Home သတင်း တစ်နိုင်ငံလုံး အပစ်ရပ်ကြောင်း ကြေညာပေးရန် အရပ်ဖက်အဖွဲ့အစည်း ၁၀၀ကျော် စုပေါင်းတောင်းဆို

တစ်နိုင်ငံလုံး အပစ်ရပ်ကြောင်း ကြေညာပေးရန် အရပ်ဖက်အဖွဲ့အစည်း ၁၀၀ကျော် စုပေါင်းတောင်းဆို

725

သြဂုတ် ၃၁ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) ဦးတည်ချက်အပေါ် အပြန်အလှန်ယုံကြည်မှုကို ပျက်ပြားစေမည့် တိုင်းရင်း သားနယ်မြေများတွင် ထိုးစစ်ဆင်နေမှုများကိုရပ်တန့်ပြီး နှစ်ဖက်တပ်များမှ ညီလာခံစသည့်နေ့တွင် တစ်နိုင်ငံလုံး တရားဝင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၁၄ဖွဲ့က သြဂုတ်လ ၃၀ရက်နေ့တွင် သဘောထားကြေ ညာချက်တစ်စောင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

အဆိုပါ ကြေညာချက်ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ ၂၁ရာစုပင်လုံညီလာခံ အရပ်ဖက်အဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေး ယာယီကော်မတီဝင် ဦးသွင်လင်းအောင်က “၂၀၁၅ ခုနှစ်မှာ ပြည်သူလူထုရဲ့ ရွေးကောက်မှုနဲ့  ဖြစ်လာတဲ့အစိုးရကို ပြည်သူတွေ က ယုံကြည်မျှော်လင့်နေတယ်။ မျှော်လင့်တဲ့အတိုင်းဖြစ်ဖို့ဆို ကျနော် ကြေညာချက်မှာပါတဲ့အတိုင်း ဖြစ်ဖို့လိုတယ်ဆိုတာ ထောက်ပြချင်လို့ အခုလို အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ထုတ်ပြန်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ် အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများတွင် အပစ်ရပ်စာချုပ် NCA သဘောတူညီချက်အတိုင်း အရပ်ဖက်လူမှုအ ဖွဲ့အစည်းများကို ကဏ္ဍစုံတွင် ပါဝင်ဆွေးနွေးခွင့်ပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများက လိုလားသည်ဟု ဦးသွင်လင်းအောင် က ဆက်ပြောသည်။

ထို့အပြင် ၂၁ရာစုပင်လုံသို့ အပစ်ရပ်စာချုပ် လက်မှတ်မထိုးထားသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ တက် ရောက်လာသည်ကို ကြိုဆိုသလို နောက်တစ်ကြိမ်ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး တက်ရောက်နိုင်ရန် အစိုးရနှင့် တပ်မတော်မှ သဘောထားကြီးစွာ ညှိနှိုင်းလုပ်ကိုင်ပေးရန် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ပြီးခဲ့သည့် ဇူလိုင်လ ၁၇ရက်နေ့က ရန်ကုန်မြို့၌ တွေ့ဆုံစဉ် UNFC ဘက်က တင်ပြခဲ့သည်ဟု နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေး နွေးရေးကိုယ်စားလှယ် ခူးဦးရယ်က ဇူလိုင်လ ၁၈ရက်နေ့တွင် မီဒီယာများနှင့်တွေ့ဆုံရာ၌ ပြောဆိုခဲ့သည်။

၂၁ရာစုပင်လုံညီလာခံကို သြဂုတ်လ ၃၁ရက်နေ့ တွင် နေပြည်တော်၌ စတင်ကျင်းပနေပြီးဖြစ်သော်လည်း ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် သျှမ်း(ရှမ်း)ပြည်နယ်တို့တွင် ဒေသတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲများဖြစ်ပေါ်လျှက်ရှိသည်။
အဆိုပါထုတ်ပြန်ချက်ကို ကချင်လူငယ်ကွန်ရက်၊ အဖြူရောင်တွဲလက်များ၊ ဒို့မြေကွန်ရက်၊ ကဗျာချစ်သူများအသင်း၊ တအာင်း-ပလောင်လူငယ်များကွန်ရက်၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) စသည့်အလွှာစုံ လူမှုအဖွဲ့အစည်း ၁၁၄ဖွဲ့က စုပေါင်းထုတ် ပြန်ခြင်းဖြစ်သည်။