(မောင်ကျော်စွာ)
(၂၀၁၆ခုနှစ်၊ ဧပြီ ၁ဝရက်)
“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” အတည်ပြုခဲ့ပြီ၊ အသက်ဝင်လာခဲ့ပြီ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ရုံး ကြေညာချက် (၁/၂၀၁၆) နဲ့ (၂/၂၀၁၆) တို့ကိုပင် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါတယ်။
“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ “မှာ နိဒါန်း၊ အခန်း (၅)ခန်း နဲ့ ပုဒ်မ (၈)ခုသာ ပါရှိပါတယ်။ ထိုဥပဒေကို ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၆အဖြစ် ဧပြီလ ၆ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေး ထိုး ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။
ဒီဥပဒေကို အမျိုးသားလွှတ်တော်မှာ စတင် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးရာမှာလည်း ကာချုပ်က စေလွှတ်သော စစ်ဗိုလ်များက အဓိကအားဖြင့် ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။ ထိုဥပဒေကို ထောက်ခံမဲ (၁၃၇)မဲ၊ ကန့်ကွက်မဲ (၇၀)၊ ကြားနေ မဲ (၂)မဲ၊ ထောက်ခံဆန္ဒမဲများတဲ့အတွက် ထိုဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က (၁-၄-၂၀၁၆)ရက်နေ့တွင် ပြင်ဆင်ချက်မရှိ အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ဆက်လက်ပြီး ထိုဥပဒေကို ပြည်သူ့လွှတ်တေ်ာသို့တင်ပို့ခဲ့ရာ ပြည်သူ့လွှတ်တော်ကလည်း အမျိုးသားလွှတ်တော်၏ အတည်ပြု ချက်အတိုင်း သဘောတူကြောင်း (၅-၄-၂၀၁၆)ရက်နေ့မှာ အတည်ပြု ကြေညာခဲ့ပါတယ်။
“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ”ကို (မတ်လ ၃၁ရက်နေ့) ဒုတိယအကြိမ် အမျိုးသားလွှတ်တော်၊ ပထမပုံမှန် အစည်းအဝေး (၁၄)ရက်မြောက်နေ့မှာ စတင်တင်သွင်းခဲ့ပြီး ဧပြီလ ၁ရက်နေ့မှာ အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်က ဧပြီလ ၅ရက်နေ့မှာ ဆက်လက် အတည်ပြုကြောင်းဆုံးဖြတ်ခဲ့ပြီး၊ ဧပြီလ ၆ရက်နေ့မှာ နိုင်ငံတော် သမ္မတ က လက်မှတ်ရေးထိုးပြီး အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။
ပုဒ်မ ၈ခုမျှသာပါရှိပြီး ရက်သတ္တပတ်ကာလအတွင်း တင်သွင်းဆုံးဖြတ် အတည်ပြုခဲ့တဲ့ “နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ”ဟာ စစ်ဗိုလ်အမတ်များရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်းကို ခံခဲ့ရပါတယ်။
အမျိုးသားလွှတ်တော်မှာရှိတဲ့ စစ်ဗိုလ် ၅၆ဦးစလုံးက ကန့်ကွက်မဲပေးခဲ့ကြပြီး ပြည်သူ့လွှတ်တော်မှာရှိတဲ့ စစ်ဗိုလ် ၁၁ဝဦးစလုံးက ထိုဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ်ရာမှာနဲ့ ဥပဒေကြမ်းတစ်ရပ်လုံးအား အတည်ပြုဆုံးဖြတ်ရာမှာ ပါဝင်မဲပေး ခြင်း မပြုတဲ့အပြင် မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။
