မန်းမင်းရဲထွေး
“ကျွန်သက်ရှည်မြန်မာ့နိုင်ငံရေးမှ လွတ်မြောက်ရေး“ ဆောင်းပါးကို KIC သို့ ပေးပို့လိုက်သည့် ၂၅-၃-၁၆ရက်နေ့ မနက် ၁ဝနာရီ တွင် ရန်ကုန်မြို့ ၃၁လမ်းရှိ ရသာကွန်ဒိုတွင် “မြန်မာပါတီစုံဒီမိုကရေစီ”မှ ကြီးမှူးကျင်းပသည့် “အရပ်ဘက်၊ စစ်ဘက် ဆက်ဆံ ရေး” ဟောပြောပွဲကို တက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲ၌ ကျနော့်ဆောင်းပါးတွင် ထည့်သွင်းဖေါ်ပြပြီး မှီငြမ်းကိုးကားသည့် Zoltan Barany ၏ ကောက်နှုတ်ချက်များကို “တကောင်နိုင်ငံရေးလေ့လာရေးအဖွဲ့”မှ ဦးရဲမျိုးဟိန်းက ဖေါ်ပြဟောပြောခဲ့ပါ သည်။ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးတွင် အောင်မြင်ခဲ့သည့် တောင်ကိုရီးယား၏ နိုင်ငံရေးဖြစ်စဉ်ကို ဥပမာပေး တင်ပြခဲ့ရာ တွင် ဆရာဦးရဲမျိုးဟိန်း၏ ဟောပြောပွဲကို နားထောင်ခဲ့ပြီးနောက် ကျနော် သိမြင်၊ နားလည်ရသမျှကို KIC စာဖတ် ပရိဿတ် များအား မျှဝေပေးလိုသည့် ဆန္ဒက အလွန်ပြင်းပြလာ၍ ယခုဆောင်းပါးကို ရေးသားဖေါ်ပြရခြင်း ဖြစ်ပါသည်။
ယနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးသည် အလွန်အရေးပါသော ကဏ္ဍတွင် ရောက်ရှိ နေပါသဖြင့် ကျနော်ချစ်သော ကရင်မိဘပြည်သူများလည်း သိမြင်နားလည်သင့်သည်ဟု ယူဆမိပါသည်။ ဤဆောင်းပါးကို ဖတ် ရှုပြီး ယနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို တီးမိခေါက်မိလျှင် အမှန်တကယ် အားရကျေနပ်ရမည် ဖြစ်ပါသည်။
စစ်တပ်ဟုခေါ်သည့် တပ်မတော်သည် အချုပ်အခြာအာဏာပိုင်ရှိသော နိုင်ငံတိုင်းတွင် နိုင်ငံတော်၏ လုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်သည့် အဓိကအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ စစ်တပ်သည် နိုင်ငံတော်၏ကဏ္ဍတွင် ရှိသင့်ရှိထိုက်သည့်နေရာတွင် မရှိဘဲ အရပ်သားနိုင်ငံရေး အစိုးရအပေါ်တွင် လွှမ်းမိုးနေခဲ့လျင် တိုင်းပြည်၏ ရှေ့ဆက်သွားရမည့် လုပ်ငန်းစဉ်များ အတားအဆီး အခု အခံ ဖြစ်နေမည်ဖြစ်သောကြောင့် တိုင်းပြည်၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုလည်း တစ်ဖက်စောင်းနင်းဖြစ်ကာ ရှေ့မတိုး နောက်မဆုတ် အခြေအနေတွင် ရပ်တန့်နေတတ်သည်။
“စစ်တပ်ဆိုတာ နိုင်ငံသူ၊ နိုင်ငံသားတွေက်ို ညှင်းဖို့မဟုတ်။ လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့အစေခံ မဖြစ်ရဘူး။” ဟု ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားသွားခဲ့သည်။
စစ်တပ်၏ အဓိပ္ပါယ်
စစ်တပ်ဆိုသည်မှာ ပြည်သူလူထု၏ လုံခြုံရေးနှင့် ပြင်ပရန် ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် တရားဝင် ဖွဲ့စည်းတည် ထောင်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်၏ လုပ်ဆောင်မှုအားလုံးသည် တရားဥပဒေ၏ ထိန်းချုပ်မှု အောက်မှာပဲ ရှိရမှာဖြစ်သည်။
