(နန်းချောင်ဖော့)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကြီးမှာ မြန်မာနိုင်ငံသားများစွာဟာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိဝမ်းရေး၊ မိသားစုအရေး တွေအတွက် ရပ်စွန့်ရွာစွန့်ကာ ငွေရှာရင်း အလုပ်လုပ်နေကြပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှုနဲ့ လုပ်အားခ ကွာဟ မှုတွေကြောင့် ဘန်ကောက်မြို့မှာ လာရောက်လုပ်ကိုင်သူတွေထဲမှာ အိမ်ထောင်သည်အမျိုးသမီးတွေ၊ ဆယ်ကျော်သက် မိန်းက လေးငယ်တွေလည်း များစွာ ပါဝင်နေပါတယ်။
ဒီအမျိုးသမီးတွေအနေနဲ့က သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် စိတ်သောကတွေ၊ ကိုယ်ခန္ဓာပင်ပမ်းမှုတွေကို လျစ်လျူရှုပြီး မိသားစု စားဝတ်နေရေး အဆင်ပြေစေဖို့ မျှော်လင့်ချက်ကြောင့် ထိုင်းနိုင်ငံထဲကို အေဂျင်စီနဲ့ဖြစ်စေ၊ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ-MOU နဲ့ဖြစ်စေ၊ တရားမဝင် လမ်းကြောင်းကဖြစ်စေ အသီးသီး ရောက်ရှိလာကြပါတယ်။
နောင်မူးထီ့ဟာ ၂၀၁၆ခုနှစ်မှာ အသက် ၄၂နှစ်ရှိပြီး ကော့ကရိတ်မြို ့နယ်တောင်ပိုင်း၊ နောင်နိုင်းကျေးရွာကနေ သူမ အသက် ၃၁ နှစ်ကတည်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို ့ကို လာရောက် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ သားသမီး သုံးဦးမိခင် သူမဟာ ကလေး တွေရဲ့ အနာဂတ်အတွက် ပညာသင်စေနိုင်ရေး ခင်ပွန်းနဲ့ ကလေးတွေကို ရွာမှာချန်ထားခဲ့ပြီး အသိမိတ်ဆွေတွေရဲ့ ဆက်သွယ်မှု နဲ့ ဘန်ကောက်မှာ အိမ်ဖော်အလုပ် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
“ဘန်ကောက်မှာ အလုပ်လုပ်တော့ ကလေးတွေကို ကျောင်းထားနိုင်တယ်။ အကယ်၍ ရွာမှာနေပြီး လယ်ပဲ လုပ်မယ်ဆိုရင် တစ် ဝမ်းစာတော့ ရတယ်။ ကလေးတွေကိုတော့ ကျောင်းထားနိုင်မှာ မဟုတ်ဘူး”လို့ သူမက ပြောပါတယ်။
အလုပ်လုပ်ရင်း ငွေစုနိုင်ရေးအတွက် ၂၀၀၆ခုနှစ် လေးလပိုင်းမှာ သူမဟာ မြဝတီ-မဲဆောက်ကတဆင့် ဘန်ကောက်ကို ခြေလျင် ခရီးနဲ့ ငါးရက်ကြာ လမ်းလျှောက်ခဲ့ရပြီးမှ ဘန်ကောက်ကို ရောက်ရှိလာခဲ့ရပါတယ်။ ဒီခရီးအတွက် ပွဲစားခကို လူတစ်ယောက် ၁၄,၅၀ဝဘတ် ပေးခဲ့လိုက်ရပေမယ့် လမ်းခရီးမှာ တောကောင်တွေရဲ့ အန္တရာယ်ကိုလည်း ကြောက်ရသလို ထိုင်းသစ်တောထိန်း သိမ်းရေးအဖွဲ့နဲ့ တိုးမှာကိုလည်း စိုးရိမ်တဲ့အတွက်ကြောင့် ညပိုင်းမှာသာ ခရီးဆက်ခဲ့ရကြောင်း သူမက ပြန်လည် ပြောပြပါတယ်။
