(မောင်ကျော်စွာ)
(၂၀၁၆ခုနှစ်၊ ဇွန်လ ၁ဝရက်)
“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” (သို့မဟုတ် ) “၂၁ ရာစု ပင်လုံညီလာခံ”လို့ နာမည် နှစ်ခုသုံးတယ်။ တစ်ခုစီလားလို့ မေးတဲ့အခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်ခုတည်းပါလို့ ဖြေပါတယ်။ နှစ်ခုစလုံး အတူတူပါပဲလို့လည်း ထပ်ဖြည့်ပြောပါတယ်။
“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” ဆိုတဲ့အမည်နဲ့ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက ၂၀၁၅ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂- ၁၆မှ စတင် ကျင်းပခဲ့တယ်။ တိုင်းရင်းသားအင်အားစုတွေကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတဲ့ နာမည်ထက် “၂၁ ရာစု ပင်လုံ ညီလာခံ” ဆိုတဲ့အမည်ကို ပိုပြီး နှစ်သက်ပုံပေါ်ပါတယ်။ “၂၁ ရာစုပင်လုံ” ဆိုတဲ့နာမည်ကို အဓိကထားပြီး သုံးစွဲပြောဆိုတာကို သတိပြုမိပါတယ်။ ဒါ့အပြင် တိုင်းရင်းသားအင်အားစုတွေဘက်က အလေးထားပြီး ပြောဆိုနေတာက “ပင်လုံစိတ်ဓါတ်”တင် မက ဘူး။ “ပင်လုံကတိကဝတ်နဲ့ ပင်လုံအနှစ်သာရ” ဆိုတာဖြစ်တယ်။
သမိုင်းလက်တွေ့မှာလည်း “ပင်လုံကတိကဝတ်နဲ့ ပင်လုံအနှစ်သာရ” ဆိုတာက ဗိုလ်ချုပ်အောင်ဆန်းကျဆုံးမှုနဲ့အတူ တစ်ပါ တည်း အဟောသိကံဖြစ်သွားခဲ့ရတာပဲ မဟုတ်ပါလား။
အတိုင်ပင်ခံပုဂ္ဂိုလ်က “နှစ်ခုစလုံးအတူတူပါပဲ” လို့ ပြောတာဟာ သူ့မှာ ခိုင်လုံတဲ့အကြောင်းတော့ ရှိပါလိမ့်မယ်။ အစဉ်တစိုက် ကိုင်စွဲထားတဲ့ ပြန်လည်သင့်မြတ်ရေးသဘောထားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” ဆိုတဲ့အ မည်က စစ်တပ်ဘက်က လိုလားတဲ့အမည်မို့ ကျယ်ပြန့်ကြီးမားတဲ့ သဘောထားနဲ့ လိုက်လျောသမှု ပြုတာမျိုးလည်း ဖြစ်နိုင်ပါ တယ်။ လိုက်လျောရတယ် ဆိုတာဟာ တကယ်တော့ မုန်းလို့ပဲဖြစ်ဖြစ်၊ ချစ်လို့ပဲဖြစ်ဖြစ် မလွန်ဆန်နိုင်တဲ့ အနေအထားတစ်ခုကို ထင်ဟပ်ဖော်ပြရတဲ့သဘောပဲလို့ ယူဆရင်လည်း ရနိုင်တာပဲမဟုတ်ပါလား။
လက်ရှိအစိုးရကတော့ နာမည်နှစ်ခုအနက် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ”ကို ရှေ့ဆုံးကထားပြီး ပြောဆိုရေးသားသုံးစွဲနေ တာကို သတိပြုမိပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် ညွန်ကြားထားလို့လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
အုပ်စိုးသူအစိုးရ အဆက်ဆက် ထိတ်လန့်ကြောက်ရွံ့တဲ့ တစ္ဆေကြီးသုံးကောင်ရှိပါတယ်။ “ကွန်မြူနစ်တစ္ဆေ၊ ဖက်ဒရယ်တစ္ဆေ၊ ကျောင်းသားသမဂ္ဂတစ္ဆေ”တို့ပဲ ဖြစ်ပါတယ်။ လက်ရှိအစိုးရကတော့ ဘယ်တစ္ဆေမှ ကြောက်မယ် မထင်ပါဘူး။
