Home ထိပ်တန်းသတင်း MPT နှင့် Telenor ဖိုင်ဘာဆက်ကြောင်း တူးဖော်မှု လယ်မြေအိမ်မြေ ထိခိုက်မှုရှိနေ

MPT နှင့် Telenor ဖိုင်ဘာဆက်ကြောင်း တူးဖော်မှု လယ်မြေအိမ်မြေ ထိခိုက်မှုရှိနေ

280

မေလ ၁၀ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ နောင်ကမြိုင်ရွာ၌ Fiber Optic Communication Network Co., Ltd အနေဖြင့် MPTနှင့် Telenor ဆက်သွယ်ရေး ဖိုင်ဘာဆက်ကြောင်းအတွက် မြောင်းတူးဖော်ရာတွင် ဒေသခံများ၏ လယ်မြေများ၊ အိမ်ရှေ့နေရာ အချို့ ပါဝင်ထိခိုက်မှုရှိနေကြောင်း နောင်ကမြိုင်ရွာသားများက မေလ ၉ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

နောင်ကမြိုင်ရွာသား စောအနိုင်က “သူတို့ လာတူးတာ ဒေသခံနဲ့ လာမတိုင်ပင်ဘူး။ အုပ်ချုပ်ရေးမှူးက တစ်ဆင့်ပဲ ပြောတယ်။ အုပ်ချုပ်ရေးမှူးတွေကလည်း ကျနော် တို့လယ်သမားတွေကို မရှင်းပြဘူး။ ကျနော်တို့ဒေသခံတွေ မခံနိုင်လို့ ထပြောမှ လာရှင်း တော့ လယ်သမားတွေက လက်မခံဘူး။ မလုပ်ခင် ပွင့်လင်းမြင်သာစွာ ရှင်းပြသင့်တယ်။ အခုက ဒေသခံအိမ်ရှေ့မှာ ပြီးတော့ လယ်ပေါ်မှာ ဖြတ်တူးနေတယ်။ လမ်းဧရိယာမဟုတ်ဘဲ လယ်၊ ခြံ၊ မြေဧရိယာမှာ ရောက်နေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းကိစ္စအပေါ် ဖြေရှင်းပေးရန် နောင်ကမြိုင် ဒေသခံအချို့သည် မေလ ၈ရက်နေ့က နောင်ကမြိုင် ဒေသခံ အုပ်ချုပ်ရေးရုံးတွင် ဆက်သွယ်ရေးဖိုင်ဘာဆက်ကြောင်းအတွက် မြောင်းများတူးဖော်ရာတွင် ဦးဆောင်နေသူ ဒီဇိုင်းနာ ဗိုလ်မြင့်ထွေးဆိုသူအဖွဲ့နှင့် နောင်ကမြိုင်အုပ်ချုပ်ရေးမှူး စောမောင်တုတို့ကို တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒေသခံများက ခွင့်ပြုချက်မတောင်းဘဲ ၎င်းတို့လယ်မြေပေါ်၌ တူးဖော်ခြင်း၊ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းပြော ဆိုခြင်းနှင့် မည်သူမည်ဝါ၏ ညွှန်ကြားမှုဖြင့် တူးဖော်ရခြင်းတို့ကို မေးမြန်းခဲ့ရာတွင် အဆိုပါဒီဇိုင်းနာ ဗိုလ်မြင့်ထွေးက ရှင်းလင်းတိ ကျသည့် ဖြေကြားမှုများ မရှိကြောင်း တွေ့ဆုံပွဲတက်ရောက်သူ ဒေသခံများက ပြောဆိုသည်။
Exif_JPEG_420
Fiber Optic Communication Network Co., ltd သည် အဆိုပါ ဖိုင်ဘာဆက်သွယ်ရေး ဆက်ကြောင်းနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ရက် နေ့စွဲဖြင့် ဖားအံခရိုင် အထွေထွေဦးစီးဌာနသို့ လုပ်ကိုင်ခွင့်စာ တင်ပြထားမှုများ ရှိခဲ့ပြီး စာတွင် ကား လမ်း ဝဲ၊ ယာ လမ်းနယ်နိမိတ်အဆုံးတွင် ပြုလုပ်မည်ဟု ဖော်ပြထားသော်လည်း လက်တွေ့တွင် ဒေသခံများ ပိုင်ဆိုင်သည့် လယ်မြေ၊ အိမ်ရာဝင်းအတွင်း တူးဖော်လျက်ရှိရာ ကားလမ်းနယ်နိမိတ် အဆုံးနေရာနှင့်လည်း သီးခြားစီဖြစ်နေသည်ကို တွေ့ရ ကြောင်း နော်ကမြိုင်ရွာသားများက ဆိုသည်။

နောင်ကမြိုင်ကျေးရွာအုပ်ချုပ်ရေးမှူး စောမောင်တုက “ကုမ္ပဏီတာဝန်ရှိသူတွေက ဒေသခံတွေ အကြောင်းကြာထားပေးဖို့ ကျနော်တို့ကို လာပြောတယ်။ ကျနော် မအားတော့ အားလုံးကို မပြောပြဖြစ်လိုက်ဘူး။ ရွာမှာတော့ ၄၂ဦး လယ်ခြံမြေထိမယ်။ တခြားရွာမှာလည်း တူးတာပဲ။ ကျနော်တို့ တရွာပဲ ကန့်ကွက်ရင် မသင့်တော်ဘူးလို့ ထင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းဆက်သွယ်ရေးဖိုင်ဘာဆက်ကြောင်းကို ဖားအံမြို့မှ လှိုင်းဘွဲ့မြို့နယ် မယ်သဝေါအထိ တူးဖော်သွားမည်ဖြစ်ပြီး တူးဖော်မည့် လမ်းကြောတစ်လျှောက် လယ်မြေပါဝင်သွားသူ အားလုံး မည်သူမှ ကန့်ကွက်ခြင်းမရှိဟု တာဝန်ခံများမှ လာရောက်ပြောပြ ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး စောမောင်တုက ဆက်ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နှင့် Telenor မြန်မာဖုန်းလိုင်းအတွက် မြေအောက်ဆက်သွယ်ရေး ဖိုင်ဘာဆက်ကြောင်း ဖောက်လုပ်သည့် စီမံကိန်း၏ လက်ရှိ သွယ်တန်းမည့်လမ်းကြောင်းမှာ တောင်ငူ၊ ဖားဆောင်း၊ ဖာပွန်၊ ဖားအံအထိ ဆက်သွယ် တူးဖော်သွားမည်ဟု ကုမ္ပဏီက ရရှိထားသည့် ခွင့်ပြုချက်စာအရ သိရသည်။