စစ်တပ်ကို တင်းကြပ်သော စည်းမျည်းစည်းကမ်းများဖြင့် ဖွဲ့စည်းသည်။ အထက်ကပေးသည့် အမိန့်ကို အောက်ခြေက အတိအ ကျ လိုက်နာအောင် လေ့ကျင့်သင်တန်းပေးရသည်။ အကြမ်းဖက်မှု၊ ကျူးကျော်မှုများကို ရင်ဆိုင်တိုက်ခိုက်ရန် စနစ်တကျ အထူး လေ့ကျင့်သင်ကြားပေးရသည်။ စစ်သားတိုင်း၏စိတ်တွင် ပုဂိ္ဂုလ်စွဲကင်းရမည်။ စစ်တပ်တွင် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်ဖြစ်၍ တပ်သုံးတပ်စလုံး စည်းလုံးနေအောင် ပုံစံတကျ ဖွဲ့စည်းရသည်။
စစ်တပ်ကို နိုင်ငံတော်အမှုထမ်းရန်အတွက် စစ်ရေးကျွမ်းကျင်သော ပုဂိ္ဂုလ်များဖြင့် လေ့ကျင့်တည်ထောင်သည်။ ပြည်သူပြည် သားကို ထိပါးနှောက်ယှက်လာသော အကြမ်းဖက်တိုက်ခိုက်မှုများကို တိုက်ဖျက်ချေမှုန်းရန်အတွက် စွမ်းရည်ပြည့်ဝသော စစ် သားများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။
လုပ်ငန်းတာဝန်များ
စစ်တပ်အမှုထမ်း အရာရှိများသည် စစ်ဆင်ရေး မဟာဗျူဟာရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်းများ ဆောင်ရွက်ရပြီး အောက်ခြေ အကြပ် တပ်သားနှင့် တိုက်ခိုက်ရေးစစ်သားများသည် စစ်ဗျူဟာမှူးများ ရေးဆွဲစီစဉ်သည့်အတိုင်း တိုက်ခိုက်ရေးတွင် ကျွမ်းကျင်စွာ သက် စွန့်ဆံဖျား တိုက်ပွဲဝင်ရသည်။
စစ်တပ်တွင် အရေးပါသောလုပ်ငန်းစဉ် နှစ်ရပ် ရှိသည်။
(၁) ပြင်ပရန်ကာကွယ်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်းနှင့်
(၂) ပြည်တွင်းတွင် လူမှုအဖွဲ့အစည်း၏ လုံခြုံရေးအတွက် ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခနှင့် ပြည်တွင်းစစ်အရေးများကို ကိုင် တွယ်ဆောင်ရွက်ခြင်း ဟူ၍ လုပ်ငန်းစဉ်နှစ်ရပ် ပိုင်းခြားထားသည်။
ပရော်ဖက်ရှင်နယ်စစ်တပ်၏ အရည်အချင်း
့ပရော်ဖက်ရှင်နယ်စစ်တပ်ဖြစ်ရန် ဆင်မြူရယ်ဟန်တင်တန်၏ သတ်မှတ်ချက်မှာ
(၁) စစ်ရေးကျွမ်းကျင်မှု ရှိရမည်။ (Expertise)
(၂) ပြည်သူပြည်သား လူမှုအဖွဲ့အစည်းများအပေါ်တွင် ဘေးအန္တရာယ်မကျရောက်အောင် တာဝန်ုယူမှု ရှိရမည်။
(Responsibility)
(၃) ကြည်းတပ်၊ ရေတပ်၊ လေတပ် အားလုံးကို တစ်စုတည်း စုရုံးပေါင်းစည်းနိုင်ရမည်။ ပေါင်းစည်းမှုအားသည် စစ်တပ် ပရော် ဖက်ရှင်နယ်ဖြစ်ခြင်း ဖြစ်သည်။ (Coporateness)
အရပ်ဘက် စစ်ဘက်ဆက်ဆံရေး
ဒေးဗစ်ခန်းနှင့် ခရွိုင်းဆန့်တို့က “အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးဆိုသည်မှာ နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်၊ အာဏာနှင့် ပတ်သက် ပြီး အရပ်ဘက်နိုင်ငံရေး အသိုင်းအဝိုင်းနှင့် စစ်တပ်ကြားက အာဏာလွန်ဆွဲပွဲ ဖြစ်သည်”ဟု ဖွင့်ဆိုခဲ့ပေသည်။
အရပ်ဘက် စစ်ဘက်ဆက်ဆံရေးတွင်
(၁) အရပ်သားနိုင်ငံရေးသမားများက စစ်တပ်ကို ထိန်းချုပ်ထားနိုင်ခြင်းနှင့်
