“ဘယ်အရာမဆို ကြိုးစားအားထုတ်ပြီး သတင်းတွေ၊ စာတွေ များများဖတ်ဖို့လိုတယ်။ တက်ကြွဖို့လည်း လိုတယ်။ အထက်က လူကြီးတွေ ကိုယ့်ကို တွဲခေါ်ဆွဲခေါ်သလို အောက်က ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေကိုလည်း တွဲခေါ်ဆွဲခေါ်ရပါ့မယ်။”
ဇူလိုင် ၂၃ ရက်၊ ၂၀၁၆ ခုနှစ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ဇူလိုင် ၄ ရက်မှ ၂၂ ရက်နေ့ထိ ပြုလုပ်သည့် (၆၄)ကြိမ်မြောက် စီဒေါ အစည်းအဝေးပွဲသို့ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာများ တင်ပြပြောဆိုရာအတွက် မြန်မာနိုင်ငံမှ လူမှုအဖွဲ့အစည်း ၅ဖွဲ့ဖြစ်ကြသည့် အမျိုးသမီး အဖွဲ့များကွန်ရက်(WON)၊ ကျားမရေးရာ တန်းတူညီမျှရေး ကွန်ယက်(GEN)၊ ကရင် လူအခွင့်အရေး အဖွဲ့(KHRG)၊ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)နှင့် CEDAW Action Myanmar (CAM) စသည့် လူမှုအဖွဲ့အစည်း(၅)ဖွဲ့တို့မှ စုစုပေါင်း ကိုယ်စားလှယ် ၂၆ ဦး တက်ရောက်ခဲ့ကြသည်။
စီဒေါ အစည်းအဝေးမှာ အမျိုးသမီးအခွင့်အရေးဆိုင်ရာများကို တင်ပြရန် သွားခဲ့သည့် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)ကိုယ်စားအဖြစ် ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ကရင်လူငယ်အမျိုးသမီး နော်ဆဲဆဲကို ကေအိုင်စီက တွေ့ဆုံမေးမြန်းထားပါတယ်။ နော်ဆဲဆဲသည် KWO ၌ Creating Peace Project Coordinator တာဝန်ယူထားပြီး WLB တွင် Advocacy Team Member တာဝန် ယူထားလျှက်ရှိသည်။
(၆၄)ကြိမ်မြောက် စီဒေါ အစည်းအဝေးကို မသွားရခင် ဘာတွေ ကြိုတင်ပြင်မှုတွေ လုပ်ခဲ့ကြလဲ။
ကျမတို့ ဂျနီဗာကို မသွားခင် ကျမတို့ အဖွဲ့ ၅ဖွဲ့ဟာ ရန်ကုန်မှာ ကြိုတင်ပြင်ဆင်မှု နှစ်ရက် လုပ်ခဲ့သေးတယ်။ ဇွန်လ ၂၄နဲ့ ၂၅ ရက်နေ့မှာ လုပ်ခဲ့တာပါ။ အဲဒီမှာ ကျမတို့ပြင်ဆင်ထားတာက ဘယ်သူက Oral statement (တင်ပြကြေညာချက်)ပြောမလဲ။ အဲဒီ statement ထဲမှာ ထည့်ဖို့အတွက် အနည်းဆုံး စာမျက်နှာ နှစ်မျက်နှာလောက် ကျမတို့ Issue တွေ ရွေးချယ်ခဲ့တယ်။ ပြီးတဲ့နောက်မှာ ဇွန် ၂၉ ရက်မှာတစ်ဖွဲ့၊ ဇူလိုင် ၁ ရက်နေ့မှာ တစ်ဖွဲ့။ ၂၉ရက်နေ့အဖွဲ့မှာ ကျမပါတာပေါ့နော်။ အဲဒီနေ့မှာပဲ ကျမတို့ ဂျနီဗာကို သွားတယ်။
ဂျနီဗာကို ရောက်တော့ တစ်ဆင့်ချင်း ဘာတွေ လုပ်ခဲ့ကြရလဲ။
