Home သတင်း KNLA တပ်မဟာ ၅ တွင် အစိုးရစစ်တပ် သုံးဦး ‌မြေမြှုပ်မိုင်းထိ ဒဏ်ရာရ

KNLA တပ်မဟာ ၅ တွင် အစိုးရစစ်တပ် သုံးဦး ‌မြေမြှုပ်မိုင်းထိ ဒဏ်ရာရ

2606

မတ် ၁၇ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA) တပ်မဟာ (၅) ထိန်းချုပ်နယ်‌မြေ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် ဘွားဒဲ‌ကျေးရွာအုပ်စုအတွင်း ရှိ မဲ့‌ပေါ်မူကလိုး(‌ချောင်း)တွင် မြန်မာအစိုးရစစ်တပ် သုံးဦး ‌မြေမြှုပ်မိုင်း၍ ဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများသည် အစိုးရစစ်တပ်၏ ဖာပွန်အ‌ခြေစိုက် စစ်ဗျူဟာလက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း (ခမရ-၄၃၄)မှ ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးတို့ ဖြစ်ကြပြီး အဆိုပါ တပ်ရင်းသည် မတ်လ ၁ဝရက်‌နေ့က KNLA ကန့်သတ်နယ်‌မြေကို ‌ကျော်လာသည့်အတွက် ယင်းသို့ ‌မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်း ဖြစ်သည်ဟု KNLA တပ်မဟာ(၅)က ‌ပြောသည်။

KNLA တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ် ‌စောမူဟဲက “သူတို့ (အစိုးရစစ်တပ်) မိုင်းထိတာက‌တော့ ကန့်သတ် နယ်‌မြေ ကိုက်တစ်‌ထောင်‌လောက်ကို ‌ကျော်လွန်ပြီး ဝင်လာလို့ ဖြစ်ပါတယ်။ တစ်‌ယောက်က မိုင်းနင်းမိပြီး ‌ဘေးနားနှစ်‌ယောက်ပါ ထိတဲ့ သ‌ဘောလို့ ကျ‌နော်တို့ သတင်းပြန်ကြားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒဏ်ရာရရှိသွားသည့် ခမရ-၄၃၄ မှ တပ်ဖွဲ့ဝင် သုံးဦးသည် မတ် ၁၃ ရက်‌နေ့က ဖာပွန်‌ဆေးရုံသို့ ‌ရောက်ရှိ၍ ‌ဆေးကုသမှုခံယူလျှက်ရှိသည်ဟု သိရပြီး ယခုကိစ္စများနှင့် ပတ်သက်၍ ‌ကေအိုင်စီမှ သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

ဘူးသိုမြို့နယ်၊ ဘွားဒဲ‌ကျေးရွာအုပ်စုအတွင်းတွင် ဘွားဒဲ၊ တိုးညိုး၊ ‌သောသီဒဲ၊ ‌ချောလယ်ဒဲ၊ ‌လောဖလာ့‌သေ့၊ ‌သေ့‌ဂေမူဒဲ၊ ဒဲဘိုး၊ မယ်ပ၊ ‌ဝေါခွဲ၊ ‌ကော့လူပလယ်၊ ‌ဝေါ်အိုးဝါး၊ ကင်းဒို့၊ ကင်းဒို့ခို့၊ ကျိသူးပူ အပါအဝင် ‌ကျေးရွာ‌ပေါင်း ၂ဝ ‌ကျော် တည်ရှိသည်။

ယခင်လ ‌ဖေ‌ဖော်ဝါရီ ၂၄ရက်‌နေ့ကလည်း KNU ဖာပွန်ခရိုင် လူ‌သောမြို့နယ် ဝါးက‌လေ့တုနှင့် ဖွာ့‌ဝေါ်‌နေရာ အကြား ရိက္ခာပို့‌ဆောင်လာ‌သော အစိုးရယာဉ်တန်းကို KNLA တပ်မဟာ(၅) လက်‌အောက်ခံ တပ်ဖွဲ့ဝင်အချို့က ပစ်ခတ်ခဲ့ပြီး သတ်မှတ်ချက်အရ လူနှင့် မြင်းတို့နှင့်သာ ရိက္ခာပို့ရမည်ဖြစ်‌သော်လည်း ထိုသို့ မပို့သည့်အတွက် ပစ်ခတ်မှုဖြစ်ပွားရခြင်းဖြစ်သည်ဟု KNLA တပ်မဟာ(၅)က ဆိုသည်။