Home သတင်း (၆၄)ကြိမ်‌မြောက် စီ‌ဒေါ အစည်းအ‌ဝေးပွဲသို့ မြန်မာနိုင်ငံမှ လူမှုအဖွဲ့ ၅ဖွဲ့ တက်‌ရောက်

(၆၄)ကြိမ်‌မြောက် စီ‌ဒေါ အစည်းအ‌ဝေးပွဲသို့ မြန်မာနိုင်ငံမှ လူမှုအဖွဲ့ ၅ဖွဲ့ တက်‌ရောက်

1833
ဇူလိုင် ၁ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ဇူလိုင်လ ၄ရက်မှ ၂၂ရက်‌နေ့ထိ ပြုလုပ်မည့် စီ‌ဒေါ အစည်းအ‌ဝေးပွဲသို့ လူ့အခွင့်အ‌ရေးဆိုင်ရာ အ‌ကြောင်းအရာများ တင်ပြ‌ပြောဆိုရန်အတွက် မြန်မာနိုင်ငံမှ လူမှုအဖွဲ့အစည်း ၅ဖွဲ့က တက်‌ရောက်မည်ဖြစ်‌ကြောင်း ဇွန်လ ၂၉ ရက်‌နေ့က သတင်းထုတ်ပြန်ချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

အစည်းအ‌ဝေးသို့ အမျိုးသမီး အဖွဲ့များကွန်ရက်(WON)၊ ကျားမ‌ရေးရာ တန်းတူညီမျှ‌ရေးကွန်ရက်(GEN)၊ ကရင်လူအခွင့်အ‌ရေး အဖွဲ့ (KHRG)၊ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)နှင့် CEDAW Action Myanmar (CAM) စသည့် လူမှုအဖွဲ့အစည်း (၅)ဖွဲ့တို့မှ စုစု‌ပေါင်း ကိုယ်စားလှယ် ၂၄ဦး တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

WLB မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး Julia Marip က “အခု သွား‌ရောက်တဲ့ အဖွဲ့‌တွေက‌တော့ စီ‌ဒေါမှာ လက်ရှိ မြန်မာနိုင်ငံမှာ အစိုးရက ဥပ‌ဒေနဲ့ အပြင်ချိုး‌ဖောက်‌နေခဲ့တာ‌တွေ၊ ကျမတို့ အမျိုးသမီးများ နစ်နာဆုံးရှုံးခဲ့ရတာ‌တွေကို ပြုပြင်ဖို့ အများကြီး လို အပ်‌နေ‌သေးတာရယ်၊ အစိုးရက တာဝန်ရှိတယ်ဆိုတာ တင်ပြမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စီ‌ဒေါအစည်းအ‌ဝေး၌ လက်ရှိ မြန်မာနိုင်ငံအတွင်းမှ အမျိုးသမီးများ ရင်ဆိုင်ကြုံ‌တွေ့‌နေရသည့် လူ့အခွင့်အ‌ရေး အ‌ခြေအ‌နေများ ကို ‌လေ့လာသုံးသပ်ချက်များအရ သွား‌ရောက်မည့်အဖွဲ့များက အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခ အတွင်းမှ အမျိုးသမီးများ၊ အမျိုးသမီးများနှင့် ဦး‌ဆောင်မှုတွင် ပါဝင်ခွင့်၊ အမျိုးသမီးများအ‌ပေါ် ဖိနှိပ်သည့် ဥပ‌ဒေများနှင့် ထုံး တမ်းများ၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ ‌ကျေးလက်‌ဒေသရှိ အမျိုးသမီးများအ‌ခြေအ‌နေ၊ လူကုန်ကူးမှု စသည်တို့ကို တင်ပြမည်ဟု လည်း ယင်းအဖွဲ့ ၅ခု၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ တင်ပြမှုများ ပြုလုပ်သည့်အခါ စီ‌ဒေါ‌ကော်မတီအ‌နေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်‌နေသည့် အမျိုးသမီး အ‌ခြေအ‌နေများကို သိရှိနားလည်သ‌ဘော‌ပေါက်ရန် လိုအပ်‌ကြောင်း၊ ယင်းမှသာ မြန်မာနိုင်ငံအ‌ပေါ် သုံးသပ် အကြံ‌ပေးချက်များ ထုတ်ပြန်တဲ့အခါ လက်‌တွေ့ကျပြီး အကျိုးရှိသည့် အကြံပြုချက်များ ထုတ်ပြန်နိုင်မည် ဖြစ်‌ကြောင်း CEDAW Action Myanmar မှ ‌ဒေါ်ပြုံးပြုံး‌မော် က ထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

ထို့အပြင် စီ‌ဒေါအစည်းအ‌ဝေး တက်‌ရောက်သည့် အဖွဲ့အစည်းနှင့် ကွန်ရက်တို့မှ ကိုယ်စားလှယ်များသည် ၎င်းတို့၏ အစီရင်ခံစာ တင်ပြအပြီး မြန်မာနိုင်ငံသို့ ပြန်‌ရောက်လာပြီး‌နောက် ဇူလိုင် ၁၁ရက်‌နေ့တွင် ရန်ကုန်မြို့၌ အ‌တွေ့အကြုံရှင်းလင်းပွဲတစ်ခု ပြုလုပ် သွားရန် ရှိမည်ဟုလည်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

မြန်မာအစိုးရသည် ၁၉၉၇ခုနှစ်တွင် စီ‌ဒေါစာချုပ်အား လက်မှတ်ထိုးခဲ့ပြီး ၁၉၉၉နှင့် ၂၀၀၇ခုနှစ်တွင် စီ‌ဒေါ‌ကော်မတီထံသို့ အစီ ရင်ခံစာ တင်သွင်းခဲ့သလို ၂၀၁၅ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီတွင် စတုတ္ထအကြိမ်နှင့် ပဉ်စမအကြိမ်အဖြစ် ပူးတွဲအစီရင်ခံစာများ အသီးသီး တင်သွင်းခဲ့သည်ဟု သိရသည်။