(ဂျနီဗာမှာ ရောက်တော့) Global to Local ခေါ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု လုပ်တယ်။ မိမိတို့အဖွဲ့တွေ ဘယ်လို ကြိုတင်ပြင်ဆင်မှု လုပ်သွားရမလဲ။ ပြီးတော့ စီဒေါကော်မတီဟာ ဘယ် Issue ကို စိတ်ဝင်စားလဲ၊ UN(ကမ္ဘာ့ကုလသမဂ္ဂ)ကို သွားရင် ဘာတွေ တင်ပြမလဲ။ Oral statement စတာတွေကို ကျမတို့ သင်ယူတယ်။ ဇူလိုင် ၁ရက်ကနေ ၃ ရက်နေ့အထိ သင်ယူခဲ့တာပေါ့။
ဇူလိုင် ၄ ရက်နေ ၇ ရက်နေ့အထိကတော့ ကျမတို့ရဲ့ အစီအစဉ်က UN ကို နေ့တိုင်း သွားရတယ်။ ဇူလိုင် ၄ရက်နေ့၊ မနက်မှာ (၆၄)ကြိမ်မြောက် စီဒေါ အစည်းအဝေးပွဲဖွင့်ပွဲ စတင်ဖွင့်လှစ်တာပေါ့။ အဲဒီနေ့ မွန်းလွဲပိုင်းမှာကျတော့ နိုင်ငံသုံးနိုင်ငံဖြစ်တဲ့ ပြင်သစ်၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့တွေဟာ စီဒေါကော်မတီကို Oral Statement တင်ပြဖတ်ပြတယ်။ အဲဒါတင်ပြဖို့ ကျမတို့ ၁ဝ မိနစ် အချိန်ရတယ်။ ဖိလစ်ပိုင်က သူတို့လူတွေ များတဲ့အတွက် ၁၅ မိနစ်ရတယ်။ ကျမတို့ မြန်မာကတော့ ၁၂ မိနစ်ရတာပေါ့။ အဲဒီ ရခိုင် project က တစ်ခုပါတယ်။ သူတို့က ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး တင်ပြတာ ဖြစ်ပါတယ်။ သူတို့က သီးသန့်ပေါ့နော်။ ကျမတို့နဲ့ မချိတ်ထားဘူး။
အဲဒီ ဇူလိုင် ၄ ရက်နေ့ ညနေမှာ ကျမတို့ Oral Statement တဲ့အခါ အဓိက အချက် ၅ချက်ကို တင်ပြခဲ့တယ်။ (စီဒေါ) Article အပေါ် ကြည့်ရင် ကျမတို့ တင်ပြရမယ့် အကြောင်းအရာတွေ အများကြီးပါ။ WLB ကတော့ အများဆုံး ရေးတာပေါ့။ Article ကော၊ အထွေထွေအကြံပြုချက်တွေပေါ့။ ဒါပေမယ့် အကြောင်းအရာများတဲ့ အပေါ်မှာ ကျမတို့ Oral Statement ထဲမှာ အချက် ၅ချက်နဲ့ အကျဉ်းချုပ်လိုက်တယ်။ ပထမအချက်ကတော့ တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှု လက်လှမ်းမှီခြင်း၊ ရာဇဝတ်မှု ကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ရပ်တန့်ရေးဆိုင်ရာ ကိစ္စတွေ ပါဝင်ပါတယ်။ ဒုတိယအချက်ကတော့ အမျိုးသမီးတွေ ပူးပေါင်းဆောင်ရွက်ခြင်း ကိစ္စ၊ နောက်အသစ်တစ်ခုက လိင်ခွဲခြားဆက်ဆံမှုအပေါ် တန်းတူရေးအတွက် အစိုးရရဲ့ ငွေသုံးစွဲမှု ဘတ်ဂျက် မကျပေးတာ၊ နောက်တစ်ခုက ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေ၊ နောက်ဆုံးအချက်က ဖွဲ့စည်းပုံ ကိစ္စ။ ဆိုလိုတာက အမျိုးသမီးတွေကို အဟန့်အတား ဖြစ်စေတဲ့ စည်းမျဉ်းဥပဒေတွေပေါ့။ ဒီ ၅ချက်ကို ကျမတို့ ဖတ်ပြတင်ပြခဲ့တာ ဖြစ်ပါတယ်။
