Home သတင်း အခြေခံလူထုအတွင်းရှိ အမျိုးသမီးများတွေ့ဆုံပွဲ ဖားအံတွင် ကျင်းပ

အခြေခံလူထုအတွင်းရှိ အမျိုးသမီးများတွေ့ဆုံပွဲ ဖားအံတွင် ကျင်းပ

661

သြဂုတ် ၃၀ ရက်၊ ၂၀၁၆ ခုနှစ်။ နန်းဝေဖြိုးဇာ

အောက်ခြေအမျိုးသမီးထု အသံများရရှိစေရန် အနယ်နယ်အရပ်ရပ်မှ အခြေခံလူထုအတွင်းရှိ အမျိုးသမီးများ တွေ့ဆုံပွဲတစ်ရပ်ကို ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အသင်းက ဦးဆောင်ကာ ကရင်ပြည်နယ်၊ ဖားအံမြို့ ကန်သာဦးခန်းမ၌ သြဂုတ် ၂၉ မှ ၃၀ ရက်အထိ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲကို မတူညီသည့် ဒေသအခြေအနေပေါ်မှုတည်ကာ အမျိုးသမီးများ ရှင်သန်ရုန်းကန်နေရမှုအပေါ် အချင်းချင်းဖလှယ်နိုင်ရန်၊ အမျိုးသမီးများစွမ်းရည်မြှင့်တင်မှုကို ပံ့ပိုးပေးနိုင်ရန်နှင့် ဒေသဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်း ရေးဖြစ်စဉ်များတွင် အမျိုးသမီးများပါဝင်လုပ်ဆောင်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ကရင်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာမေရှီးရှိုးက ကေအိုင်စီသို့ ပြောသည်။

“ ဒီပွဲမှာ အနယ်နယ်အရပ်ရပ်က အမျိုးသမီးတွေပါဝင်တဲ့အတွက် သူတို့ရဲ့အသံတွေကို တစ်နေရာရာရောက် အောင် ပို့ချင်တယ်။ သူတို့တွေက တကယ့်တောရွာတွေကနေ လာတာများတယ်။ ဒီပွဲမှာအရင်လို ဆရာမကြီးတွေ လာပြောပြီး အောက်က နားထောင်ရတာမျိုး လုံးဝမဟုတ်ဘူး။ တကယ့်အခြေခံလူထုထဲမှာ လှုပ်ရှားနေတဲ့ အမျိုးသမီးတွေ ကိုယ်တိုင် စင်ပေါ်တက်ပြီး ရင်တွင်းဖြစ်စကားတွေ ထုတ်ဖော်ပြောခိုင်တယ်” ဟု ဒေါက်တာ မေရှီးရှိုးက ပြောသည်။

နှစ်ရက်ကြာကျင်းပသည့် ဆွေးနွေးပွဲတွင် ရပ်ရွာအတွင်းလက်ရှိဖြစ်ပေါ်နေသည့် ဒေသအခြေနေနှင့် NCA ထိုးပြီး နောက်ပိုင်းတွင် ဒေသတွင်းအခြခံလူထုများခံစားရသည့် ကောင်းကျိုးဆိုးကျိုးများကို တက်ရောက်လာသူများက တင်ပြခဲ့သလို ဖွံ့ဖြိုးရေးအတွက် မြေယာသိမ်းဆည်းခံရမှု၊ ညှင်းပန်းနှိပ်စက် ခံရမှုများကိုလည်း တင်ပြခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်လာသူအမျိုးသမီးများက ပြောသည်။

တနသာင်္ရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် မိကျောင်းလှောင်ကျေးရွာမှ နော်ဝါးစတီးက “ ကျမတို့အောက်ခြေ အမျိုးသမီးတွေနဲ့ လူထုတွေက မပြောရဲမဆိုရဲဘူး။ ကျမတို့ ခံစားရတာတွေ အများကြီးရှိတယ်။ ထုတ်ဖော်ခွင့် မရခဲ့ဘူး။ ဒီပွဲမှာ ပထမဦးဆုံးအကြိမ် စင်ပေါ်တက်ပြီးပြောရတော့ ပြောချင်ပေမယ့် အတွေ့အကြုံလည်းမရှိတော့ ပြောချင်တာကို အားလုံးမပြောနိုင်ခဲ့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ မှ ရပ်ရွာအတွင်းရှိ အခြေခံအမျိုးသမီး ၁၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း ဦးဆောင်စီစဉ်သူများထံမှ သိရသည်။