“ပွဲစားတွေ ပြောတုန်းက စပါယ်ရှယ် ပို့ပေးမယ်။ တကယ်တမ်း လာတဲ့အခါကျတော့ လမ်းလျှောက်ရတယ်။ လမ်းခရီးလည်း ကြမ်း၊ တောင်တွေလည်း တက်ရတော့ စိတ်ဓာတ်တွေကျလာတယ်။ ရှေ ့ဆက် မသွားချင်တော့ဘဲ အိမ်ပြန်ချင်စိတ်က ပို ပြင်းပြ လာတယ်။ ဒါပေမယ့် သူတို့ ပေးမပြန်ဘူး။ လမ်းမလျှောက်နိုင်တော့တဲ့ လူဆိုရင် လမ်းမှာပဲ ချန်ထားခဲ့တယ်”လို့ နောင်မူးထီ့က ပြောပါတယ်။
ဘန်ကောက်ရောက်စက တရားဝင် လက်မှတ်၊ စာရွက်စာတမ်း ဘာအထောက်အထားမှ မရှိခင်က ၆နှစ်ပြည့်မှ တစ်ကြိမ် အိမ် ကိုပြန်ခဲ့ရပြီး နောက်ပိုင်း ထိုင်းနိုင်ငံရောက် တရားမဝင် အလုပ်သမားတွေအတွက် ပန်းရောင်ကဒ် ပတ်စ်ပို့တွေ ထုတ်ပေးလာ တာကြောင့် ခုဆိုရင် ရွာကအိမ်ကို တစ်နှစ်တစ်ခါ ပြန်လည်ပတ်နိုင်ပြီလို့ သူမက ပြောပါတယ်။
နောင်မူးထီ့လိုပဲ အချို့သော ကရင်မိန်းခလေးငယ်တွေလည်း ပညာရေးထက် ဝမ်းရေးခက်တဲ့အတွက် ကျောင်းဆက်နေချင်ပေ မယ့် မိသားစု စားဝတ်နေရေးအဆင်ပြေစေဖို့ ဘန်ကောက်လိုမြို့ကြီးကို ရောက်ရှိလာခဲ့ရသူတွေလည်း ဒုနဲ့ဒေး ဖြစ်ပါတယ်။
အသက် ၁၃နှစ်အရွယ် နော်အဲ့မွီးဟာ ၈နှစ်ကတည်းက ထိုင်းနိုင်ငံကို လာရောက်အလုပ်လုပ်ခဲ့သူဖြစ်ပြီး မွေးချင်းမောင်နှမ နှစ် ယောက် ရှိပါတယ်။ သူမ အသက် ၄နှစ်အရွယ်ကတည်းက မိဘတွေက အိမ်ထောင်ကွဲသွားခဲ့ကြပြီး မောင်နှမနှစ်ယောက်ဟာ အဖိုး၊ အဖွားတို့နဲ့ပဲ နေထိုင်ကြီးပြင်းခဲ့ရတာမို့ ဘန်ကောက်ကိုတက်ဖို ့ အဖွားရဲ့တိုက်တွန်းချက်ကို မလွန်ဆန်နိုင်ဘဲ အဖိုးအဖွား တွေကို သနားလို့ ရောက်ရှိလာရခြင်းဖြစ်တယ်လို့ သူမက ပြောပါတယ်။
နော်အဲ့မွီးဟာ ဘန်ကောက်ကိုရောက်လာပြီး ပထမဦးဆုံး ကလေးထိန်းအလုပ်ဖြစ်ပါတယ်။ ရွာက အသိတစ်ယောက်ရဲ့ ကလေး ကို တစ်လ ဘတ် ၂၀၀ဝနဲ့ ထိန်းပေးရပါတယ်။ ကလေးထိန်းအလုပ်ပြီးတော့ သူမ အထည်ချုပ်စက်ရုံကို သွားလုပ်ခဲ့ပြန်တယ်။ အလုပ်မှာ မပျော်ပိုက်ချိန် စက်ရုံအလုပ်ကထွက်ပြီး ကံကောင်းစွာ အဆက်သွယ်ပြန်ရတဲ့ မိခင်နဲ့ သွားနေချင်သော်လည်း ပထွေး ဖြစ်သူက မကြိုက်တဲ့အတွက် အိမ်ဖော်အလုပ်ကိုသာ ပြန်လုပ်ခဲ့ရကြောင်း သူမက ပြောပြပါတယ်။