အစည်းအဝေးမှာ တင်ပြလိုက်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး စီဒေါကော်မတီက ဘာတွေ ပြန်ပြောလဲ။
ကျမတို့ ဖတ်ပြတင်ပြလိုက်တဲ့အပေါ်မှာ စီဒေါကော်မတီက ကျမတို့ကို မေးခွန်းတွေ မေးတယ်။ သတ်မှတ်ချက်အရာ တစ်နိုင်ငံကို သူတို့က မိနစ် ၃ဝ အချိန်ပေးတာပေါ့။ ကျမတို့က Oral Statement ကို ဖတ်ပြတင်ပြလိုက်တော့ ကျန် မိနစ် ၂ဝ မှာ သူတို့က ကျမတို့ကို မေးခွန်းပြန်မေးတာ ဖြစ်ပါတယ်။ သူတို့ မေးမြန်းတဲ့အထဲမှာ အများဆုံးက ဥပဒေနဲ့ ပတ်သက်တာ များတယ်။ မျိုးစောင့်ဥပဒေတို့လို၊ နောက်ပြီး အမျိုးသမီးတွေကို အဟန့်အတား ဖြစ်စေတဲ့ ဥပဒေတွေလို မေးခွန်းတွေပေါ့။ နောက်ပြီး စစ်တပ်တွေကို လွတ်ငြိမ်းမှု ရစေတဲ့ အရာတွေအပေါ်မှာ ဘယ်လိုအဟန့်အတားတွေ ရှိလဲ။ ကျမတို့ ဖြေကြားတာက (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ်ကို ကာကွယ်တဲ့ ဥပဒေဖြစ်တယ်။ သူတို့တွေ (နိုင်ငံတကာ ခုံရုံး)ခုံရုံးတွေ မသွားရဖို့ပေါ့။ ဥပဒေတွေက အဲလိုရှိတယ်ဆိုတာ ပြောပြတယ်။ ပုဒ်မ ၄၄၅၊ ပုဒ်မ ၃၅၂ တို့လို အမျိုးသမီးတွေကို အဟန့်အတား ဖြစ်စေတဲ့ အရာတွေ ပုဒ်မအတိအကျနဲ့ ကျမတို့ ပြောပြခဲ့ပါတယ်။
စီဒေါ ကော်မတီနဲ့ သီးသန့်တွေ့ဆုံခဲ့တယ်လို့လည်း သိရတယ်။ တွေ့တဲ့အခါ ဘာတွေ ပြောဆိုဆွေးနွေးခဲ့ကြလဲ။
ဇူလိုင် ၅ ရက်နေ့မှာ စီဒေါကော်မတီနဲ့ ကျမတို့မြန်မာက အဖွဲ့တွေ သီးသန့်တွေ့ဆုံးခဲ့တာပေါ့နော်။ စီဒေါ ကော်မတီနဲ့ မတွေ့ဆုံခင် ကတည်းက ကျမတို့ Lobby လုပ်တယ်။ (မိမိ တင်ပြချက်တွေကို ထောက်ခံပေးဖို့ လိုက်ပြောတယ်။) ကျမတို့ အဲလို လုပ်တဲ့အခါမှာ သူတိုု့တွေ ကျမတို့နိုင်ငံကို စိတ်ဝင်စားတာကို တွေ့ရတယ်။ စိတ်ဝင်စားလို့ အဲဒီနေ့ နေ့လည်မှာ KHRG ကနေ ကျန်းမာရေးနဲ့ ပညာရေးကိစ္စ နည်းနည်းတင်ပြတယ်။ ကျမတို့ တာဝန်ခွဲကြတာပေါ့။ GEN ကတော့ မူဝါဒတွေ၊ ဥပဒေတွေ၊ WLB ကတော့ ရာဇဝတ်မှု ကျူးလွန်တဲ့ သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ ရပ်တန့်ဖို့နဲ့ အမျိုးသမီးဆိုင်ရာ စတဲ့တွေ အကျဉ်းချုပ်တင်ပြတယ်။ အဲဒီအပေါ် သူတို့က ကျမတို့ကို ပြန်လည်အမေးအဖြေလုပ်တယ်။ အမေးအဖြေကဏ္ဍမှာတော့ အကြီးမားဆုံး ပြဿနာ တစ်ခု တွေ့ရတာကတော့ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို တားဆီးပိတ်ပင်ထားတာကို တွေ့ရတယ်။ အမျိုးသမီးအတွက် တန်းတူညီမျှမှုနဲ့ပတ်သက်ပြီး ထင်ထင်ရှားရှား မဖော်ပြထားဘူးပေါ့။
လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က စီဒေါကော်မတီက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ အကြံဉာဏ်တွေ ပေးခဲ့ဖူးတယ်။ ပြီးတော့ စီဒေါမှာ သူတို့ရဲ့ အဓိက စည်းမျဉ်းစည်းကမ်း ၃ ချက် ချမှတ်ထားတာပေါ့နော်။ တန်းတူညီမျှမှု အပြည့်အဝရှိရေး၊ ခွဲခြားဆက်ဆံမှု မပြုရေးနဲ့ အစိုးရ၏ လုပ်ငန်းတာဝန် အဲဒါတွေ ဖြစ်တယ်။ အခု ဖွဲ့စည်းပုံမှာ ခွဲခြားဆက်ဆံမှု မပြုရေးနဲ့ တန်းတူညီမျှမှု အပြည့်အဝရှိရေးတို့ကို ရေးသားဖော်ပြထားတာ မရှိဘူး။ အရင်တစ်ခေါက်က အကြံဉာဏ်တွေ ပေးခဲ့ပေးမယ့် ပြုပြင်ပြောင်းလဲမှု မလုပ်ခဲ့ဘူး။ ကနေ့ထိ အဲဒီတားဆီးပိတ်ပင်မှုတွေ ရှိနေတုန်းပေါ့နော်။ နောက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု၊ အဓမ္မပြုကျင့်မှု ကျူးလွန်တဲ့ စစ်တပ်တွေကို လွတ်ပေးမှုပေးတဲ့အပေါ် စီဒေါအနေနဲ့ အစိုးရကို မေးမြန်းပြီး အစိုးရကနေ ဖော်ထုတ်ဖြေရှင်းပေးဖို့ ကျမတို့ လိုလားတယ်လေ။ အဲဒါကြောင့် ကျမတို့ တင်ပြချက် အကြောင်းအရာနဲ့ အပြန်အလှန် မေးမြန်းမှု အချက်အလက်တွေကို သူတို့က မှတ်သားထားပါတယ်။
အစည်းအဝေးမှာ အရပ်ဖက် လူမှုအဖွဲ့ ၅ ခုရဲ့ တင်ပြချက်အပေါ် စီဒေါကော်မတီအနေနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ပြန်တွေ့ဆုံတဲ့အခါ ဘာတွေ ပြောဆိုခဲ့ကြလဲ။
ဇူလိုင် ၇ ရက်နေ့မှာတော့ စီဒေါကော်မတီဟာ (မြန်မာ)အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံကြခဲ့ကြပါတယ်။ အစိုးရဘက်က တင်ပြန်ချက်တွေကို သူတို့က ပြန်လည်မေးမြန်းတယ်။ အခု မတိုင်ခင် WLB က အစီရင်ခံမှု နှစ်ကြိမ် ပြုလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံအရ အစိုးရဟာ အစီရင်ခံမှုအပေါ် လိမ်ပြီး ဖြေကြားမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ သူတို့ မလိမ်တော့ဘူး။ မရှိရင် မရှိဘူး။ မဖြေနိုင်ရင် မဖြေနိုင်ဘူး ရိုးရိုးသားသားပဲ ဖြေကြားတယ်။ အများအားဖြင့်တော့ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး သူတို့ ပေါ်ပေါ်လွင်လွင် မပြောရဲဘူး။ တစ်ခု သူတို့ပြောတာက ဖွဲ့စည်းပုံထဲမှာ အမျိုးသား၊ အမျိုးသမီးအားလုံးကို အခွင့်အရေး ပေးထားတယ်ဆိုတဲ့ အကြောင်း အခန်း(၈)က