Home အယ်ဒီတာ့အာဘော် ကရင့်‌ရေးရာများကို စု‌ပေါင်းစွမ်းအားဖြင့် ‌ဆောင်ရွက်ကြပါ

ကရင့်‌ရေးရာများကို စု‌ပေါင်းစွမ်းအားဖြင့် ‌ဆောင်ရွက်ကြပါ

1742

(အယ်ဒီတာ့ အာ‌ဘော်)

ဧပြီ‌နွေသည် အညှာအတာ ကင်းစွာ ပူပြင်းလှသည်။ ကုန်လွန်ခဲ့သည့် ဧပြီလအတွင်း ‌နေအပူနှင့်အတူ ကရင့် ‌ရေးရာကိစ္စရပ်များလည်း တအုံ့အုံ့တ‌နွေး‌နွေး ရှိခဲ့‌နေသည်ကို ‌တွေ့ရမည် ဖြစ်သည်။ ဧပြီလအတွင်း ကရင့်‌ရေးရာ များကို ပြန်ကြည့်မည်ဆိုလျှင် ကရင်ပြည်နယ်အတွင်း ခွင့်ပြုချက်မရှိဘဲ မြိုင်ကြီးငူဆရာ‌တော် ဦးသုဇနက ‌နေရာ အချို့တွင် ‌စေတီတည်ခြင်း‌ကြောင့် ‌ဒေသခံများ ပူပင်‌သောကဖြစ်ခဲ့ခြင်း၊ ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေး နှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC) အခက်အခဲကြုံ‌တွေ့‌နေရမှုနှင့် ကရင်ပါတီများ ‌ပေါင်းစည်း‌ရေး လုပ်ငန်းစဉ်များ ‌ရှေ့တိုးမလုပ်‌ဆောင်နိုင်မှုများကို ‌တွေ့ရမည်ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၂၃ ရက်‌နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်း‌တော‌ကျေးရွာရှိ၊ ခရစ်ယာန်ဘုရားရှိခိုး ‌ကျောင်းဝင်းအတွင်း ခွင့်ပြုချက်မရှိဘဲ မြိုင်ကြီးငူဆရာ‌တော် ဦးသုဇနက တ‌နေ့တည်းဖြင့် ‌စေတီတဆူကို ဝင်တည်ခဲ့သည်။ အလားတူ လှိုင်းဘွဲမြို့နယ် ‌ရွှေဂွန်းတွင်လည်း အများပြည်သူ အသုံးပြု‌နေသည့် လမ်းမ‌ပေါ် (ဘာသာခြား ဝတ်ပြု‌ကျောင်းအနီး)၌ ဧပြီ ၂၆ ရက်‌နေ့တွင် ‌စေတီတဆူ ထပ်မံတည်ခဲ့ပြန်သည်။

အဆိုပါ ဖြစ်စဉ်များသည် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိသည့် ဘာသာတခုနှင့် တခုကြား မ‌လေးမစား ပြုမှုရာ ‌ရောက်သလို ပင်ကိုယ် ‌အေး‌အေးချမ်းချမ်း‌နေထိုင်တတ်သည့် ကရင်လူမျိုးများအကြားတွင်လည်း မျက်နှာပူစရာ ဖြစ်ခဲ့ရသည်။ ပြဿနာ၏ အရင်းခံအ‌ကြောင်းအရင်းကို ပြန်ဆန်းစစ်မည်ဆိုလျှင် ‌မေတ္တာတရား ‌ရှေ့ထား‌ရေး သွန်သင်လမ်းပြခဲ့သည့် ကိုးကွယ်ရာ ဘာသာတရားကို အုပ်ချုပ်သူ အာဏာပိုင်များက နိုင်ငံ‌ရေး အတွက် အသုံးချခဲ့မှု အကျိုးဆက်ပင်ဖြစ်သည်။ လက်ရှိတွင် မည်သူ့‌ကြောင့် ဆိုသည်ကို ‌ပြောဆို‌နေ၍ မပြီး၊ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များအ‌နေဖြင့် ‌မေတ္တာတရားကို အ‌ခြေခံကာ အစိုးရသစ်နှင့် စု‌ပေါင်း‌ဖြေရှင်း သွားရမည်ဖြစ်သည်။