“ကျမ ငယ်ငယ်က ကျောင်းပဲ နေချင်တာ။ အဖွားက ဘန်ကောက်ကို တက်လာခိုင်းတော့ မလာချင်ဘူး။ ကျောင်းပဲ နေချင်တယ် လို့ အဖွားကိုလည်း ပြန်ပြောဖို့ ပြောမထွက်ခဲ့ဘူး။ ဘန်ကောက်ကို ရောက်လာကတည်းက ရွာကို တခါမှ မပြန်ရသေးဘူး။ အလုပ်လုပ်လို့ရလာတဲ့ လခကိုတော့ နှစ်လတစ်ခါ အဖွားကို ပို့ပေးတယ်။ ရွာကိုလည်း အရမ်းပြန်ချင်နေပါပြီ။ နောက်နှစ် ပြန် မယ်လို့တော့ ဆုံးဖြတ်ထားပါတယ်။ ပြန်ပြီးရင် ပြန်တက်လာရအုံးမလားလည်း မသိသေးဘူး”လို့ နော်အဲ့မွီးက ပြောပါတယ်။
ဘန်ကောက်မှာ အလုပ်လုပ်ကိုင်နေသူတွေထဲက အချို့ဟာ ယာယီပတ်စ်ပို့လုပ်ချိန်မှာ အသက်မပြည့်သေးတာကြောင့် ပတ်စ်ပို့ လုပ်ချိန်မှာ ပုံမှန် ကုန်ကျရမဲ့နှုန်းထားထက် ငွေပိုပေးပြီး လုပ်ခဲ့ရတာတွေ၊ ဒါ့အပြင် ဘန်ကောက် စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ် လုပ်ရင်း ထိုင်းအလုပ်သမားများရဲ့ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုများ ခံရတာမျိုး ကြုံဆုံရတာကလည်း ခုချိန်အထိ ရှိနေဆဲ ဖြစ်ပါတယ်။
ဒီလိုရွှေ့ပြောင်းအလုပ်သမားတွေဟာ နောက်ခံ အခြေအနေအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့ရတာရှိသလို ရည် ရွယ်ချက်၊ ဦးတည်ချက်မရှိဘဲ မိဘ၊ အုပ်ထိန်းသူတွေက ဆိုဆုံးမ ထိန်းကျောင်းမရတဲ့အဆုံး ဘန်ကောက်ကို ရောက်ရှိလာသူ လူငယ်တွေလည်းရှိနေကြောင်း Oversea Karen Relive Social Organization – OKRSO) နာယကတစ်ဦးဖြစ်သူ စောစိပ်ပ လောင်က အခုလို ပြောပါတယ်။
“တချို့လူငယ်တွေကျတော့ အလုပ်ကြိုးစားပြီး မိဘအားကိုးရတယ်။ တချို့ကျတော့ မိဘနဲ့ဝေးပြီး သွန်သင်ဆုံးမမှုတွေ မရှိတော့ ဆယ်ကျော်သက်ကလေးတွေ လမ်းမှားဘက် ရောက်ကြတယ်။ အပျော်အပါး၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းဆီ ရောက်တယ်။ အဲလို မူးယစ်ဆေးဝါးသုံးတဲ့အထဲမှာ မိန်းကလေးတွေလည်း နည်းနည်း ပါပါတယ်။ အဓိကတော့ အသက်ငယ် ရွယ်လို့ပေါ့”လို့ စောစိပ်ပလောင်က ရှင်းပြပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကနေ ဝင်ရောက်ပြီးအလုပ်လုပ်နေသူ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ တရားဝင် လုပ်ကိုင်သူ ၂၉သိန်းကျော် အပါအဝင် စုစုပေါင်း ၄သန်းနီးပါးရှိတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT)ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။
