(မောင်ကျော်စွာ )
(၂၀၁၆ မေလ ၁၂ ရက်)
“၂၁ ရာစု ပင်လုံညီလာခံ”ဟာ စိတ်ကူးသက်သက်၊ ဆန္ဒသက်သက် မဟုတ်တော့။ လက်တွေ့ဆောင်ရွက်နေတဲ့ လုပ်ငန်း ဖြစ်လာခဲ့ပြီ။ မေလ ၉ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre – NRPC ) ဖွဲ့စည်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ “၂၁ ရာစု ပင်လုံညီလာခံ” ကျင်းပရေးဟာ လုပ်ငန်းစဉ်တစ်ရပ် ဦးတည်ချက်တစ်ရပ်အဖြစ် ပါဝင်လာတာကို အားလုံးသတိထားမိကြမှာပါ။
လွန်ခဲ့တဲ့ ဧပြီလ၂၇ ရက်နေ့က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (Joint Ceasefire Monitoring Committee JMC-U ) အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံရာမှာလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “၂၁ ရာစု ပင်လုံ ညီလာခံ”ကို “လာမည့်တစ်လ၊ နှစ်လအတွင်း နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံကို စတင်နိုင်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပါ”လို့ တိုက်တွန်းသွားတာကိုလည်း သတိပြုလိုက်မိပါတယ်။
“၂၁ရာစုပင်လုံညီလာခံ”ကို တစ်လ၊ နှစ်လအတွင်း စတင်နိုင်ဖို့ဆိုတာ လက်တွေ့အားဖြင့် မဖြစ်နိုင်သော်လည်း ဒီပြောဆိုချက်က အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ထက်သန်ပြင်းပြတဲ့ဆန္ဒကို ရှင်းရှင်းလင်လင်းဖော်ပြခြင်းဖြစ်ပါတယ်။ ထက်သန်ပြင်းပြတဲ့ဆန္ဒကို တိကျပြီးခိုင်မာတဲ့ လက်တွေ့ခြေလှမ်းတွေနဲ့ ပေါင်းစပ်ရမယ်မဟုတ်ပါလား။
“၂၁ ရာစု ပင်လုံညီလာခံ” ပီပီပြင်ပြင် ခေါ်ယူနိုင်ရေးအတွက် တိကျပြီးခိုင်မာတဲ့ လက်တွေ့ခြေလှမ်းတွေက ဘာတွေလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေသလဲ။ တိကျပြီးခိုင်မာတဲ့ လက်တွေ့ခြေလှမ်းတွေဆိုတာကို အရင် ကြည့်ကြရအောင်။ ပထမခြေလှမ်းက တပြည်လုံး အတိုက်အခိုက်ရပ်စဲရေးကို “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ”က တစ်ဖက်သတ် ကြေညာဖို့ ဖြစ်ပါတယ်။
ဒါဟာ ရှေးဦး လိုအပ်ချက်ဖြစ်ပါတယ်။ အစိုးရတပ်နဲ့ အခြားဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပဲဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းပဲဖြစ်ဖြစ် ပစ်ခတ်တိုက်ခိုက်နေမှုတွေ လုံးဝ မရှိသင့်ပါဘူး။ ချက်ချင်းရပ်ဆိုင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အဓိကကျတဲ့ နိုင်ငံတော်အစိုးရအနေနဲ့ တတိုင်းတပြည်လုံး အတိုက်အခိုက်ရပ်စဲကြောင်း တိုင်းသိပြည်သိ ကမ္ဘာသိကြေညာဖို့ လိုအပ်ပါတယ်။ ဒါဟာ တိကျပြီးခိုင်မာတဲ့ လက်တွေ့ခြေလှမ်းတွေထဲက ပထမဆုံးလှမ်းသင့်တဲ့၊ လှမ်းရမယ့် ခြေလှမ်းဖြစ်တယ်လို့ ယူဆပါတယ်။
