ပျက်အောင် ထိန်းသိမ်းလာသူတွေကို ကျမတို့က လေးစားရမယ်။
ခေတ်တွေ၊ စနစ်တွေ ဘယ်လိုပြောင်းပြောင်း ရိုးရာပွဲတော်ရဲ့ အနှစ်သာရက မပြောင်းလဲဖို့လည်း အရမ်း အရေးကြီးပါတယ်။ ဒါကို သတိတရား၊ အသိတရားနဲ့ ဆန်းစစ်ချင့်ချိန်ပြီး နေရာဒေသတိုင်းက ကျမတို့ရဲ့ မျိုးဆက်သစ် ကရင်လူငယ်မောင်မယ်တွေ တစ်ဆင့်ပြီးတစ်ဆင့် သယ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဈေးသုံးလွယ်လာတဲ့ ခေတ်ကြီးအောက်မှာ ရှေးထုံးလေးတွေ မပပျောက်စေဖို့က လူကြီးလူငယ်၊ ကျားမတိုင်းရဲ့ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်လည်း ခံယူပြီး လုပ်ဆောင်သွားရမှာပါ။
လက်ချည်မဂင်္လာပွဲတော်နဲ့ ပတ်သက်ပြီး အပြောချင်ဆုံးစကားက ကိုးကွယ်ရာ ဘာသာမတူတဲ့ ကျမတို့ ကရင်လူမျိုး၊ မျိုးနွယ်စု အားလုံး ကိုယ့်လူမျိုးရဲ့ အမျိုးသားဂုဏ်သိက္ခာကို ထိန်းသိမ်းချင်တယ်ဆိုရင် ခုချိန်ကစပြီး နောက်နှစ်တွေတိုင်းမှာ ဘိုးဘွားတွေ ပြုလုပ်လာခဲ့တဲ့ ချည်ဖြူဖွဲ့မဂင်္လာ လက်ချည်ပွဲကို ဆင်းရဲ၊ ချမ်းသာ၊ အရွယ်မရွေး မဖြစ်မနေ အချိန်ယူပြီး ပါဝင်ဆင်နွဲကြပါ။ သိနားလည်ထားသူတွေကလည်း မပါဝင်သေးသူ၊ မပါဝင်လိုသူတွေကို ရှင်းပြတိုက်တွန်းပေးကြပါလို့ ပြောချင်ပါတယ်။
နန်းမူးတကော် (ရွှေ့ပြောင်းအလုပ်သမား၊ မဲဆောက်မြို့)
ကရင်လူမျိုးမှန်ရင် တစ်နှစ်တစ်ခါ လက်ချည်ပေးရတယ်။ တောင်ယာလုပ်ငန်းတွေ၊ လယ်ယာလုပ်ငန်းတွေ စိုက်ပျိုးပြီးတဲ့အချိန်မှာ ကိုယ့်ရဲ့ဝိညာဉ်(၇)ယောက်စလုံး ကိုယ်နဲ့အတူ ပြန်လာနေအောင် ဒီလိုအချိန်အခါမှာ ဘိုးဘွားတွေက ပြန်ခေါ်ပေးရတယ်လေ။ ရိုးရာအရ ကရင်လူမျိုးတွေဟာ ချည်ဖြူနဲ့ လက်ချည်ပေးရတယ်။ ဒီမှာလာတာက ကိုယ့်ရဲ့ယဉ်ကျေးမှုရိုးရာ မပျောက်ရလေအောင် လာပြီးဝိုင်းဝန်းကူညီဆောင်ရွက်ပေးတယ်။ နောက်တစ်ချက်က အဘိုး၊ အဖွားတွေက ဘယ်လိုလက်ချည်ပေးသလဲ၊ ဘာတွေပါဝင်သလဲ၊ လာရောက် လေ့လာပြီးတော့ အချင်းချင်းပြန်လည်ဝေငှတာပေါ့။
ကရင်ရိုးရာ လက်ချည်ဖြူဖွဲ့မဂင်္လာပွဲတော်ဆိုတာက တစ်နှစ်မှ တစ်ခါပဲရှိတယ်။ ညီအစ်ကို၊ မောင်နှမ၊ ဆွေမျိုးတွေအားလုံး ဒီလက်ချည်ပွဲမှာ လာစေချင်တယ်။ ကရင်လူမျိုးမှာ ဖလုံပဲဖြစ်ဖြစ်၊ စဝေါ်ပဲဖြစ်ဖြစ် အားလုံးက ညီအစ်ကိုမောင်နှမတွေပါပဲ ချစ်ချစ်ခင်ခင်နဲ့ ဒီလက်ချည်ပွဲမှာ လာရောက်ဆင်နွှဲစေချင်တယ်။
မိုက်ဟီ့ဖောင် (ပြည်တွင်း ကရင်လူငယ်တေးသံရှင်)
ကရင်လူမျိုးတွေဟာ ကိုယ့်ရဲ့ လိပ်ပြာတွေ ဝိညာဉ်တွေကိုယ်နဲ့အတူနေအောင်၊ ကရင်လူမျိုတွေရိုးရာ ယဉ်ကျေးမှုဓလေ့ မကွဲပြားရလေအောင်၊ ကျနော်တို့ ဘိုး၊ ဘွားတွေက ဒီအမွေအနှစ်တွေကို ချန်ထားပေးခဲ့တယ်။
ရှေးကရင်လူမျိုးတွေက တကွဲတပြားဆီနဲ့ နေခဲ့ရတယ်။ တချို့ဆိုရင် အခြားနိုင်ငံတွေရောက်သွားတာလည်း ရှိတယ်။ အဲဒါကြောင့် ဘိုး၊ ဘွားတွေက ဒီလိုအချိန်မျိုးမှာ ကွဲပြားနေထိုင်ကြတဲ့ ကရင်လူမျိုးအားလုံးကို စုစုစည်းစည်းပြန်လည်ဆုံးရအောင်ဆိုပြီး ဒီချည်ဖြူဖွဲ့ရစ်ထုံးတဲ့ မဂင်္လာကနေ ပြန်ခေါ်ပေးရတယ်။ ရှေး ဘိုး၊ ဘွားတွေချန်ထားခဲ့တဲ့ ဒီအမွေအနှစ်တွေကို ကျနော်တို့ လူငယ်တွေအားလုံးက ပြန်လည်ထိန်းသိမ်းရမယ်။