(၂) စစ်တပ်က နိုင်ငံရေးထဲ ပါဝင်ခြင်း ဟူ၍ နှစ်မျိုးရှိသည်။
ဒီမိုကရေစီ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးဆိုသည်မှာ အဆိုပါအာဏာလွန်ဆွဲပွဲတွင် အရပ်သားနိုင်ငံရေး အဖွဲ့အစည်းများက အသာရပြီး စစ်တပ်ကို ထိန်းချုပ်ထားနိုင်ခြင်းကို ဆိုလိုခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီ အရပ်ဘက် စစ်ဘက်ဆက်ဆံ ရေး၏ အဓိက အကျဆုံး အယူအဆမှာ စစ်တပ်ကို အရပ်ဘက်က ထိန်းချုပ်ထားနိုင်ခြင်းဆိုသည့် အယူအဆပင်ဖြစ်သည်။
ဇိုလ်တန်ဘာရာနီက “ဒီမိုကရေစီစနစ်မှာ စစ်တပ်နိုင်ငံရေး (Military Politics) ရဲ့ အဓိကအကျဆုံး အချက်ကတော့ အရပ်ဘက် က စစ်တပ်ကို ထိန်းချုပ်ထားနိုင်တာပဲဖြစ်တယ်။ စစ်တပ်က အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ မရှိဘူးဆိုရင်တော့ အောင်မြင်နိုင် မှာ မဟုတ်ဘူး”ဟု ဆိုခဲ့သည်။
ထို့ကြောင့် အရပ်သားနိုင်ငံရေးက စစ်တပ်ကို ထိန်းချုပ်ထားနိုင်ခြင်းသည် ဒီမိုကရက်တစ် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးဟု ခေါ်သည်။ အဘယ့်ကြောင့်ဆိုသော် ဒီမိုကရေစီဖွဲ့စည်းပုံအရ ပြည်သူလူထု၏ အရေးကိစ္စများကို စီမံဆောင်ရွက်ရန် ပြည်သူက သူ ကြိုက်နှစ်သက်ရာ ပုဂိ္ဂုလ်ကို ရွေးချယ်သည့်အတွက် ထိုပြည်သူရွေးချယ်သော ပုဂိ္ဂုလ်သည် စစ်တပ်၏ ကိရိယာများ ဖြစ်ကြ သည့် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေး၊ ပြည်သူ့စစ် စသည်တို့ကို ထိန်းကျောင်းနိုင်ရမည်။ ထိန်းကျောင်းနိုင်အောင်လည်း မူဝါဒများ (Institution) ရေးဆွဲထားရမည်။
ထို့အပြင် အရပ်သားများတွင်လည်း မိမိ၏ကိုယ်ကျိုးစီးပွားနှင့် ပတ်သက်၍ မိမိ၏ ခံယူချက်များ၊ ရည်ရွယ်ချက်များ မြဲမြံခိုင်မြဲမှု မရှိသောအခါ အရပ်သားထိန်းချုပ်မှု ဖြစ်မည်မဟုတ်တော့ပါ။ ထို့ကြောင့် အင်စတီကျူးရှင်းများဖြင့် ထိန်းချုပ်ထားရမည်ဟု ဆိုလို ရင်း ဖြစ်သည်။ ထိုသို့မှ မလုပ်နိုင်လျင် အရပ်သားက တပ်နှင့်ပေါင်းပြီး အသုံးချသွားနိုင်ပါသည်။ အရပ်သားနှင့်တပ်နှင့်ပေါင်း၍ မသမာမှုများလည်း ပြုလုပ်နိုင်သည်။ ထို့ကြောင့် အင်စတီကျူးရှင်းဖြင့် ထိန်းချုပ်မှုကို အားကောင်းအောင် တည်ဆောက်ရမည်။ အင်စတီးကျူးရှင်းဖြင့် ထိန်းချုပ်ခြင်းဆိုသည်မှာ အဖွဲ့အစည်းများ လိုက်နာကျင့်သုံးရမည်ကို ဥပဒေဖြင့် ပြဋ္ဌာန်းထားခြင်းဖြစ် သည်။
အသွင်ကူးပြောင်းကဏ္ဍများ
Stephen Hoadley ၏ “Soldier and Politics in South East Asia” “အရှေ့တောင်အာရှမှ စစ်သားနှင့် နိုင်ငံရေး”မှ ကောက် နှုတ်ချက်အရ စစ်အာဏာရှင်နိုင်ငံမှ အရပ်သားထိန်းချုပ်နိုင်ငံရေးသို့ အသွင်ကူးပြောင်းရာတွင် အခြေအနေ (၄)ရပ် ရှိပါသည်။
(၁) စစ်တပ်က အာဏာပြန်ပေးသည်။ သို့သော် အရပ်သားပါဝင်မှုကို ကန့်သတ်သည်။
(၂) စစ်တပ်က အာဏာပြန်ပေးသည့်အပြင် အရပ်သားပါဝင်မှုကို မြှင့်တင်သည်။
(၃) စစ်တပ်က အာဏာပြန်မပေးပါ။ အရပ်သားပါဝင်မှုကိုလည်း ကန့်သတ်ထားသည်။
(၄) စစ်တပ်က အာဏာထိန်းချုပ်ထားသော်လည်း အရပ်သားပါဝင်မှုကို မြှင့်တင်သည်။
ထိုလေးချက်ထဲမှ နံပါတ် (၂)အခြေအနေရောက်အောင် ရုန်းကန်ကြိုးစားရပေမည်။
စစ်တပ်ကို အရပ်ဘက်က ထိန်းချုပ်သည့် နည်းလမ်းနှစ်သွယ်မှာ
(၁) အရပ်ဘက်နိုင်ငံရေးသမားများက အရပ်ဘက်ထိန်းချုပ်မှုကို မြင့်နိုင်သမျှမြင့်အောင် ထိန်းချုပ်နိုင်အောင် ကြိုးစားသည်။
(Subjective Control)
(၂) တပ်၏ ပရော်ဖက်ရှင်နယ်ကို မြှင့်တင်ပြီး တပ်ကို သူ့နေရာတွင် သူ့အလုပ်ကိုလုပ်အောင် ကြိုးစားခြင်းဖြစ်သည်။ (Objective Control)
စစ်အာဏာရှင်နိုင်ငံမှ အရပ်သားနိုင်ငံရေးသို့ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်ရာတွင် ဒုတိယအချက်ကို လုပ်ဆောင်လေ့ရှိ ကြသည်။ စစ်တပ်အရာရှိများနှင့် အရပ်သားနိုင်ငံရေးသမားတို့၏ အာဏာဆက်စပ်မှုနှင့် တပ်၏ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်နှင့် နိုင်ငံရေးအတွေးအခေါ် မြင့်မားမှုတို့သည် အရပ်ဘက် စစ်ဘက်ဆက်ဆံရေး၏ အောင်မြင်မှု ရှေ့ရှုရာလမ်းပင်ဖြစ်သည်။
အရပ်ဘက် စစ်ဘက်ဆက်ဆံရေးတွင် ဖြစ်ပေါ်လေ့ရှိတတ်သည့် ပုံစံများမှာ
(၁) စစ်တပ်ကို ဆန့်ကျင်မှု များသော်လည်း စစ်တပ်က ပို၍ပါဝါရှိပြီး ပရော်ဖက်ရှင်နယ်ဆန်မှုက နိမ့်ကျသည့်အခါ နိုင်ငံရေးတွင် အတားအဆီး များပြားသည်။
(၂) စစ်တပ်ကို ဆန့်ကျင်မှု များသည်။ စစ်တပ်ကလည်း ပါဝါနည်းပြီး ပရော်ဖက်ရှင်နယ် နိမ့်လျှင် နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်ရသည်။
(၃) စစ်တပ်ကို ဆန့်ကျင်မှု များသည်။ စစ်တပ်ကလည်း ပါဝါနည်းသည်။ သို့သော် စစ်တပ်က ပရော်ဖက်ရှင်နယ်ဖြစ်သည့်အခါ စစ်တပ်သည် ပြည်သူအပေါ် သစ္စာခံသည်။ တူရကီနှင့် ပါကစ္စတန်နိုင်ငံများရှိ စစ်တပ်များသည် ထိုကဲ့သို့သော စစ်တပ်မျိုးဖြစ် သည်။
(၄) စစ်တပ်ကို လိုလားသည်။ စစ်တပ်ကလည်း ပါဝါမြင့်ပြီး ပရော်ရှင်နယ်ဆန်သည်ဆိုလျှင် အကောင်းဘက်သို့ ဦးတည်ခြင်း ဖြစ်သည်။
(၅) စစ်တပ်ကိုလိုလားသည်။ စစ်တပ်က ပါဝါနိမ့်သည်။ သို့သော် ပရော်ရှင်နယ်စစ်တပ် ဖြစ်နေလျှင်လည်း အကောင်းဘက်သို့ ဦးတည်ခြင်းပင်ဖြစ်သည်။
အရပ်ဘက်အောက်သို့ စစ်တပ်ကို ထိန်းချုပ်မည်ဆိုလျှင် တပ်တွင်းအခြေအနေနှင့် ပြင်ပ အခြေအနေကို ဆန်းစစ်လေ့လာရန် လိုအပ်ပေသည်။
တပ်တွင်း၌ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အယူအဆပိုင်းအရ ဆက်ဆံရေး အလေ့အထနှင့် အစဉ်အလာသည် ဘယ် လောက်စုစည်းညီညွတ်ပြီး နီးနီးကပ်ကပ်၊ စေးစေးကပ်ကပ်ရှိသည်ကို လေ့လာရမည်။ အထက်အောက် ဆက်ဆံရေးတွင် အာ ဏာရှိ အရာရှိအရာခံများက အောက်ခြေတပ်သားများအပေါ် ဆက်ဆံရေးနှင့် တပ်သားများက မိမိတို့အရာရှိအပေါ် သစ္စာခံမှု တွင် အနိမ့် အလတ် အမြတ် မည်မျှအတိုင်းအတာ ရှိသည်ကိုလည်း သိမြင်နားလည်ထားဘို့လည်း လိုပေသည်။ ထို့နောက် စစ် တပ်၏ အကျိုးစီးပွားသည် မိမိကိုယ်ပိုင်လုပ်ငန်းဖြင့် ရပ်တည်သလား၊ သို့တည်းမဟုတ် နိုင်ငံတော်၏ ဘတ်ဂျက်ကို မှီခိုနေရသ လားဆိုသည်ကို ကြိုတင် လေ့လာထားရမည်။ အရပ်ဘက်နိုင်ငံရေးသမားများက တပ်တွင်း၏ အခြေအနေများကို လေ့လာသိရှိ နားလည်ထားမှသာလျှင် မိမိသိရှိထားသော အချက်အလက်များဖြင့် တပ်ကို ဆွေးနွေးတင်ပြနိုင်ပေမည်။
ပြင်ပအခြေအနေဆိုသည်မှာ နိုင်ငံရေးသမားများအပေါ် ပြည်သူလူထု၏ ထောက်ခံမှုရှိမရှိ၊ နိုင်ငံရေးသမား အချင်းချင်း သဘော ထား တူညီမှုမရှိဘဲ စစ်တပ်၏ ဘားတိုက်တံခါးကို် သွားခေါက်နေလျှင်လည်း စစ်တပ်က အရပ်သားအပေါ် အထင်ကြီး လေးစား မည် မဟုတ်ပေ။ အပြင်လောကတွင် လူမှုအဖွဲ့အစည်းများ၏ လှုပ်ရှားမှုကဏ္ဍသည် အလွန်အရေးပါလှသည်။ လူမှုအဖွဲ့အစည်း များသည် စစ်တပ်၏ လုပ်ငန်းဆောင်တာများအပေါ် မည်မျှစိတ်ဝင်စားသည်၊ မည်မျှလေ့လာသိရှိထားသည့်အပေါ်တွင် မူတည်၍ အရပ်ဘက်ထိန်းချုပ်မှုကဏ္ဍတွင် ကူညီပံ့ပိုးမှုကို ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။ ပြည်ပခြိမ်းခြောက်မှုရန်နှင့် ပြည်တွင်းလုံခြုံရေး စိုးရိမ်ရသော အခြေအနေတွင် အရပ်သားထိန်းချုပ်ရေးကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ တစ်ချို့နိုင်ငံများမှာဆိုလျှင် နေတိုးအ ဖွဲ့ဝင် သို့မဟုတ် ဒေသတွင်းလုံခြုံရေး အဖွဲ့အစည်းများတွင် ဝင်ရောက်လိုက်သဖြင့် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးကို ပြင်း ပြင်းထန်ထန် မလုပ်လိုက်ရဘဲ အဆင်ပြေ ချောမွေ့သွားသည်ကို တွေ့ရသည်။
ထို့နောက် မိမိတို့နိုင်ငံ၏ အသွင်ကူးပြောင်းမှုပုံစံသည် စစ်အာဏာရှင်စနစ် သို့မဟုတ် တစ်ပါတီစနစ် သို့မဟုတ် ဆိုရှယ်လစ် ကွန်မြူနစ်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလာသလားဆိုသည်ကို နားလည်ထားရပေမည်။ မိမိနှင့်ယှဉ်တွဲလုပ်ကိုင်ရမည့် ယခင်အစိုးရ၏ ဝိသေသလက္ခဏာကိုလည်း သိထားရန်လိုပေသည်။
ယခင်အစိုးရသည် စစ်အာဏာရှင်မဟုတ်လျှင် စစ်တပ်ကိုထိန်းချုပ်နိုင်မှု အားနည်းမည်၊ စစ်တပ်က ပုဂ္ဂိုလ်ဖြစ်လျှင် ထိန်းချုပ်ရ ခက်ပေလိမ့်မည်။ စစ်တပ်က အရာရှိပုဂ္ဂိုလ်ဖြစ်လျှင်လည်း ထိုသူ၏ နိုင်ငံရေးအလေ့အထသည် ညင်သာသိမ်မွေ့မှုရှိသည်လား၊ နိုင်ငံရေးစကားပြောလျင် တုတ်ဆွဲ ဓားဆွဲ ပြောတတ်သည်လား ဆိုသည်ကိုလည်း ၎င်းတို့၏ ပြုမူတတ်သည့် အခြေခံယဉ်ကျေးမှု အလေ့အထကို နားလည်ထားရပေမည်။
အရပ်ဘက်အုပ်ချုပ်ရေးအောက်သို့ ထိန်းချုပ်လိုလျင် ဘယ်နေရာတွေမှာ ထိန်းချုပ်ရန်လိုပါသလဲ။
