Home သတင်း အမျိုးသားလွှတ်‌တော်ဥက္ကဋ္ဌ မြဝတီမြို့ ကရင်စာ‌ပေသင်တန်းဆင်းပွဲ တက်‌ရောက်

အမျိုးသားလွှတ်‌တော်ဥက္ကဋ္ဌ မြဝတီမြို့ ကရင်စာ‌ပေသင်တန်းဆင်းပွဲ တက်‌ရောက်

1744

ဧပြီ ၁၁ရက်၊ ၂၀၁၆ခုနှစ်။

မြဝတီမြို့ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုပြန့်ပွား‌ရေးအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် ‌နွေရာသီ ကရင်စာ‌ပေသင်ကြားမှု သင်တန်း ဆင်း အခမ်းအနားသို့ ပြည်‌ထောင်စုလွှတ်‌တော်နာယကနှင့် အမျိုးသားလွှတ်‌တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်‌ရောက်ခဲ့ပြီး သင်တန်းထူးချွန်သူများကို ဆုများ ‌ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ဧပြီလ ၁ဝရက်‌နေ့၊ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်ရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုပြန့်ပွား‌ရေးအသင်းရုံး တွင် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပြီး မန်းဝင်းခိုင်သန်းအ‌နေဖြင့် ဖိတ်ကြားမှုအရ တက်‌ရောက်ချီးမြှင့်ခဲ့ခြင်းဖြစ်‌ကြောင်း အသင်း၏ အတွင်း‌ရေးမှူး မန်းကြည်ဝင်းက ယခုလို ‌ပြောသည်။

မန်းကြည်ဝင်းက “သူ အိမ်ပြန်လာတာနဲ့ သင်တန်းဆင်းပွဲကလည်း ကြုံလို့ ဖိတ်ကြားတာပါ။ ‌နောက်ပြီး သူ့အ‌နေနဲ့ ကရင်စာ‌ပေ သင်တန်း‌တွေ၊ နှစ်သစ်ကူး၊ လက်ချည်ပွဲစတဲ့ ကရင်နဲ့ပတ်သက်တဲ့ကိစ္စ‌တွေမှာ သူအမြဲ ပါဝင်‌နေကျ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

မန်းဝင်းခိုင်သန်းမှာ NLD ပါတီကိုယ်စားပြုပြီး ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၈ရက်‌နေ့က ကျင်းပခဲ့သည့် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ တွင် ကရင်ပြည်နယ် မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် ၈တွင် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်‌လောင်းအဖြစ် ဝင်‌ရောက် ယှဉ်ပြိုင်ကာ မဲအနိုင်ရရှိခဲ့သည်။

“ဒီလိုကရင်စာ‌ပေ‌တွေသင်ကြား‌ပေးတာ ကိုယ့်လူမျိုး‌တွေအ‌နေနဲ့ သင်သင့်တယ်‌ပေါ့။ ‌နောက်ပီး ကိုယ့်လူမျိုးစာ‌ပေယဉ်‌ကျေးမှု မပ‌ပျောက်‌အောင် ထိန်းသိမ်းဖို့ကိုယ့်လူမျိုး‌တွေမှာ တာဝန်ရှိတယ်။ ‌နောက်ပြီး သူ့အ‌နေနဲ့ ကရင်ဖြစ်တဲ့အတွက်‌ကြောင့် အမျိုး သားလွှတ်‌တော်ဥက္ကဋ္ဌ‌နေရာ ရခဲ့တယ်‌ပေါ့။ ကရင်စာ‌ပေ‌တွေ တိုးတက်ပြန့်ပွား‌အောင် ဝိုင်းဝန်လုပ်‌ဆောင်‌ပေးဖို့လည်း သူက တိုက်တွန်းတယ်”ဟု မန်းဝင်းခိုင်သန်းက အခမ်းအနား၌ ‌ပြောဆိုသွား‌ကြောင်း တက်‌ရောက်ခဲ့သူတစ်ဦးက ပြန်‌ပြောသည်။

မြဝတီမြို့ရှိ အ‌ခြေခံကရင်စာ‌ပေသင်ကြားမှုသင်တန်းကို မတ်လ ၁၈ရက်‌နေ့တွင် စတင် ဖွင့်လှစ်သင်ကြား‌ပေးခဲ့ပြီး ဆရာ၊ဆရာမ ၉ဦးမှ သင်တန်းသား ၂၁၅ဦးကို စ‌ကောကရင်နှင့် အ‌ရှေ့ပိုးကရင်စာ‌ပေများကို အ‌ခြေခံသင်ကြား‌ပေးခြင်းဖြစ်သည်။

ယမန်‌နေ့က ပြုလုပ်ခဲ့သည့် သင်တန်းဆင်းအခမ်းအနားကို အသင်းဥက္ကဌ ‌စော‌အေးမြိုင်၊ အမျိုးသားလွှတ်‌တော် ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း၊ မြဝတီမြို့နယ်ရှိ ဌာနဆိုင်ရာအချို့မှ တာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြပြီး ၎င်းတို့မှ ထူးချွန်သင်တန်းသားများကို ဆုများ အသီးသီး ‌ပေးအပ်ခဲ့ကြသည်။

မြဝတီမြို့ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု တိုးတက် ပြန့်ပွား‌ရေးအသင်းကို ၂၀၀ဝခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး‌နောက် ‌နွေရာသီ ကရင်စာ‌ပေသင်ကြားမှုသင်တန်းများကို ပြုလုပ်လာခဲ့သည်မှာ ယခုနှစ် အပါအဝင် (၁၀)ကြိမ်‌မြောက်ရှိပြီဖြစ်‌ကြောင်း သိရသည်။