ဒီလို ဘာကြောင့်ပြောရသလဲဆိုတော့ “ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး”ကျမ်းကို လက်ရှိအစိုးရ စွဲကိုင်ထားမှာပဲဆိုတဲ့ ထင်မြင် ယူဆချက်နဲ့ အရဲစွန့်ပြီး ပြောကြည့်ခြင်းဖြစ်ပါတယ်။ အတိအကျတော့ မပြောနိုင်ပါဘူး။
“ဖက်ဒရယ်တစ္ဆေ” ကို ဖန်တီးခဲ့သူကတော့ ဗိုလ်နေဝင်းစစ်အုပ်စု ဖြစ်ပါတယ်။
“ဖက်ဒရယ်တစ္ဆေ”ကို လက်ညှိုးထိုး၊ ၁၉၄၇ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အာဏာသိမ်းခဲ့တာ အဲဒီစစ်အုပ်စုပဲ မဟုတ်ပါလား။ ၁၉၆၂၊ မတ်လ ၂ရက် နောက်ပိုင်းကစပြီး “ဖက်ဒရယ် တစ္ဆေ”ကို သူတို့ လိုသလို ချဲ့ကားခဲ့ကြတယ်။ ဖြဲချောက်ခဲ့ကြတယ်။ “ဖက် ဒရယ်တစ္ဆေ”ရဲ့ အခြားနာမည်တစ်ခုက “ခွဲထွက်ရေး”ဆိုတာပဲ ဖြစ်ပါတယ်။ “ပြည်ထောင်စုဖြိုခွဲသူ – ဒို့ရန်သူ”၊ “ပြည်ထောင်စု ဖြို ခွဲမည့်အကြံ – ဒို့လက်မခံ”၊ “ပြည်ထောင်စုဖြိုခွဲသူမှန်သမျှ – ချေမှုန်းကြ”လို့လည်း စစ်အုပ်စုအဆက်ဆက်က တခါတခါ အော် ကျယ်၊ အော်ကျယ် လုပ်တတ်ပါသေးတယ်။
“ဖက်ဒရယ်”ကို “ခွဲထွက်ရေး”လို့ ရာစုနှစ်ဝက်ကျော်ကြာအောင် မီးကုန်ယမ်းကုန် သရုပ်ဖျက်ကြခဲ့သူတွေက “ဖက်ဒရယ်”ကို သူတို့လက်ခံပါတယ်လို့ “ပြောင်းလဲ”ပြောဆိုလာကြတော့ ကြားရသူအပေါင်းက သူတို့နား သူတို့မယုံကြဘူး။ နားအကြားများ လွဲ သလား။ ဒီလို မယုံတာ ဆန်းသလား။ မယုံတဲ့လူ အလွန်လား။ ယုံမှတ်ပြီး ပုံအပ်ခဲ့ဖူးတဲ့ ခါးသီးတဲ့အတွေ့အကြုံ ရှိခဲ့ကြပြီပဲ။
“ဖက်ဒရယ်”ကို သူတို့က ဘယ်လိုပုံစံနဲ့ လက်ခံတာလဲ။
သူတို့လက်ခံတဲ့ “ဖက်ဒရယ်”က ဘယ်လိုအမျိုးအစားလဲ။ “မြန်မာ့နည်းမြန်မာ့ဟန် ဖက်ဒရယ်”လား၊ “စည်းကမ်းပြည့်ဝတဲ့ ဖက်ဒ ရယ်”လား၊ “စစ်တပ်ရဲ့ဦးဆောင်မှုကို ထာဝစဉ်ခံယူရမယ့် ဖက်ဒရယ်”လား စသဖြင့် တိကျသေချာစွာ ဆန်းစစ်ကြရပါလိမ့်မယ်။
ဒေါက်တာအေးမောင် ဆိုသူကတော့ “ဖက်ဒရယ်” ဆိုတာ “ခွဲထွက်ရေး”ပဲလို့ သံကြောင်ဟစ်နေတာ ကြားလိုက်ကြမှာပါ။
ဒါ့အပြင် ယခင်အုပ်စိုးသူ အစိုးရအဆက်ဆက်အုပ်စုတွေနဲ့ စစ်တပ်ကပြောနေတဲ့ “ဖက်ဒရယ်”ဆိုတဲ့စကားကိုလည်း သတိကြီး ကြီးထားပြီး ဆန်းစစ်လေ့လာကြရပါလိမ့်မယ်။ မျက်စေ့မှိတ်ပြီးမယုံဖို့ ပြောနေတာမဟုတ်ပါဘူး။ မျက်စေ့ဖွင့်ပြီး လေ့လာဆန်းစစ် ဖို့ အသိပေးတာပါ။ သတိပေးတာပါ။ နိုးနိုးကြားကြားရှိဖို့ နှိုးဆော်တာပါ။
လက်ရှိ အစိုးရသစ် (ဝါ) ဒီချုပ်ပါတီအစိုးရက ပြောနေတဲ့ “ဖက်ဒရယ်”ကတော့ ဗိုလ်ချုပ်အောင်ဆန်းလို တည်ကြည်ဖြောင့်မတ်မှု မျိုးနဲ့ ပြောနေတဲ့ “သွေးရိုးသားရိုးဖက်ဒရယ်” ဖြစ်လိမ့်မယ်လို့ မျှော်လင့်ယူဆမိပါတယ်။ ဒီနေရာမှာ စဉ်းစားစရာနှစ်ခု တင်ပြချင် ပါတယ်။