ဒီဥပဒေကို အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌ ထုလိုက်တဲ့ တူ(gavel)ဟာ အချိန်အဆ ပြင်းထန်သွားတဲ့အပြင် စစ်ဗို်လ်များရဲ့ ငယ်ထိပ်တည့်တည့်ကို ထုနှက်လိုက်သလိုလည်း ဖြစ်သွားပုံရပါတယ်။ ဒါကြောင့် သူတို့အားလုံး မခံမရပ်နိုင်အောင် နာကျင်လွန်း လို့ မတ်တပ် ထရပ်သွားကြရရှာတာပါ။
စစ်တပ်ပိုင် မြဝတီသတင်းစာထဲမှာ ဖော်ပြထားတဲ့ ဥပဒေကြမ်း ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး အခန်းလိုက် ပုဒ်မတစ်ခုချင်း ဆွေးနွေးချက်တွေကို လေ့လာကြည့်ပါ။ စစ်အုပ်စုရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို ‘အကွင်းအကွင်း မုန့်တီဟင်း’ကဲ့သို့ အတိုင်းသား တွေ့နိုင်ပါတယ်။
အမြင်သာဆုံးအချက် ၃ချက်ကတော့
– “နိုင်ငံတော်” ရဲ့ အထက်မှာ သူတို့စစ်အုပ်စုကလွဲပြီး ဘယ်သူ့ကိုမှ မထားလိုတဲ့ အတ္တ၊ လောဘ၊ အာဃာတ၊
– ဒေါ်အောင်ဆန်းစုကြည်အပေါ် သူတို့စစ်အုပ်စုရဲ့ မပြောင်းမလဲ ထားရှိတဲ့ ပုဂ္ဂိုလ်ရေးအညှိုး အာဃာတ
– “ဖက်ဒရယ်” စကားလုံးကို မြှူဆွယ်လှည့်စားဖို့သက်သက် သုံးစွဲထားတာသာဖြစ်တယ် ဆိုတဲ့အချက်တွေ ပေါ်လွင်နေပါတယ်။
သူတို့မှာ ဘယ်လောက်ထိ အညှိုးအတေး အာဃာတတွေ ပြင်းထန်နေသလဲဆိုရင် ဥပဒေကြမ်းမှာပါရှိတဲ့ “ငြိမ်းချမ်း ရေး” ဆိုတဲ့ စကားလုံးအစား (သေနတ်နဲ့ဖိနှိပ်အနိုင်ကျင့်အကြပ်ကိုင်ထားတဲ့) “တည်ငြိမ်အေးချမ်းရေး” ဆိုတဲ့ သူတို့ သည်းခြေ ကြိုက် စကားလုံးနဲ့ အစားထိုးရေး၊ “ဒေါ်အောင်ဆန်းစုကြည်”နာမည် ပယ်ဖျက်ပေးရေး၊ “တခဲနက်” ဆိုတဲ့ စကားလုံး မသုံးစွဲရေး၊ ပယ် ဖျက်ပေးရေး၊ အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ရုံးဌာန၊ ရုံးအဖွဲ့ဝန်ထမ်းများ ထားရှိပေးရမှာဖြစ်တဲ့အတွက် ပြည်သူ့ဘဏ္ဍာငွေတွေ ကုန် မှာစိုးပါသတဲ့။ တကယ့် ဟာသပျက်လုံးပါပဲ။ ရာစုနှစ်ဝက်ကျော် စစ်အသုံးစရိတ်တွေ သောက်သောက်လဲ သုံးဖြုန်းခဲ့၊ တိုင်းပြည် သယံဇာတတွေ၊ ဘဏ္ဍာငွေတွေကို ထင်သလိုလုပ်ပြီး ဦးပိုင်/မောင်ပိုင်၊ အပိုင်စီးနေတာတွေကို တလုံးတပါဒမျှ မဟဝံ့တဲ့ စစ်ဗိုလ် တွေက အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ကုန်ကျစရိတ်အတွက် ဟန်ဆောင်ပန်ဆောင် ကြောင့်ကျပူပန်ပြနေတာ တကယ့် “အကယ်ဒမီ ရှော့” ပါပဲ။
တကယ်တော့ “မြွေပွေး ပိုးထိ”တာပဲလို့ ပြောရမှာပါ။
အကြောင်းအချက် ၂ချက်နဲ့ ဒီလိုပြောလိုက်ရတာပါ။
