Home သတင်း နယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသူ‌ကျောင်းသားများ ထိုင်းတက္ကသိုလ်တစ်ခုတွင် ပညာသင်ဆု‌လျှောက်ထားနိုင်

နယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသူ‌ကျောင်းသားများ ထိုင်းတက္ကသိုလ်တစ်ခုတွင် ပညာသင်ဆု‌လျှောက်ထားနိုင်

2650
ဇူလိုင် ၁ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများအနက် တစ်ခုဖြစ်သည့် Children Development Centre (CDC)မှ ‌ကျောင်း သူ‌ကျောင်းသားများအတွက် ထိုင်းတက္ကသိုလ်တစ်ခုဖြစ်‌သော Rajamangala University of Technology Tak (RMUTL Tak) တွင် တက္ကသိုလ်ပညာ ဆက်လက်သင်ကြားနိုင်မည့် အခွင့်အ‌ရေး ရရှိ‌တော့မည်ဖြစ်‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက CDC ‌ကျောင်းအတွက် ပညာသင်ဆု‌ပေးရန် အဆိုပါတက္ကသိုလ်မှ ကမ်းလှမ်းလာခြင်းဖြစ်ပြီး တာ့ခ် ခရိုင်အတွင်းရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ အရည်အချင်း ပြည့်မှီသူ မည်သည့်‌ကျောင်းသူ‌ကျောင်းသားမဆို တက်‌ရောက် နိုင်မည့် အခွင့်အ‌ရေးရှိ‌ကြောင်း CDC ဒု‌ကျောင်းအုပ်ဖြစ်သူ ဆရာ‌စောမျိုးညွန့်က ‌ပြောသည်။

“သူတို့ ကမ်းလှမ်းထားတာက‌တော့ CDC ‌ကျောင်းတစ်ခုတည်းအတွက်‌ပေါ့။ ဒါ‌ပေမယ့်လည်း အခြား‌ရွှေ့‌ပြောင်း‌ကျောင်း‌တွေ ဒုက္ခသည်စခန်းက ဖွင့်ထားတဲ့ ‌ကျောင်း‌တွေအ‌နေနဲ့ တက်ချင်တယ်။ အရည်အချင်း ပြည့်မှီတယ်ဆိုရင် CDC ‌ကျောင်းအ‌နေနဲ့ပဲ သွားဖို့ သူတို့ သ‌ဘောတူထားပါတယ်”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပညာသင်ဆု‌လျှောက်ထားလိုသူများတွင် ပတ်စ်ပို့ (သို့) ဆယ်နှစ်ခံကဒ် (သို့) အလုပ်လုပ်ခွင့်လက်မှတ် ပန်း‌ရောင်ကဒ် ရရှိထား သူဖြစ်ရမည်ဖြစ်ပြီး ၎င်းတို့ကို နယ်စပ်ပညာ‌ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းထားသည့် အရည်အချင်း စိစစ်‌ရေး ‌ကော်မတီ၏ စိစစ်‌ရွေးချယ်မှုဖြင့် အဆိုပါတက္ကသိုလ်တွင် တိုက်ရိုက် တက်‌ရောက်၍ ပညာသင်ကြားနိုင်မည်ဖြစ်သည်ဟု CDC ဒု ‌ကျောင်းအုပ်က ဆက်‌ပြောသည်။

ပညာသင်ဆုအတွက် အဆိုပါ ထိုင်းတက္ကသိုလ်မှ ‌ကျောင်းသားဦး‌ရေ အများဆုံး ၂ဝဦး လက်ခံသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ များအ‌နေဖြင့် နယ်စပ်‌ကျောင်းပညာ‌ရေးများမှ အနည်းဆုံး ၁၂တန်းနှင့်အထက် သို့မဟုတ် ၎င်းနှင့်တူညီသည့် အသိအမှတ်ပြု‌အောင်လက်မှတ်များအပြင် အဂင်္လိပ်(သို့) ထိုင်းဘာသာစကား တစ်ခုခုကို ဆက်သွယ်‌ပြောဆိုနိုင်သူများသာ ‌လျှောက်ထားနိုင်သည်ဟု သိရသည်။

ထိုင်းတက္ကသိုလ်မှ‌ပေးမည့် ပညာသင်ဆုအရ ၂နှစ်တက်‌ရောက်ရမည့် ဒီပလိုမာတွင် Welding Technician၊ Computer Technician၊ Electronic Technician စသည့်ဘာသာရပ်များ ပါဝင်ပြီး Business and Liberal Arts၊ Engineering၊ Science and Fine Arts စသည့်ဘွဲ့များအတွက် ၄နှစ်၊ Industrial Education(with teaching licenses) အတွက် ၅နှစ် တက်‌ရောက်ရ မည်ဖြစ်သည်။

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများပညာ‌ရေး‌ကော်မတီ BMWEC ဥက္ကဌ ‌နော်‌ဖော‌ရေက “ကျမတို့ နယ်စပ်‌ကျောင်း၊ ဒုက္ခသည် စခန်းက ‌ကျောင်း‌တွေမှာရှိတဲ့က‌လေး‌တွေအတွက် အခွင့်အ‌ရေးတစ်ခု ဖြစ်ပါတယ်။ ဒီ‌ကျောင်း‌တွေက‌နေ တနှစ်ကို ‌ကျောင်းသူ ‌ကျောင်းသား အ‌ယောက် ၅၀၀‌လောက် ထွက်တယ်။ ခုလိုရတဲ့ အခွင့်အ‌ရေးက‌နေ အသိအမှတ်ပြု ဘွဲ့လက်မှတ်တစ်ခုရသွားရင် သူတို့အတွက် အများကြီး ‌ကောင်းသွားတယ်”ဟု ‌ပြောသည်။

ထို့အပြင် ပညာသင်ဆု‌ရွေးချယ်ခံရပြီး သက်ဆိုင်ရာ ဘာသာရပ်အသီးသီး တက်‌ရောက်ခွင့်ရမည့် ‌ကျောင်းသူ‌ကျောင်းသားများ အတွက် သင်ကြား‌ရေးစရိတ်နှင့် ‌နေထိုင်‌ရေးစရိတ်တို့ကိုသာ ‌ထောက်ပံ့‌ပေးမည်ဖြစ်ပြီး စားစရိတ်၊ ‌ကျောင်းဝတ်စုံနှင့် သွားလာ ‌ရေး၊ ကျန်းမာ‌ရေးစရိတ်အပြင် အခြား‌သော စာ‌ရေးကိရိယာအသုံးအ‌ဆောင်များ ပါဝင်မည်မဟုတ်‌ကြောင်း ယင်းတက္ကသိုလ်၏ ပညာသင်ဆု‌ခေါ်စာတွင် ‌ဖော်ပြထားသည်။

Rajamangala University of Technology Tak (RMUTL Tak) တက္ကသိုလ်၏ ပညာသင်ဆု အစီအစဉ်မှာ ဩဂုတ်လ ၁၅ရက် ‌နေ့‌နောက်ပိုင်း စတင်မည်ဖြစ်သည့်အတွက် ယင်းအစီအစဉ်အတွက် စိတ်ပါဝင်စားသည့် ‌ကျောင်းသူ‌ကျောင်းသားများကို ဇူလိုင် လအတွင်း အရည်အချင်းစီစစ်‌ရေး‌ကော်မတီမှ အပြီးသတ် ‌ရွေးချယ်သွားမည်ဖြစ်‌ကြောင်း သိရသည်။