ပထမတစ်ချက်က ဗိုလ်ချုပ်အောင်ဆန်းကိုင်စွဲခဲ့တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးဆိုတဲ့ မူသဘောထား (ဝါ) ပင်လုံအ နှစ်သာရကို ဗိုလ်ချုပ်အောင်ဆန်းသမီးက ၂၁ရာစုမှာ မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေတွေနဲ့အညီ ဘယ်လိုဆက်ခံ၊ ကိုင်စွဲပြီး လက်တွေ့ အကောင်အထည်ဖော်မှာလဲ ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။
ဒီအတွက် အခြေခံလိုအပ်ချက်က ၁၉၄၇ခုနှစ်ကာလများဆီက ဗိုလ်ချုပ်အောင်ဆန်းလက်ဝယ်မှာရှိတဲ့ “အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာ”မျိုး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဝယ်မှာ ပိုင်ပိုင်နိုင်နိုင်ရှိဖို့ အထူးလိုအပ်လှပါတယ်။
လက်ရှိ ဒီချုပ်ပါတီက အများစုဖြစ်တဲ့ လွှတ်တော်နဲ့ ဒီချုပ်ပါတီအစိုးရကို သက်ရှိလူတစ်ယောက်အနေနဲ့ ပုံဖော်တင်ပြရရင် “မရပ် မနား ခုန်လှုပ်နေတဲ့ နှလုံးသား”က လွဲရင်ကျန်တဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းအားလုံးဟာ ဒီချုပ်ပါတီက ပိုင်ဆိုင်ထားတာ အမှန်ပါ ပဲ။ ဒါပေမယ့် “မရပ်မနား ခုန်လှုပ်နေတဲ့ နှလုံးသား”ကတော့ စစ်တပ်နဲ့ ကာချုပ်လက်ထဲမှာ ရှိနေပါတယ်။ ဒါဟာ ၇၅ရာခိုင်နှုန်း ကိုင်ထားသူနဲ့ ၂၅ရာခိုင်နှုန်း ကိုင်ထားသူတို့အကြားက ခြားနားချက်ဖြစ်ပါတယ်။ စစ်တပ်နဲ့ကာချုပ်က ကိုင်ထားတဲ့ ၂၅ရာခိုင် နှုန်းဆိုတာ အသက်တမျှ အရေးကြီးတဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာမျိုး ဖြစ်ပါတယ်။
ကိုယ်ခန္ဓာအစိတ်အပိုင်းအများစုက “ဒီမိုကရေစီ”ဘယ်လိုပဲ ဖြစ်နေပါစေ၊ နှလုံးသားနဲ့ လှည့်ပတ်နေတဲ့သွေးတွေက “စစ်အုပ်စုနဲ့ စစ်တပ်အကျိုးစီးပွားအတွက်” ခုန်လှုပ်လှည့်ပတ်နေလေသမျှ လှပတဲ့ မင်းသမီးမျက်နှာနဲ့ အချိုးကျတဲ့ ကိုယ်ခန္ဓာရှိတဲ့ ဘီလူးမပဲ ဖြစ်နေမှာပါ။
အနှစ်နဲ့အကာ၊ သရုပ်နဲ့သဏ္ဍာန်၊ ဂုဏ်နဲ့ဒြပ် စပ်ဟပ်မိစေချင်ပါတယ်။ မေတ္တာနှလုံးသားနဲ့ မင်းသမီးလေးပဲ ဖြစ်စေချင်တာပါ။
ဒါကြောင့် ၁၉၄၇ခုနှစ်များဆီက ဗိုလ်ချုပ်အောင်ဆန်းလက်ဝယ်မှာရှိခဲ့တဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာမျိုး ဒေါ်အောင်ဆန်းစု ကြည်လက်ထဲ၊ လက်ရှိ ဒီချုပ်ပါတီအစိုးရနဲ့ လွှတ်တော်လက်ထဲမှာ ရှိစေချင်ပါတယ်။ ဒီလိုရှိနေတယ်ဆိုရင် “ဖက်ဒရယ်”အတွက် အခြေခံအားဖြင့် ရတက်အေးနိုင်စရာ ရှိပါတယ်။
ဒုတိယအချက်ကတော့ အတိုင်ပင်ခံပုဂ္ဂိုလ်မေးနေတဲ့ “ဘာပေးမလဲ” ဆိုတဲ့ကိစ္စပါ။