နိုင်ငံတော်လုံခြုံရေးပေါ်လစီနှင့် မဟာဗျူဟာချရာတွင် အလွန်အရေးကြီးပါသည်။ ကျနော်တို့သည် စစ်တပ်၏ အုပ်ချုပ်မှုအောက် တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ရ၍ လုံခြုံရေးဆိုလျှင် စစ်တပ်ကိုပဲ ပြေး၍သတိရကြသည်။ စစ်တပ်က မဖြေရှင်းနိုင်သော ဘက်ပေါင်းစုံ လုံခြုံရေးခြိမ်းခြောက်မှုသည် မြောက်မြားစွာ ရှိပေသည်။ ပြည်ပကျူးကျော်မှုနှင့် အကြမ်းဖက်ခြိမ်းခြောက်မှုတို့အ ပြင် ဆိုင်ဘာလုံခြုံရေး၊ လူသားဘဝလုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာလုံခြုံရေး၊ လူ့ဘဝသက်တမ်းရှည်စွာ နေထိုင်ရေးနှင့် မူးယစ် ဆေးဝါးအန္တရာယ်(မြန်မာနိုင်ငံတွင် စစ်ကြောင့်သေဆုံးရသည့် လူဦးရေထက် မူးယစ်ဆေးဝါးကြောင့် သေဆုံးရသည့် လူဦးရေက ပို၍ များနေသည်)တို့သည် ခြိမ်းခြောက်မှုများဖြစ်သဖြင့် ထိုခြိမ်းခြောက်မှုများကို အရပ်သားနိုင်ငံရေးက ဆောင်ရွက်ရမည့် ကဏ္ဍ များပင် ဖြစ်သည်။
နောက် အရေးကြီးသည့် ကဏ္ဍတစ်ခုမှာ အရပ်သားနိုင်ငံရေးသမားများသာ ဆောင်ရွက်ရမည့် နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒ ပင် ဖြစ်သည်။
နောက်ပြီး စစ်တပ်ကို အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့တွင် ထိန်းချုပ်နိုင်ရမည်။ လုံခြုံရေးဆိုင်ရာ ပြဿနာနှင့် ကာကွယ်ရေး အသုံးစရိတ်များကို လွှတ်တော်ကနေ ထည့်သွင်းစဉ်းစားဆုံးဖြတ်ရမည်။ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဋ္ဌာနများကို အရပ် သားအောက် ထိန်းချုပ်ထားရှိနိုင်မှသာလျှင် အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှု ထိရောက်မြန်ဆန်ပေမည်။ နောက်တစ်ချက်က အမိန့်ကို မည်သူက ပေးနိုင်သလဲ။ တပ်တွင် မည်သူအကြီးဆုံးလဲ၊ ကာချုပ်ကို မည်သူက ခန့်အပ်သလဲ။ ဘယ်လိုနည်းနှင့် ခန့်အပ် သလဲ ဆိုသည်များမှာလည်း အရပ်ဘက်က မည်သည့်အတိုင်းအတာအထိ ထိန်းချုပ်နိုင်သလဲပေါ် စဉ်းစားလေ့ရှိသည်။
ပြည်သူ့ရေးရာမူဝါဒ ရေးဆွဲရာတွင် တပ်က မည်မျှဝင်ပါသလဲ၊ ဒါမှမဟုတ် အရပ်ဘက်က သီးသန့် ရေးဆွဲထားသည်လား ဆို သည်ကိုလည်း ထည့်သွင်းစဉ်းစားရပေမည်။ တပ်၏ဖွဲ့စည်းပုံ တည်ဆောက်ရာတွင်လည်း ဥပမာ စစ်သည်အင်အား လေးသိန်း သို့မဟုတ် ငါးသိန်းကို တပ်က မည်သည့်အပေါ် မူတည်ပြီး စဉ်းစားထားသည်လဲ။ အရပ်ဘက်က မည်မျှပြောပိုင်ခွင့်ရှိသလဲ၊ ဘယ်လိုပြော၍ ရမည်လဲဆိုသည်ကိုလည်း စဉ်းစားရမည်။ တပ်ကိုအသုံးပြုရာတွင် ဘယ်နေရာမှာ အသုံးပြုသလဲ၊ ဘယ်သူက အမိန့်ပေးစေခိုင်းသလဲအပေါ် ကြည့်၍ အရပ်ဘက်ထိန်းချုပ်မှု မည်မျှအတိုင်းအတာရှိသည်ကို သိနိုင်ပေသည်။