အချက်တွေ ရည်ညွှန်းပြီး ပြောလေ့ပြောထ ရှိပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ကျမတို့ ကြည့်မယ်ဆိုရင်တော့ စစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေကို သူတို့ မပြောတတ်ဘူး။ တချို့က လူကုန်ကူးမှုနဲ့ ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် တွေ မပါလာတဲ့ အတွက် နောက်မှ စာရေးပြီး ပြန်လည်ဖြေကြားမယ်လို့ သိရပါတယ်။ တချို့အကြောင်းအရာ တွေ သူတို့ပြောတာက အစိုးရသစ်တက်လာတာကို ဂုဏ်ယူတယ်ပေါ့။ အစိုးရဆိုတာ အသစ်ဆက်ဆက် သုံးလ တာပဲ ရှိသေးတယ်ပေါ့။ လွတ်တော်အတွင်းမှာလည်း အမျိုးသမီး ပါဝင်လာမှုများလာပြီ။ ဒေါ်အောင်ဆန်းစုကြည် ဆိုရင်လည်း သမ္မတရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာတဲ့အကြောင်း သူတို့တင်ပြတာပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ဆိုရင် အမျိုးသမီးတွေ UPDDC ထဲမှာ သုံးဦး ပါဝင်လာတယ်။ EAO ထဲမှာဆိုရင်လည်း အမျိုးသမီးပါဝင်မှုတွေ ရှိကြောင်း သူတို့က အဲလို ထောက်ပြကြတာပေါ့။ ဒါပေမယ့် ကျမတို့ဘက်မှာကျတော့ ပြန်ထောက်ပြတာက အဲဒီ ပါဝင်တဲ့ အမျိုးသမီးတွေက ဆုံးဖြတ်ချက်ချနိုင်တဲ့ သူတွေ မပါဘူးပေါ့။
စီဒေါကော်မတီတွေ အစိုးရကိုယ်စားလှယ်တွေကို မေးမြန်းတာတွေဟာ ကျမတို့ တင်ပြတဲ့ Oral Statement ဖြစ်စေ၊ ဇူလိုင် ၅ ရက်နေ့က စီဒေါကော်မတီနဲ့ ကျမတို့အဖွဲ့ တွေ့ဆုံခဲ့မှုအပေါ် အခြေခံပြီး ကျမတို့တင်ပြတဲ့ အကြောင်းအရာ အချက်အလက်တွေကို ယူပြီး သူတို့ မေးမြန်းတာဖြစ်ပါတယ်။ အဲဒါတွေကို ကျမတို့ ပြန်ရ လိုက်တဲ့ အကျိုးသက်ရောက်မှု အဖြေတွေ ဖြစ်ပါတယ်။ ကျမတို့ အစိုးရကို မေးမြန်းချင်တဲ့ မေးခွန်းတွေလည်း သူတို့ မေးပေးတာပေါ့နော်။
စီဒေါကော်မတီနဲ့ (မြန်မာ)အစိုးရ တွေ့ပြီးနောက်မှာ ကျမတို့ဘက်ကအဖွဲ့နဲ့ (မြန်မာ)အစိုးရနဲ့ (ပြင်ပ)ဆွေးနွေးမှု တစ်ခုလုပ်ပြီး စကားပြောခဲ့ကြတယ်။ သူတို့က သူတို့ လုပ်ခဲ့တဲ့ အရာတွေ အားလုံးကို ပြန်ကြည့်ပြီးတော့ လာမယ့် အနာဂါတ်မှာ မဖြစ်အောင် အားလုံးပြန်သုံးသပ်ပြီး ပြင်ဆင်မှာပေါ့။ အဲလို ပြန်လည်ပြင်ဆင်တဲ့နေရာမှာ အမျိုးသမီးအဖွဲ့တွေ အားလုံးကို ခေါ်ပြီးတော့ ရှေ့ဆက်အလုပ်တွေ တွဲလုပ်ကြဖို့ဖြစ်ပါတယ်။ လက်တွေ့မှာတော့ ဘယ်လိုဖြစ်လာဦးမလဲတော့ မသိသေးဘူးပေါ့။ ကျမတို့ရဲ့ ခရီးအစီအစဉ်ကတော့ (ဇူလိုင်)၇ရက်နေ့မှာပဲ ပြီးဆုံး သွားပါတယ်။ ၈ရက်နေ့မှာတော့ စီဒေါကော၊ အစိုးရနဲ့ကော ကျမတို့ တွေ့ဆုံခဲ့မှုတွေကို ပြန်သုံးသပ်ကြတယ်။ အဲဒီမှာ ကျမတို အစိုးရကို မေးမြန်းချင်တဲ့ အရာအားလုံးကို စီဒေါက မေးပေးအတွက် ကျမတို့ သွားခဲ့ရတဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှု အများကြီး ရှိခဲ့တာကို တွေ့ရပါတယ်။
ဒီအစည်းအဝေးအပြီးမှာ စီဒေါကော်မတီကနေ နှစ်ပတ်ပြည့်တဲ့နောက်ပိုင်း အစိုးရကို တစုံတရာ အကြံပြုချက် ပို့ပေးလိမ့်မယ်။ အဲဒီအကြံပြုချက်တွေ ၂နှစ်အတောအတွင်းမှာ အစိုးရကို လုပ်စေချင်တဲ့ အရာတွေ လုပ်၊ မလုပ် သူတို့ ပြန်ကြည့်မယ်။ ဘာဖြစ်လဲဆိုရင် ၂နှစ်ပြည့်ရင် နောက်ထပ် အစီရင်ခံစာတစ်ခုကို အစိုးရက ရေးရမယ် လေ။ တကယ်လို့ အစိုးရက မလုပ်ဘူးဆိုရင် ကျမတို့က အစီရင်ခံ တင်ပြလို့ရတယ်။
လူငယ် အမျိုးသမီးတစ်ယောက်အနေနဲ့ စီဒေါအစည်းအဝေး တက်ခွင့်ရတဲ့အပေါ် ရရှိခဲ့တဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။
ဒီလို ခရီးစဉ်နဲ့ပတ်သက်ပြီး တစ်ခါမှ ကျမ အတွေ့အကြုံမရှိခဲ့ဘူး။ ဒါကတော့ ပထမဦးဆုံး အကြိမ်ပဲ။ နောက် တစ်ခုက ကရင်လူငယ်တွေထဲမှာ အရေးကြီးတဲ့ ကဏ္ဍတွေမှာဆိုရင် ကျမလို လူငယ်ကို ဒီဒေါအစည်းအဝေးမှာ စကားပြောခွင့်ကော၊ အမေးအဖြေကော ပါဝင်နိုင်ဖို့ လူကြီးတွေ ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။ ပြန်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ကျမရဲ့ ဖြတ်သန်းမှုတွေ အခုလို မရှိခဲ့ဖူးပေမယ့် တတ်နိုင်သလောက် ကျမ ကြိုးစားခဲ့ပါတယ်။ တတ်နိုင် သလောက်လည်း ကျမတို့ လိုချင်သမျှ စီဒေါကော်မတီကို စည်းရုံးလှုံ့ဆော်ပြောဆိုနိုင်ခဲ့တယ်။ ကျမတို့ရဲ့ တင်ပြ ချက်တွေကိုလည်း သူတို့ နားထောင်တဲ့အတွက် ဝမ်းသာမိတယ်။ ဝမ်းသာတယ်ဆိုတာက စီဒေါကော်မတီ ဆိုတာ လူ့အခွင့်အရေးရော၊ အမျိုးသမီးအခွင့်အရေးတွေမှာရော အင်မတန်တော်တဲ့ အဖွဲ့ဖြစ်ပါတယ်။ ကျမတို့ အမျိုးသမီးတွေရဲ့ ခံစားခဲ့ရတဲ့ အရာတွေကို သူတို့ နားလည်တယ်။ ဒီလို နားလည်တာကလည်း သူတို့တွေဟာ အမျိုးသမီးတွေ ဖြစ်လို့ မဟုတ်ပါဘူး။ သူတို့ အကြောင်းအရာတွေကို နှစ်ဘက် ကြည့်ကြတာ ဖြစ်ပါတယ်။ သူတို့ လုပ်ရမယ့် အရာတွေမှန်သမျှ ပြတ်ပြတ်သားသားပဲ အစိုးရကို ပြောဆိုမေးမြန်းပါတယ်။