၎င်းအပြင် ဦးကျော်သောင်းက “ထိုင်းမှာ ရောက်ရှိနေတဲ့ မြန်မာအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာပဲဖြစ်ဖြစ်၊ မတရားညှင်းပမ်းနှိပ်စက်ခံရတာပဲဖြစ်ဖြစ် ကျနော်တို့ဆီ ဖုန်းဆက်ပြီး အကူအညီ တောင်းနိုင်ပါတယ်။ အထောက်အထားရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကူညီဆောင်ရွက်ပေးနေပါတယ်”လို့ ပြောပါတယ်။
၂၀၁၆ခုနှစ်၊ ၄လပိုင်းအထိ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား လူဦးရေမှာ ယာယီပတ်စ်ပို့ ကိုင်ဆောင် သူ ၁,၀၆၆,၀၅၉ဦး၊ နှစ်နိုင်ငံ သဘောတူစာချုပ် MOU လုပ်သား ၁၅၂,၃၀၈ဦး၊ ပန်းရောင်ကဒ် ၅၂၅,၈၇ဝဦးတို့အပြင် အလုပ်လုပ် နေတဲ့ မိဘနဲ့အတူ နေထိုင်နေတဲ့ အရွယ်မရောက်သေးသော ကလေး ၁၈,၉၀၃ဦးရှိကြောင်း ထိုင်းနိုင်ငံရဲ့ တရားဝင် ထုတ်ပြန် ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
၂၀၁၆ခုနှစ်၊ ဇွန်လ ၂၃ရက်ကနေ ၂၅ရက်နေ့အထိ ထိုင်းနိုင်ငံကို လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့ရပေမဲ့ တွေ့ဆုံခွင့်မရလိုက်ကြတဲ့ ရင်ဖွင့်ပြောဆိုချင် သူ မြန်မာရွှေ့ပြောင်းအလုပ်သမား၊ အလုပ်သမလေးတွေရဲ့ ခံစားရမှု အခြေအနေမှန်တွေကို မသိရှိလိုက်ရပါဘူး။ အလားတူပဲ သိန်းသန်းချီနေတဲ့ ထိုင်းနိုင်ငံထဲက မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေဟာ မိမိဇာတိမွေးရပ်မြေမှာ ပြည့်စုံပြီး သာ ယာတဲ့ မိသားစုနဲ့ နေအိမ်ကို ပြန်နေချင်တဲ့ ဆန္ဒတွေအပေါ် ဘယ်သူတွေက ဘယ်လိုနည်းနဲ့ ဘယ်တော့များမှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားနိုင်မှာလဲဆိုတာ မျှော်နေရုံမှတပါး အခြား မရှိတော့ပါဘူး။
အခု တက်လာတဲ့ မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရကလည်း ဆင်းရဲမွဲတေမှု ပပျောက်ဖို့၊ ရွှေ့ပြောင်းလုပ်ကိုင်နေရမှုတွေကို ဖြေ ရှင်းနိုင်ဖို့၊ အလုပ်သမားတွေ အလုပ်ခွင်နဲ့ အလုပ်အသွားလမ်းမှာ အရှက်ကော၊ အသက်ပါ လုံခြုံစိတ်ချရဖို့၊ ပြည်တွင်းမှာ လူ တိုင်း အလုပ်အကိုင်ရရှိစေဖို့၊ လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းညီမျှဖို့၊ လုပ်ငန်းခွင်တိုင်း ကျား/မ တန်းတူလုပ်ခရရှိဖို့၊ စတာတွေကို ပေါ်လစီ ချမှတ်ပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ပေးရမဲ့ တာဝန်အရှိဆုံးသူတွေပဲ မဟုတ်ပါလား။