ဒုတိယခြေလှမ်းကတော့ ယခင်“ဦးသိန်းစိန်အစိုးရ”က မက်လုံးတစ်ခု၊ ဆွယ်လုံးတစ်ခုအနေနဲ့ ကွက်ကြား ကင်းလွတ်ခွင့် (အကန့်အသတ်နဲ့)ပေးထားတဲ့ “မတရားသင်းကင်းလွတ်ခွင့်”ကို အားလုံးလွှမ်းခြုံနိုင်တဲ့ မတရားသင်းကင်းလွတ်ခွင့်အဖြစ် “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ”က ကြေညာပေးဖို့ပါပဲ။
ဒီလိုကြေညာပေးတာဟာ “ပါသင့်ပါထိုက်သူအားလုံးပါဝင်နိုင်ရေး”ဆိုတာကို အပြောသက်သက်မဟုတ်ဘဲ တကယ့်လက်တွေ့အဖြစ် ပြသတဲ့ အစိုးရသစ်ရဲ့ သဘောထားကြီးမှုလည်း ဖြစ်ပါလိမ့်မယ်။ ဒီလိုကြေညာ ခြင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက်၊ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးအတွက် “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်” မကြာခဏ လမ်းညွန်မိန့်ကြားလေ့ရှိတဲ့ “တစ်ယောက်စီတိုင်းက ငါတို့ ဘာပေး နိုင်သလဲဆိုသည့် ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ကိုယ်ဘာပေးနိုင်လဲ ဆိုသည်ကို အဓိက စဉ်းစား၍ ဝိုင်းဝန်းစဉ်းစားကူညီစေချင်ပါကြောင်း”ဆိုတဲ့ ဆော်ဩရှေ့ဆောင်မှုနဲ့ ဆီလျော်ညီညွတ်ပါလိမ့်မယ်။
ဒါ့အပြင် အစိုးရသစ်အနေနဲ့ နိုင်ငံအပေါ်ထားတဲ့ စေတနာ၊ မိမိအစိုးရဂုဏ်သိက္ခာအရ ကိုယ်ပေးနိုင်တာကို ကျယ်ပြန့်ကြီးမားတဲ့ သဘောထားနဲ့ ဖော်ပြပေးအပ်လာတဲ့ အပြုအမူကောင်းတစ်ရပ်လည်းဖြစ်မယ်လို့ ယူဆပါတယ်။ ဒီလိုသာ ဆောင်ရွက်ပေးမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဘက်ကလည်း တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကိုတည့်တည့်ရှေ့ရှုတဲ့ တုန့်ပြန်မှုကောင်းတွေ ရရှိလာလိမ့်မယ်လို့ ယူဆပါတယ်။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်တယ်လို့ ဆိုကြတယ်မဟုတ်ပါလား။
မေတ္တာနဲ့စေတနာကိုသာ စိုက်ပျိုးမယ်ဆိုရင် မေတ္တာစေတနာပန်းပွင့်တွေ ဖူးပွင့်လာပါလိမ့်မယ်။ လှည့်စားမှုနဲ့အတ္တကိုသာ စိုက်ပျိုးမယ်ဆိုရင်တော့ အမုန်းနဲ့ အငြိုးအာဃာတတွေပဲ ဖူးပွင့်လာပါလိမ့်မယ်။ “ပြည်သူပြည်သားတွေအပေါ်မှာ မေတ္တာထားပါ့မယ်၊ နိုင်ငံအပေါ်မှာ သစ္စာစောင့်ပါ့မယ်”လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “နှစ်သစ်ကူးမိန့်ခွန်း”မှာ အတိအလင်းမြွက်ကြားထားတယ် မဟုတ်ပါလား။
တတိယခြေလှမ်းကတော့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးတစ်ယောက်မကျန် လွှတ်ပေးဖို့ပါ။ စတုတ္တ ခြေလှမ်းကတော့ “၂၁ ရာစုပင်လုံညီလာခံ” ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ညှိနှိုင်းမှု အစည်းအဝေးကြီး ကျင်းပဖို့ပါပဲ။
စိန်ခေါ်မှုတွေက ဘာတွေလဲ