ပထမအချက်က စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲထားတဲ့ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲကနေ ဥပဒေနဲ့အညီ ဒီဥပဒေကို တင် သွင်းအတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒုတိယအချက်က “၂၀၀၈ အခြေခံဥပဒေ”ထဲမှာ ပုဂ္ဂိုလ်ရေးအညှိုး အာဃာတသက်သက်နဲ့ ထည့်သွင်းပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၅၉ (စ)ကို တန်ပြန်လိုက်တဲ့ အချက်ဖြစ်ပါတယ်။ သူတို့ရှို့တဲ့ မီးနဲ့ သူတို့ပြန်ပြီး လောင်မြိုက်ခြင်းခံရတာပါ။
လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အပေါ် အညှိုးအတေးနဲ့ တားမြစ်ကန့်သတ် ညစ်ပတ်ထားတဲ့ ပုဒ်မ [ပုဒ်မ ၅၉(စ)]ကို သူတို့စိတ် ကြိုက် အချိန်ယူပြီး ရေးဆွဲအတည်ပြုထားတဲ့ ဥပဒေကိုနင်းပြီး ပုဂ္ဂိုလ်ရေးဥပဒေ(နိုင်ငံတော်၏ အတိုင်ပင်ခံဆိုင်ရာ ပုဂ္ဂိုလ်ဥပဒေ) နဲ့ ပါးကိုက်ရင် နားကိုက်မယ်ဆိုပြီး တုန့်ပြန်ထိုးနှက်လိုက်တာပါ။
ဒီတော့ သူတို့ ဒီအချက်ကို ပြင်းပြင်းထန်ထန် တုန့်ပြန်ဆန့်ကျင်ကြမှာ သေချာပါတယ်။ လွှတ်တော်ထဲမှာ “မဲမပေးဘဲ မတ်တပ် ရပ် ကန့်ကွက်”တာဟာ ဒီချုပ်ပါတီအစိုးရကို သူတို့စစ်အုပ်စုက စစ်ကြေညာလိုက်တာပါ။
၂၀၀၈ အခြေခံဥပဒေအရ “ပြည်ထောင်စုလွှတ်တော်” ဆိုတာ အမြင့်ဆုံးဥပဒေပြု အဆောက်အအုံဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ဥပဒေပြုခြင်းဟာ အမြင့်ဆုံးဥပဒေပြုခြင်း( supreme legislation) ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်က “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ”ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါပြီ။ ဒီဥပဒေ အတည်မဖြစ် မီ ဒီဥပဒေအပေါ် ကန့်ကွက်နိုင်၊ ဝေဖန်ဆွေးနွေးနိုင်သော်လည်း ဒီဥပဒေ အတည်ဖြစ်လာပြီးတဲ့အခါ ဒီဥပဒေနဲ့ ဥပဒေပါ ပြဋ္ဌာန်း ချက်များကို လိုက်နာရန် တာဝန်ရှိရမှာ ဖြစ်ပါတယ်။ ဒီဥပဒေကို ကာချုပ်နဲ့ စစ်တပ်က တိတိကျကျ လိုက်နာနိုင်မည်လော။
ဒီဥပဒေနဲ့ဥပဒေပါ စကားရပ်များကို မကျေနပ်လို့ ဆက်လက်ဆောင်ရွက်ရန် ဥပဒေတွင်း နည်းလမ်းတစ်ခုသာ ရှိပါတယ်။ ယင်း မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး(Constitutional Tribunal of the Union of Myanmar – CTU)ကို တင်ပြပြီး အဆုံးအ ဖြတ်ခံဖို့သာ ရှိပါတယ်။ ခုံရုံး(CTU)ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နဲ့ သဘောထားရယူရန် တိုက်ရိုက် တင်သွင်းခွင့်ရှိသူ များကို ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၃၂၅မှာ ပြဌာန်းထားရာမှာ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့သာ ဖြစ်ပါတယ်။