တပ်က သုံးစွဲသည့် ဘတ်ဂျက်ကို ဘယ်ကရသလဲ။ ဘယ်နေရာမှာ သုံးလဲ။ ဘယ်သူက၊ ဘယ်အဖွဲ့အစည်းက ထိန်းချုပ်သလဲ ဆို တာကိုလည်း ထည့်သွင်းစဉ်းစားရမည်။ ထို့နောက် ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်ကို စဉ်းစားရာတွင် တပ်က အမှီအခိုကင်း ကင်း ကိုယ်ပိုင်ရပ်တည်ချက်ဖြင့် ရှာဖွေနိုင်လျင် အရပ်ဘက်ထိန်းချုပ်ရန်အတွက် ခက်ခဲပေမည်။ အဘယ့်ကြောင့်ဆိုသော် တပ် တွင် သူ့ဘဏ္ဍာရေး။ သူ့စီးပွားရေး၊ သူ့အကျိုးစီးပွားများဖြင့် တည်ဆောက်ထားသည်ဖြစ်၍ သူ၏တပ်ကို သူကိုယ်တိုင် လစာပေး နိုင်၊ စီမံခန့်ခွဲနိုင်ကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ဘဏ္ဍာငွေနှင့်ပတ်သက်လျှင် တပ်က အမှီအခို ကင်းမကင်းကို ကြည့်၍လည်း အရပ်ဘက်ထိန်းချုပ်မှုကို စဉ်းစားရပေလိမ့်မည်။
ထို့အပြင် နိုင်ငံရေးတွင် စစ်တပ်၏ အာဏာ ဝင်ရောက်စွက်ဖက်မှုကို ချုံ့ပစ်နိုင်သလောက် ချုံ့ပစ်နိုင်ရမည်။ စစ်ရေးဆိုင်ရာ ဆုံး ဖြတ်ချက်မဟုတ်ဘဲ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် စစ်တပ်က ဝင်ရောက်စွက်ဖက်နေမှုကို အရပ်ဘက်က ထိန်းချုပ်နိုင် ရမည်။ ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှမှုရှိခြင်းသည် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးတွင် အရေးကြီးလှပါသည်။ တပ် ဘက်က စစ်သည်တော်များ အရပ်ဘက်တွင် ပြစ်မှုကျူးလွန်မှုကို အရပ်ဘက်တရားရုံးတွင် မစစ်ဆေးဘဲ တပ်တွင်း၌ စစ်ဆေးစီ ရင်ခြင်း၊ အရပ်ဘက်တရားရုံးကို စစ်တပ်က လွှမ်းမိုးချုပ်ကိုင်ခြင်း၊ စစ်ဘက်နှင့် အရပ်ဘက် ခွဲခြားဆက်ဆံ တရားစီရင်ခြင်း စသည်တို့မှာ တရားစီရင်ရေးကဏ္ဍတွင်လည်း အရပ်ဘက်နိုင်ငံရေးအတွင်းသို့ ရောက်ရှိလာအောင် မည်သို့ဆောင်ရွက်သင့် သည်ကို ဥပဒေပြဋ္ဌာန်းနိုင်ရန် စဉ်းစားရပေမည်။
ပြင်ပခြိမ်းခြောက်မှုဟု အကြောင်းပြပြီး ပြည်တွင်းလုံခြုံရေးတွင် ပါဝင်မှုကို အရပ်ဘက်က ခွဲခြားသတ်မှတ်ရမည်၊ ဥပမာ ဘာလီ ကျွန်းဗုံးပေါက်ကွဲမှုကို အင်ဒိုနီးရှားအစိုးရက ပြင်ပခြိမ်းခြောက်မှုဟု မရှုမြင်ဘဲ စစ်တပ်ကို ဝင်ရောက်ဖြေရှင်းခွင့် မပြုခဲ့ပေ။ ပြည် တွင်းရာဇဝတ်မှုခင်းအဖြစ်သာ သတ်မှတ်ပြီး ရဲတပ်ဖွဲ့ဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့သည်။ မြန်မာနိုင်ငံတွင် ရခိုင်အရေး၊ မိတ္ထီလာအရေး၊ မန္တလေးအရေးများသည် ရာဇဝတ်မှုခင်းများဖြစ်သော်လည်း စစ်တပ်က ဝင်ရောက်ဖြေရှင်းခဲ့ခြင်းသည် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို ထိခိုက်စေပါသည်။ ရာဇဝတ်မှုခင်းသည် ပြည်တွင်းလုံခြုံရေးဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူအတွက် ထိပါးနှောက် ယှက်လာသည့် ကျူးကျော်ရန်စမှုသည် ပြင်ပခြိမ်းခြေက်မှုအဖြစ် ခွဲခြားသတ်မှတ်နိုင်ရမည်။
စစ်တပ်ကို သင်တန်းပေးခြင်းသည်လည်း အရေးပါသော အခန်ကဏ္ဍဖြစ်သည်။ စစ်တပ်အပေါ် သင်တန်းပေးရာတွင် နိုင်ငံရေး သဘောတရားရေးရာနှင့် အရပ်ဘက်အစိုးရအပေါ် ဆက်ဆံရေးကို မည်သို့သင်ကြားပို့ချခြင်းသည်လည်း အရေးကြီးပေသည်။ စစ်သင်တန်းတွင် ပြောနေ၊ သင်နေ၊ ပြုမူနေသော အရာများသည် စစ်တပ်၏ အပြုအမူများအပေါ် အကျိုးသက်ရောက်မှု များစွာ ရှိသည်ကို တွေ့မြင်ရပေသည်။