၁၉၄၇ အခြေခံဥပဒေထဲကနေ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ လက်တွေ့ကျကျ မခံစားရတဲ့အခါ လက်နက် နဲ့ ဖိနှိပ်ချေမှုန်းတာခံကြရတဲ့အခါ လက်နက်စွဲကိုင်ပြီး ခုခံကာကွယ်စစ် ဆင်နွှဲခဲ့ကြရတယ်။ ဒီအခါမှာ “ကိုယ်ပိုင် တိုင်းပြည်ထူ ထောင်ရေး- လွတ်လပ်ရေး” (ဝမ်ပေါင်သမ္မတနိုင်ငံ၊ ကော်သူလေး၊ ကရင်နီသမ္မတနိုင်ငံ စသဖြင့်) ဆိုပြီး တိုင်းရင်းအင်အားစုတွေ ကြွေးကြော်ခဲ့ကြတယ်။ လှုပ်ရှားခဲ့ကြတယ်။ အခုတော့ ဒီကြွေးကြော်သံနဲ့ ဒီလှုပ်ရှားမှုကို စွန့်လွှတ်ခဲ့ကြပြီ။ “ခွဲမထွက်ဘူး”လို့ ပြောနေကြပြီ။ (ယခင်ကြံ့ဖွံ့ အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေထဲမှာ ခွဲမထွက်ဘူးဆိုတဲ့ အချက်ပါတယ်) တန်းတူသွေးစည်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်မယ်လို့ ပြောနေကြပြီ။ ဒါ သူတို့ပေးနိုင်တဲ့ အချက်ပဲ မဟုတ်ပါလား။
တိုင်းရင်းသားအင်အားစုတွေက “ဆပ်ကော်မတီ(၂)ခေါင်းဆောင်”နဲ့ တွေ့တဲ့အခါမှာ “တစ်ပြည်လုံးအတိုက်အခိုက်ရပ်စဲရေး ကြေ ညာပေး”ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒီချုပ်ပါတီအစိုးရထံ တောင်းဆိုနေပါတယ်။ ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ (NCA)စာချုပ် လက် မှတ်မထိုးရသေးတဲ့အဖွဲ့တွေ တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေတယ်ဆိုတာလည်း ကြားသိရပါတယ်။ ဒီချုပ်ပါတီအစိုးရအနေနဲ့ တိုင်းရင်း သားအင်အားစုတွေ တောင်းဆိုနေတဲ့ “တစ်ပြည်လုံး အတိုက်အခိုက်ရပ်စဲရေး” ကြေညာပေးနိုင်ဖို့ လိုအပ်ပါတယ်။
“(NCA)မှာ လက်မှတ်ထိုးရမယ်၊ (DDR/SSR)ကို လက်ခံရမယ်၊ ဒါမှသာ နိုင်ငံရေးဆွေးနွေးခွင့်ပေးမယ်” ဆိုတဲ့သဘောထားက တော့ တစ်ဖက်သတ် ကြိုတင် အပေါ်စီးယူထားတဲ့ တင်းမာတဲ့ သဘောထားပေါ်လစီ ဖြစ်ပါတယ်။ ဒီသဘောထားပေါ်လစီနဲ့သာ ဆိုရင် အရှည်တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးရဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီသဘောထားပေါ်လစီနဲ့ လွှတ်တော်ထဲက ၂၅ရာ ခိုင်နှုန်းဟာ “၂၁ရာစုပင်လုံညီလာခံ” ခရီးကြမ်းလမ်းမှာ အဓိက အတားအဆီးနဲ့ ဆူးညှောင့်ခလုတ်တွေပဲ ဖြစ်ပါတယ်။
“၂၁ ရာစုပင်လုံညီလာခံ”ဟာ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ဒီချုပ်ပါတီအစိုးရအဖို့ အင်မတန် ခက်ခဲကွေ့ကောက်တဲ့ ခရီးကြမ်းတစ်ခုပါ။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လိုလားတဲ့ တိုင်းရင်းသားပြည်သူတွေ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေနဲ့ ညီညီညွတ်ညွတ် ချီတက်မှသာ လိုရာခရီးပန်းတိုင် ရောက်နိုင်ပါလိမ့်မယ်။