Home သတင်း မြန်မာ့ရာဘာ ‌ဈေးနှုန်း အနည်းငယ် ပြန်လည်ဦး‌မော့လာ

မြန်မာ့ရာဘာ ‌ဈေးနှုန်း အနည်းငယ် ပြန်လည်ဦး‌မော့လာ

3167

ဧပြီ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကမ္ဘာ့ရာဘာ‌ဈေးနှုန်း အနည်းငယ် ပြန်လည်မြှင့်တက်လာမှု‌ကြောင့် ယခုနှစ် မြန်မာ့ရာဘာ‌ဈေးနှုန်းသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ထက် ‌ဈေးနှုန်းပြန်လည်ဦး‌မော့လာလျှက်ရှိ‌ကြောင်း မြန်မာနိုင်ငံ ရာဘာထုတ်လုပ်သူများ အသင်း တာဝန်ရှိသူများက ဧပြီ ၂၄ရက်‌နေ့တွင် ‌ပြောဆိုသည်။

ယခင်နှစ် ဒီဇင်ဘာအထိ ကမ္ဘာ့ရာဘာ‌ပေါက်‌ဈေးတစ်တန်လျှင် အ‌မေရိကန်‌ဒေါ်လာ (၁၃၀၀) ဝန်းကျင်ရှိရာမှ ၂၀၁၆ခုနှစ်၊ ဧပြီ ၂၁ ရက်‌နေ့မှစတင်ကာ ကမာ္ဘ့ရာဘာ‌ဈေးနှုန်း တစ်တန်လျှင် အ‌မေရိကန် ‌ဒေါ်လာ (၁၇၀၀) ‌ကျော် ပြန်လည်မြှင့်တက်လာသည့်အတွက် မြန်မာနိုင်ငံမှ ရာဘာ‌ဈေးနှုန်းမှာ တစ်‌ပေါင်လျှင် (၇၁၅) ကျပ် ဝန်းကျင် ‌ဈေးနှုန်းပြန်လည်မြှင့်တက်လာသည်ဟု သိရသည်။

“အခု ကမ္ဘာ့‌ရေနံ‌ဈေးနှုန်းက တက်လာတယ်။ တရုတ်နိုင်ငံက ထုတ်လုပ်‌နေတဲ့ တာရာ‌တွေ၊ ရာဘာ ထုတ်ကုန် ပစ္စည်း‌တွေကို အ‌မေရိကန်နိုင်ငံက ဝယ်ယူ‌နေပြီး‌တော့ အခွန်ပါ ‌လျှော့ချ‌ပေးလိုက်လို့ ကမ္ဘာ့ရာဘာ ‌ဈေးနှုန်း ပြန်တက်လာတဲ့အတွက် မြန်မာနိုင်ငံက ရာဘာ‌ဈေးနှုန်းလည်း ပြန်တက်လာဖြစ်တယ်”ဟု ရန်ကုန်အ‌ခြေစိုက် မြန်မာနိုင်ငံရာဘာ လုပ်ငန်းရှင်များအသင်း အတွင်း‌ရေးမှူး ဦးခိုင်မြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာရာဘာပို့ကုန်အများစုကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျှက်ရှိပြီး ပြည်တွင်းရာဘာအသုံးပြုမှုမှာ ၁ဝ ရာခိုင်နှုန်းသာ ရှိသည့်အတွက် ယခုမြန်မာ့ရာဘာ‌ဈေးနှုန်းမြှင့်တက်လာမှုမှာ ကမ္ဘာ့ရာဘာ‌ဈေးနှုန်းအ‌ပေါ် မူတည်သလို ဥ‌ရောပ(EU)နိုင်ငံများ၏ ‌ကြွေးမြီပြဿနာကိစ္စရိုက်ခတ်မှုနှင့် ဂျပန်နိုင်ငံ၏ စီးပွား‌ရေးတိုးတက်မှု၊ ကမာ္ဘ့‌ရေနံ ‌ဈေးနှုန်း‌ပြောင်းလဲမှုအ‌ပေါ်တွင်လည်း မူတည်သည်ဟု ဦးခိုင်မြင့်က ဆက်လက်‌ပြောသည်။

ပြည်တွင်းရာဘာ‌ဈေးကွက်အ‌နေဖြင့် ရာဘာအရည်း‌သွေးအလိုက် ယခင်က အကြမ်းပြား တစ်‌ပေါင်လျှင် (၄၅၀) ကျပ်မှ ယခု(၅၀၀)‌ကျော်‌ဈေးနှုန်းရှိကာ အ‌ချောပြား(ခ) နို့‌ကျောင်းလွတ်တစ်‌ပေါင်လျှင် (၆၅၀)ကျပ်မှ ယခု(၇၀၀) ‌ကျော်အထိ ‌ဈေးနှုန်းမြှင့်တက်လာ‌သော်လည်း လာ‌ရောက်‌ရောင်းချမှု နည်း‌နေ‌သေး‌ကြောင်း ရာဘာ‌ရောင်းဝယ်ဒိုင်များထံမှ သိရသည်။