အထူးသဖြင့် ဒီနှစ်အတောအတွင်းမှာ ပြည်တွင်းနဲ့ နယ်စပ်မှာနေတဲ့ အမျိုးသမီးအဖွဲ့ ၅ဖွဲ့ ပူးပေါင်းပြီး အစီရင်ခံစာ ပေါင်းရေးခဲ့ကြတယ်။ အစည်းအဝေးသွားခဲ့တာကတော့ ၂၆ ယောက်ပေါ့။ အဲမှာ အင်အားလည်း တောင့်တင်း သလို အချက်အလက်ကလည်း အားကောင်းတယ်။ နောက်ပြီး အမေးအဖြေမှာလည်း လိုရင်း တိုရှင်းပဲ ကျမတို့ လုပ်ခဲ့တယ်။ အချိန်ကန့်သတ်ချက်အတွင်းမှာလည်း ကွက်တိဖြစ်အောင် ကျမတို့ တင်ပြပြော ဆိုနိုင်ခဲ့တယ်။ အထူးသဖြင့် တင်ပြချက်ထဲက အချက်အလက်တွေကို စီဒေါက အစိုးရကို ပြန်မေးတဲ့အခါ ကျမတို့ အားအရဆုံး တစ်ခုရှိတယ်။ အဲဒါကတော့ အစိုးရက သူ့ရဲ့ ရဲဝန်ထမ်းနဲ့ စစ်တပ်အင်အား ၉၉၀၀ဝ ကျော်ကို အမျိုးသမီး အခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ကျား၊မဆိုင်ရာ တန်းတူအခွင့်အရေးတို့နဲ့ ပတ်သက်တဲ့ သင်တန်း အကြိမ် ၆ထောင်ကျော် ပေးတယ်လို့ စီဒေါကော်မတီကို တင်ပြထားတယ်။ စီဒေါက အဲဒီအပေါ် အစိုးရကို ပြန်မေးတာ ပေါ့။ ဒီလောက် သင်တန်းတွေပေးတာ ဘာဖြစ်လို့ ချိုးဖောက်မှု၊ အကြမ်းဖက်မှုတွေ ရှိသေးတာလဲပေါ့။ သူတို့က အဲဒါကို ပြန်ထောက်ပြထားတယ်။ ဒါကြောင့် ဒီခရီးစဉ်ကို ပြန်ကြည့်ရင် အစိုးရနဲ့ ကျမတို့ ပိုအဆင်ပြေလာတယ်။
ခရီးစဉ်နှင့်ပတ်သက်ပြီး နောက်ထပ် ဘာတွေ ဖြည့်စွက်ပြောချင်လဲ။
ပထမဦးဆုံး ကျမပြောချင်တာက ဒီခရီးစဉ်သွားခွင့်ရအောင် ပံ့ပိုးပေးတဲ့ ကျမအဖွဲ့အစည်းကို ကျမကျေးဇူး တင်တယ်လို့ ပြောချင်တယ်။ လွန်ခဲ့တဲ့ ၄၊ ၅နှစ်တုန်းကဆိုရင် အောက်ခြေမှာပဲ ကျမလှုပ်ရှားခဲ့တယ်လေ။ ဒါပေမယ့် ဒီ ၂နှစ်၊ ၃နှစ်ကစပြီး နိုင်ငံတကာတွေမှာ ကျမ သွားလာခွင့်တွေ ပိုရလာခဲ့တယ်။ အထူးသဖြင့် ဒီတစ်ကြိမ်မှာ ကျမတို့ မြန်မာတစ်နိုင်ငံလုံးရဲ့ အမျိုးသမီးတွေအတွက် အင်မတန် အရေးပါတာ ဖြစ်ပါတယ်။ ဒါကြောင့် တက်ကြွတဲ့သူ၊ အကြောင်းအရာတွေကို ပိုင်နိုင်တဲ့သူ ဖြစ်ရမယ်။ ကျမကတော့ ကိုယ့်ကိုယ်ကို တော်တဲ့သူ တစ်ယောက်လို့တော့ မမြင်ပါဘူး။ ဒါပေမယ့် အကောင်းဆုံးတော့ ကြိုးစားခဲ့တာပေါ့။
ဒီလို သွားပြီး စကားပြောခွင့်ရတဲ့အပေါ်လည်း ကရင်အမျိုးသမီးတွေအတွက် ကျမ ဂုဏ်ယူတယ်။ ဒါ့အပြင် ကရင်အမျိုးသမီးအပြင် အခြားတိုင်းရင်းသားအမျိုးသမီးတွေအတွက်ပါ အလားတူ လူငယ်တွေ အများကြီး လိုအပ်တာကို တွေ့ရပါတယ်။ အဲလိုမဟုတ်ဘဲ လူကြီးတွေပဲ ဆက်လုပ်ပြီး လူငယ်တွေ တွဲခေါ်ဆွဲခေါ်တာ မလုပ်ဘူးဆိုရင် ကျမတို့အနာဂါတ်အတွက် အခက်အခဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျမရဲ့ ဖြတ်သန်းမှုကို ကြည့်ရင် အများအားဖြင့် ခေါင်းဆောင်တွေဟာ ကျမတို့ကို တွဲခေါ်ဆွဲခေါ်တာ လုပ်ပါတယ်။ အထူးသဖြင့် ကျမမိခင်အဖွဲ့ KWO ဆိုုရင် ကျမကို တဖြည်းဖြည်း တွဲခေါ်ဆွဲခေါ်တာ တွေ့ရပါတယ်။ ကျမတို့ တွေ့သင့်တွေ့ ထိုက်တဲ့ သူတွေကိုလည်း ပေးတွေ့တယ်။ အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် နိုင်ငံတကာအဆင့်အထိ ကျမကို ဆွဲခေါ်တာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ ကျမတို့ ကိုယ်တိုင်ကလည်း ဒါကို ကြိုးစားရမယ်။
အခု ခရီးစဉ်မှာ လူငယ်တစ်ယောက်ဆိုပေမယ့် ကျမ တာဝန်ယူရတဲ့ ကဏ္ဍက အရေးကြီးတဲ့အတွက် တခြား အတွေ့အကြုံရှိတဲ့ လူကြီးတွေထက် ပိုကြိုးစားအားထုတ်ရပါတယ်။ ကျမတို့ Speaker ပြောဆိုတင်ပြသူ သုံးယောက်ထဲမှာ ကျန်နှစ်ယောက်ဖြစ်တဲ့ အတွေ့အကြုံရှိတဲ့ လူကြီးတွေပါ။ သူတို့ တစ်နာရီပြင်ဆင် လေ့ကျင့်မှု လုပ်ရင် ကျမက သုံး၊ လေးနာရီလောက် လေ့ကျင့်ရတယ်။ တခါတလေ သူများတွေ အိပ်ပြီ၊ ကိုယ်က မအိပ်ရသေးဘူး။ ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိအောင် ပိုလည်း ကြိုးစားရတာပေါ့။ အကြောင်းအရာ ရှင်းအောင် တင်ပြပြီး အချိန်လည်း သတ်မှတ်တဲ့ ဘောင်ထဲဝင်အောင် ကွက်တိ လုပ်ခဲ့ရတာပေါ့။ အဲဒါအပြင် သူများမေးတာ ဖြေကြားနိုင်အောင် စာလည်း အများကြီးဖတ်ရတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကို သင်ယူရသလို တခြားတတ်သိ နားလည်တဲ့ လူကြီးတွေ သင်ပေးခဲ့တာပေါ့နော်။ ဒါကြောင့် ဒီခရီးစဉ်ဟာ ကျမအတွက် နောက်ထပ်တစ်လှမ်း တက်လှမ်းဖို့အတွက် ယုံကြည်မှုတစ်ခုဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ လူငယ်အမျိုးသမီးတွေကို ကျမတိုက်တွန်းပြောချင်တာက လူမှုအသိုင်းအဝိုင်းထဲမှာ ပူးပေါင်းပါဝင်မှု လုပ်ချင်တယ်ဆိုရင် အခွင့်အရေးဆိုတာ ရှိလာမှာပဲ။ အထူးသဖြင့် ဘယ်အရာမဆို ကြိုးစား အားထုတ်ပြီး သတင်းတွေ၊ စာတွေ များများဖတ်ဖို့လိုတယ်။ တက်ကြွဖို့လည်း လိုတယ်။ အထက်က လူကြီးတွေ ကိုယ့်ကို တွဲခေါ်ဆွဲခေါ်သလို အောက်က ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေကိုလည်း တွဲခေါ်ဆွဲခေါ်ရပါ့မယ်။ ဖြတ်သန်းမှု၊ လုပ်ကိုင်မှုတွေ မတူတာတောင်မှ အချိတ်အဆက်မိမိနဲ့ အလုပ်တွဲလုပ်ကြမှ လွယ်ကူမှာပေါ့နော်။ အဲဒါကတော့ ကျမရဲ့ အကြံပြုပဲ ဖြစ်ပါတယ်။