တပ်ထဲတွင် လူမျိုးရေး၊ ဘာသာရေး မည်မျှကွဲပြားနေခြင်းသည်လည်း အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးကို `ရိုက်ခတ်စေနိုင် သော ကိစ္စရပ်များ ဖြစ်ပေသည်။ လူမျိုးရေး၊ ဘာသာရေး အရမ်းကွဲပြားနေသော တပ်ကို အရပ်ဘက်က ထိန်းချုပ်ရန် အလွန် ခက်ပေသည်။ ကမ္ဘာမှာ တစ်ခုတည်းသော ဖက်ဒရယ်စစ်တပ်အဖြစ် ရပ်တည်ခဲ့သည့် ဘော်လကန်ဒေသက ဘော့စနီးယား ဟာ ဇီဂိုဗီနားနိုင်ငံသည် ဘော့စနီးယား၊ ခရိုအေးရှား၊ ဆားဗီးယား ဟူ၍ သုံးနိုင်ငံ ကွဲသွားရခြင်းမှာ ၎င်းတို့အတွင်းရှိ လူမျိုးရေး၊ ဘာသာရေးကွဲပြားမှုကို မထိန်းချုပ်နိုင်မှုကြောင့် နောက်ဆုံးတွင် စစ်တပ်ပါ ပြိုကွဲသွားရပြီး ပြည်တွင်းမီးဟုန်းဟုန်းထကာ နိုင်ငံ များလည်း အစိတ်စိတ် အမွာမွာ ပြိုကွဲသွားခဲ့ရသည်။
တပ်၏ အတွေးအခေါ်၊ အယူအဆ၊ စဉ်းစားပုံ စဉ်းစားနည်းနှင့် တပ်၏ ဓလေ့စရိုက်ယဉ်ကျေးမှုကို သိမြင်နားလည်ထားရမည်။ တပ်နှင့် မီဒီယာဆက်ဆံရေးသည် ပွင့်လင်းမြင်သာမှုရှိသလား၊ အကဲဆတ်မှု ပိုများနေသလား၊ တပ်ပိုင်မီဒီယာပြုလုပ်၍ ဝါဒဖြန့် သက်သက် ဆောင်ရွက်နေသည်လား ဆိုတာကိုလည်း နှိုင်းဆရပေမည်။
အရပ်ဘက် စစ်ဘက်ဆက်ဆံရေးတွင် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) ၏ ကဏ္ဍသည် လွန်စွာမှ အရေးပါလှပေသည်။ အဲန်ဂျီအိုသည် အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေးကို ပေါင်းကူးပေးသူဖြစ်သည်။ အရပ်ဘက်အစ်ိုးရ၏ အခြေအနေ၊ တပ်မ တော်၏ သဘောထားနှင့် အယူအဆ၊ မျက်မှောက်နိုင်ငံရေး၊ လွှတ်တော်တွင်းမှ အတည်ပြုပြဌာန်းလိုက်သော ဥပဒေများကို သိရှိနားလည်ခြင်း၊ အခြေခံဥပဒေကို ထဲထဲဝင်ဝင် သိရှိနားလည်ထားခြင်း။ ဒါ့အပြင် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် ဆက်ဆံရေး အမြဲတမ်း ရှိနေရမည်။
ကာကွယ်ရေးဆိုင်ရာ အသိပညာ အတတ်ပညာနှင့် ပတ်သက်၍လည်း အရပ်သားနိုင်ငံရေးထဲတွင် တတ်သိကျွမ်းကျင်သူများ ပါ ဝင်ရမည်။ တပ်မတော်နှင့် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးကြသည့်အခါ လက်နက်အမျိုးအစားနှင့် အရည်အသွေး၊ ဝယ်ယူခွင့်ပြု မည့် ဘတ်ဂျက်အတိုင်းအတာ၊ တပ်မတော်၏ လစာအသုံးစရိတ်၊ စစ်သည်တော်တို့၏ ခံစားခွင့်နှင့် ရာထူးတိုးမြှင့်ခြင်း အစရှိ သည့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးနိုင်ရမည်။
သို့မှသာ အရပ်ဘက် နိုင်ငံရေးသမားများသည် ကာကွယ်ရေးဆိုင်ရာ ကိစ္စများကို နားလည်သိမြင်ပါလားဟူ၍ စစ်ဘက်က အရပ် ဘက်ကို ယုံကြည်နားလည်မှု ရှိလာပေမည်။ နောက်ထပ် သိမြင်နားလည်ရမည့်အချက်မှာ နေတိုးကဲ့သို့ နိုင်ငံတကာ ကာကွယ် ရေးအဖွဲ့အစည်းများ၊ ဒေသတွင်းဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာနှင့် ပါဝင်သည့် နိုင်ငံများကိုလည်း သိ ထားရန် လိုအပ်ပေသည်။
(ဆက်လက် ဖေါ်ပြပါမည်)