ပုဒ်မ ၃၂၅အရဆိုရင် ပြည်ထောင်စု တရားသူကြီးချုပ်မှလွဲလျှင် တိုက်ရိုက်တင်သွင်းခွင့်ရှိသူ (၅)ဦးကို (NLD)ပါတီက ရရှိထားပါ တယ်။ ပြည်ထောင်စုတရားသူကြီးချုပ်က စစ်တပ်ကိုယ်စား “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ”နဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နဲ့ သဘောထားရယူရန် တင်သွင်းမည်လော။ သို့တည်းမဟုတ် ပုဒ်မ ၃၂၆၊ ပုဒ်မခွဲ (ဃ) အရ ပြည်သူ့လွှတ်တော် (သို့မဟုတ်) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ အနည်းဆုံး ၁ဝရာခိုင်နှုန်း အရေအတွက်ရှိ သော ကိုယ်စားလှယ်များက တင်သွင်းမည်လော။
“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ”ဟာ စစ်အုပ်စုနဲ့ (NLD)ပါတီရဲ့ ပဋိပက္ခကို ဖော်ပြလိုက်တာသာဖြစ်ပြီး “၂၀၀၈ အခြေခံဥပဒေ” ရဲ့ အကျပ်အတည်းဆိုက်မှု၊ ကမောက်ကမ နိုင်မှုတွေကို ဖော်ပြနေခြင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပိုမိုနက်ရှိုင်း ရှုပ်ထွေးမယ့် ပြဿနာတွေကို တံခါးဖွင့်ပေးလိုက်တာ၊ ဖိတ်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။
လက်တွေ့ပိုင်းမှာလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်က “အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး”မှာ “၂၀၀၈အခြေခံ ဥပဒေ”ဆိုင်ရာ အကျပ်အတည်းနဲ့ (ကာလုံ)ထဲမှာ ကြုံရတဲ့ အခက်အခဲတွေကို တာမွေမြို့နယ် မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံရာမှာ ရင် ဖွင့်ဝန်ခံသွားတယ် မဟုတ်ပါလား။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကြေညာချက် (၁/၂၀၁၆) ထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေလွှတ်ရေးနဲ့ ပတ်သက်ပြီး နည်းလမ်းသုံးသွယ်ရှိတဲ့အနက် နည်းလမ်းနှစ်သွယ်နဲ့သာ ဆောင်ရွက်ပေးနိုင်ကြောင်း၊ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရေးသား ထားတယ် မဟုတ်ပါလား။ ဒီအချက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လက်တွေ့ဆောင်ရွက်မှုတွေမှာ (ကာလုံ)နဲ့ ၂၀၀၈ အခြေခံဥပဒေဆိုင်ရာ အကန့်အသတ်တွေ ရှိနေတာကို ဖွင့်ဟထားပဲ မဟုတ်ပါလား။
“၂၀၀၈ အခြေခံဥပဒေ” တည်မြဲနေသမျှ နိုင်ငံရေးပြဿနာတွေ ပြေလည်ဖို့ မလွယ်ကူပါ။ ဖြေရှင်းနိုင်မည်လည်း မဟုတ်ပါ။ ဤ သို့ဆိုလျှင် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ”သည် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မည်လော။
ညွန်း
– ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
– နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကြေညာချက် (၁/၂၀၁၆)
– နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ
– မြဝတီသတင်းစာ (၃-၄-၂၀၁၆)
– မြဝတီသတင်းစာ (၆-၄-၂၀၁၆)
– “ ဖွဲ့စည်းပုံကန့်သတ်ချက်ကြာင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး နှောင့်နှေးရဟု ဦးဝင်းမြင့်ပြော”
(DVB) (၉-၄-၂၀၁၆)