အဓိကတော့ “၂၀၀၈ အခြေခံဥပဒေ”နဲ့ အခြားဖိနှိပ်ချုပ်ချယ်ထားတဲ့ဥပဒေဆိုးတွေ ဖြစ်ပါတယ်။ ဒါတွေကို ဒီချုပ်အစိုးရ ဘယ်လိုကျော်လွှားမလဲဆိုတာပါပဲ။ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးကို ပီပီပြင်ပြင် ဆောင်ရွက်တဲ့အခါမှာ မုချရင်ဆိုင်ရမယ့်စိန်ခေါ်မှုကတော့ စစ်တပ်(ကာချုပ်)က ချမှတ်ထားတဲ့ “ငြိမ်းချမ်းရေး နှင့်ပတ်သက်၍ မူဝါဒ (၆) ရပ်”ဆိုတာပဲ ဖြစ်ပါတယ်။
“၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး” ဆောင်ရွက်မယ်ဆိုရင် “ပုဒ်မ ၄၃၆” ကို စစ်တပ်ထောက်ခံ မဲမပါဘဲ ကျော်လွှားလို့ မရနိုင်ပါဘူး။ ဒါ့အပြင် ၂၁ ရာစုပင်လုံညီလာခံမှာ “ပါသင့်ပါထိုက်သူ အားလုံးပါဝင်ဆွေးနွေး နိုင်ရေး”မှာ လက်နက်ချပြီးမှ ပါဝင်ဆွေးနွေးခွင့်ရမှာလား သို့တည်းမဟုတ် လက်နက်ကိုင်ထားပြီး နိုင်ငံရေး ဆွေးနွေးပြေလည်ပြီးတဲ့အခါမှသာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးရဲ့ ကံကြမ္မာကို ညီလာခံ ဆုံးဖြတ်ချက်နဲ့အညီ ဆောင်ရွက်မလားဆိုတဲ့ ကိစ္စပါဘဲ။ စစ်တပ်နဲ့ ကာချုပ်တို့ဘက်ကတော့ လက်နက်ချပြီးမှ သာ ဆွေးနွေးခွင့်ပြုမယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ သဘောထားကို ကိုင်စွဲထားပါတယ်။ (NCA) မှာပါဝင် လက်မှတ် ထိုးသူများ (၈ ဖွဲ့) ကို “မတရား သင်းကင်းလွတ်ခွင့်”ပြုထားပါတယ်။ ဒီလို ကင်းလွတ်ခွင့်ဆိုတာကလည်း အပြည့်အဝ ကင်းလွတ်ခွင့် ဟုတ်ပုံ မရပါဘူး။ ဒီတော့ စိန်ခေါ်ချက်တွေ များလှပါတယ်။ ဒါတောင် ဖက်ဒရယ် ဖွဲ့စည်းရေးမှာ “ ၈ ယူနစ်လား/ ၁၄ ယူနစ်လား ” ဆိုတဲ့ကိစ္စ တွေကို ထည့်သွင်းဖော်ပြခြင်း မပြုရသေးပါဘူး။
သက်ရှိလောကမှာ “သေခြင်းဆိုတဲ့ အနိစ္စတရားနဲ့ အခွန်ပေးခြင်း” ကို အခြေအနေနဲ့အချိန်အခါ တစ်ခုခုအရ ရှောင်လွှဲကောင်း ရှောင်လွှဲနုိုင်ပါလိမ့်မယ်။ လက်ရှိ “၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ/ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဘောင်” ထဲမှာတော့ “ အမျိုးသား ပြန်လည်သင့်မြတ်ရေးပဲ လုပ်လုပ်၊ ပြည်တွင်းငြိမ်းချမ်းရေးပဲ တည်ဆောက်တည်ဆောက်၊ ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်မယ်ပဲ ဆိုဆို၊ ၂၁ ရာစု ပင်လုံညီလာခံပဲခေါ်ခေါ် စစ်တပ်နဲ့ကင်းပြီး၊ စစ်တပ်ပါဝင်ထောက်ခံမှုမရှိဘဲလုပ်လို့ မရနိုင်ဘူးဆိုတဲ့အချက်ကို မပြတ်သော သတိနဲ့နှလုံးသွင်းထားကြရပါလိမ့်မယ်။
“၂၀၀၈ အခြေခံဥပဒေနဲ့ အမျိုးသားနိုင်ငံရေးမှာ စစ်တပ်ရဲ့လွှမ်းမိုးခြယ်လှယ်မှု”ကို အကုန်အစင် ဖယ်ရှားပစ်နိုင်မှသာ ငြိမ်းချမ်းရေး – ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဒီမိုကရေစီတို့ရဲ့ အနာဂတ်ဟာ ဖြောင့်ဖြူး သာယာပါလိမ့်မယ်။