ထို့အပြင် ဧပြီ ၇ မှ ၈ ရက်‌နေ့အထိ ဖားအံမြို့တွင် ပြုလုပ်သည့် ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး ‌ကော်မတီ အစည်းအ‌ဝေးပြီး ထွက်‌ပေါ်လာသည့် အသံများကလည်း စိတ်ဝင်စားစရာ‌ကောင်းသည်။ KUPC ‌ရှေ့လုပ်ငန်းစဉ်များ ဆက်လုပ်ရန် ဘတ်ဂျက်မရှိ‌တော့သည့် အ‌ခြေအ‌နေကြုံ‌တွေ့‌နေခြင်းဖြစ်သည်။ ထို့အတူ ကရင်ပါတီများ ‌ပေါင်းစည်း‌ရေးအတွက် မူဝါဒ‌ရေးဆွဲရန် အစည်းအ‌ဝေးကိုလည်း ကရင်ပါတီများ ‌ငွေ‌ကြေး အခက်အခဲ‌ကြောင့် ဧပြီလအတွင်း မလုပ်နိုင်ဖြစ်ခဲ့ရသည်။

အလွှာစုံ၊ ‌ဒေသစုံ၊ နယ်ပယ်စုံ ကရင်အမျိုးသားများဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုသည့် KUPC နှင့် ကရင်လူထု အကျိုးလုပ်‌ဆောင်ရန် တည်‌ထောင်ထားသည်ဟုဆိုသည့် ကရင်ပါတီများ ယခုကဲ့သို့ အခက်အခဲကြုံ‌တွေ့ ‌နေရခြင်းမှာ ကရင်လူမှုအဖွဲ့အစည်းများ၊ ပါတီများ အားနည်း‌နေ‌ကြောင်း မီး‌မောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။

လူမှုအဖွဲ့အစည်းများနှင့် ပါတီများသည် လူထုအကျိုးလုပ်‌ဆောင်ရန် ဖွဲ့စည်းခဲ့သည့် နည်းတူ အမှန်တကယ် လူထုအကျိုး လုပ်‌ဆောင်ရန်လိုပြီး အစိုးရ၊ အဖွဲ့အစည်းတခု၏ လက်ကိုင်တုတ်သဖွယ် လုပ်‌ဆောင်မည်ဆိုက ‌ရေရှည်ရပ်တည်၍ မရ‌ကြောင်း မျက်‌မှောက်နိုင်ငံ‌ရေးအခင်းအကျင်းကို ကြည့်ခြင်းဖြင့် သိနိုင်သည်။

ထို့‌ကြောင့် ကရင်လူမှုအဖွဲ့အစည်းများနှင့် ပါတီများအ‌နေဖြင့် အမှန်တကယ် ကရင်လူထု လိုလားချက်အကျိုး အတွက် ‌ရှေ့တန်းမှ ရပ်တည်လုပ်‌ဆောင်သွားရမည်ဖြစ်သလို ကရင်လူထုများအ‌နေဖြင့် စုစည်းညီညွတ်စွာ ကရင်လူမှုအဖွဲ့အစည်းများ၊ ပါတီများ လမ်း‌ကြောင်းမှန်‌ပေါ် ဆက်ရပ်တည်နိုင်‌ရေးအတွက် ဝိုင်းဝန်းကူသွားဖို့ လိုသည်။

ဆိုခဲ့ပါ ဖြစ်စဉ်များကို ပြန်ကြည့်မည်ဆိုလျှင် အ‌ရေးကြုံလျှင် ‌သွေးစည်းဖို့ လိုသည်ဆိုသည့် စကားရပ်အတိုင်း ဘာသာ‌ရေးပြဿနာကို ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ စုစည်းညီညွတ်စွာဖြင့် အစိုးရသစ်၊ ကရင်လက်နက် ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများနှင့် လက်တွဲကာ စည်းလုံးညီညွတ်စွာဖြင့် ‌ဖြေရှင်းမည်ဆိုလျှင် ‌အောင်မြင်မှု ရရှိမည်ဖြစ်‌ကြောင်း တိုက်တွန်းလိုက်ရပါသည်။