မုဒုံမြို့မှ ရာဘာအဝယ်ဒိုင် ‌စောရှု‌မောင်က “လာ‌ရောင်းတဲ့သူ‌တွေက သိပ်ပြီးများလာတာ မရှိပါဘူး။ ဘာဖြစ် လဲဆို‌တော့ အခု ရာဘာအ‌စေးအထွက်နည်းတဲ့ရာသီလည်း ဖြစ်တယ်။ ပြီး‌တော့‌ဈေးနှုန်းက ‌တောက်‌လျှောက် ကျဆင်း‌နေ‌တော့ ‌ဈေးမကိုက်လို့ ရာဘာခြံရှင်‌တော်‌တော်များများက ခြံကို ပိတ်ထားတယ်။ အခု လာ‌ရောင်းကြ တဲ့ လူ‌တွေအများစုက လက်ကျန်သိမ်းထားတဲ့ ရာဘာ‌တွေကိုပဲ ထုတ်ပြီး လာ‌ရောင်းတာများတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
DSC00480
၂၀၁၃ ခုနှစ်‌နောက်ပိုင်း ရာဘာ‌ဈေးနှုန်းကျဆင်းလာမှု‌ကြောင့် ရာဘာစိုက်ပျိုးမှုကို ‌ဒေသခံများ စိတ်ဝင်စားမှု ‌လျော့နည်းလာသလို နှစ်ရှည်စိုက်ပျိုးရသည့် အပင်မျိုးဖြစ်၍ ‌ကောင်းမွန်စွာ ပြုစုပျိုး‌ထောင်နိုင်မှသာလျှင် (၇)နှစ်အတွင်း ရာဘာအ‌စေးကို စတင်ခြစ်ယူနိုင်မည်ဖြစ်‌ကြောင်းနှင့် တစ်ဧက စိုက်ပျိုးစရိတ်မှာ (၇)နှစ်အတွင်း သိန်း(၁၀၀)‌ကျော်ရှိ‌ကြောင်း ရာဘာ‌တောင်သူများထံမှ သိရသည်။

ခလယ်ရွာမှ ရာဘာ‌တောင်သူ ဦးနိုင်က “ကျ‌တော်တို့ အလုပ်သမားမငှားနိုင်လို့ ပိတ်ထားရတဲ့ ခြံ‌တွေ အခု ရာဘာ‌ဈေးနှုန်း ပြန်တက်သွား‌တော့ ရာဘာခြစ်အလုပ်သမား‌တွေ ပြန်ငှားဖို့ အဆင်‌ပြေသွားမယ်။ သို့‌ပေမယ့် ဒီ‌ဈေးနှုန်းအတိုင်းအတာနဲ့ ရာဘာပြုစုပျိုး‌ထောင်တဲ့ စရိတ်‌လောက်ပဲ ကာမိမယ်။ ကျ‌တော်တို့ရဲ့ စားဝတ်‌နေ‌ရေး ကိစ္စအတွက် ‌ဖြေးရှင်း‌ပေးနိုင်မှာ မဟုတ်‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံ၌ ရာဘာထုတ်ကုန် ၉ဝ ရာခိုင်နှုန်းမှာ အရည်အ‌သွေးမပြည့်မှီတဲ့အတွက် ရာဘာတင်ပို့သည့် အခြား အာဆီယံနိုင်ငံများထက် ‌ဒေါ်လာ(၃၅၀)ခန့် ‌ဈေးနှုန်းကွာဟရရှိ‌နေရပြီး ရာဘာထုတ်လုပ်သူ‌တောင်သူများကို အရည်‌သွေးပြည့်မှီသည့် ရာဘာများထုတ်လုပ်ရန် မြန်မာနိုင်ငံရာဘာလုပ်ငန်းရှင်းအသင်းမှ တိုက်တွန်းထား ‌ကြောင်းလည်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းတာအ‌နေဖြင့် ရာဘာစိုက်ဧက‌ပေါင်း (၂)သန်း‌ကျော်ရှိရာတွင် နိုင်ငံခြားတင်ပို့သည့် ရာဘာထွက်ကုန်ကြမ်း ၇ဝ ရာခိုင်နှုန်းကို အထူးသဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ပြီး မ‌လေးရှာ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဗီယက်နမ်နှင့် စကင်္ာပူစသည့် နိုင်ငံများသို့လည်း တင်ပို့လျှက်ရှိ‌ကြောင်း သိရသည်။