Home ထိပ်တန်းသတင်း DKBA တပ်မ‌တော်ကို ကျစ်ကျစ်လစ်လစ် ပြန်လည်ဖွဲ့စည်းမည်ဟု ဒုစစ်ဦးစီးချုုပ် ‌စောမို‌ရှေး‌ပြော

DKBA တပ်မ‌တော်ကို ကျစ်ကျစ်လစ်လစ် ပြန်လည်ဖွဲ့စည်းမည်ဟု ဒုစစ်ဦးစီးချုုပ် ‌စောမို‌ရှေး‌ပြော

3349

မတ် ၂ဝရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)ကို လက်ရှိ လစ်လပ်‌နေ‌သော စစ်ဦးစီးချုပ် တာဝန်အပြင် အဖွဲ့ကို ကျစ်ကျစ်လစ်လစ်ဖြင့် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်‌ကြောင်း မတ် ၁၉ရက်‌နေ့က မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင် ‌ကျေးရွာ၌ ပြုလုပ်သည့် ကွယ်လွန်သူ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောလားပွယ်၏ ဈာပန အခမ်းအနားတွင် ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ တပ်ဖွဲ့ကို အစည်းအ‌ဝေးပြန်‌ခေါ်ရမယ်ဖြစ်တယ်။ အစည်းအ‌ဝေး‌ခေါ်ပြီးရင် ဖွဲ့စည်းပုံ ပြန်လုပ်ရမယ်။ ကျ‌နော်တို့ အ‌ကောင်းဆုံး လုပ်သွားမယ်။ ဘယ်သူက စစ်ဦးစီးချုပ်ဖြစ်လာမလဲ၊ ဘယ်သူက ဒုစစ်ဦးစီးချုပ် ဖြစ်လာမလဲဆိုတဲ့ဟာကို အ‌ကောင်းဆုံးအချက်အ‌နေနဲ့ စဉ်းစားသွားမှာပါ။ အဖွဲ့ကျစ်ကျစ်လစ်လစ်နဲ့ စည်းကမ်းရှိရှိသွားနိုင်ဖို့၊ အ‌ကောင်းအဆုံးလုပ်သွားမယ်”ဟု ‌ပြောသည်။

လတ်တ‌လော ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို အပျက်အသုဉ်းမခံဘဲ ဆက်လက်‌လျှောက် လှမ်းသွားမည်ဖြစ်‌ကြောင်း၊ လက်ရှိ အ‌ခြေအ‌နေအရ မကြာခင်က ခွဲထွက်သွား‌သော DKBA တပ်ဖွဲ့ဝင်တို့နှင့် ပြန်လည်‌ပေါင်းစည်းရန် မဖြစ်နိုင်‌သေး‌သော်လည်း ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ထောင်မည်ဆိုပါက ကရင် လက်နက်ကိုင်အဖွဲ့များအားလုံး ပြန်လည်ပူး‌ပေါင်းရန်လိုအပ်‌ကြောင်းလည်း သူက ဆက်‌ပြောသည်။

ယခုလစ်လပ်‌နေ‌သော DKBA စစ်ဦးစီးချုပ်တာဝန်ကိုု ဒုတိယ စစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးအား ခန့်အပ်သွားရန် လျာထားသည်ဟု DKBA တပ်မှူးများအကြား ‌ပြောဆို‌နေကြသည်။

၉၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စော‌အေဝမ်းက “အဖိုး(‌စောလားပွယ်) နာမကျန်းဖြစ်ကတည်းက သူတာဝန်ယူ ထားတယ်။ သူ့သမိုင်း‌ကြောင်းအရ ‌ကောင်းတယ်။ သူ့အ‌တွေ့အကြုံနဲ့ဆို သူထိန်း‌ကျောင်းလို့ ရမှာပါ။ ‌ရှေ့ဆက် ကျ‌နော်တို့ ပူး‌ပေါင်းလုပ်‌ဆောင်ဖို့ အဖိုးလိုပဲ ခွန်အားဖြစ်မယ်လို့ ‌မျှော်လင့်ပါတယ်။ သူကလည်း ပြည်သူလူထုနဲ့ တပ်မှူးတပ်သား‌တွေ ချစ်ခင်မြတ်နိုးမှုကို ရရှိတဲ့ သူတစ်‌ယောက်ဖြစ်တယ်။ အားလုံးအဆင်‌ပြေ‌ချော‌မွေ့မယ်လို့ ‌မျှော်လင့်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
DSC_0288
စစ်ဦးစီးချုပ် ဖြစ်လာရန် ‌ရေပန်းစား‌နေသည့် ဒုဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးကို ဦး‌စောလှထွန်းနှင့် ‌နော်ထိုကိုးထံမှ ၁၉၆၈ခုနှစ်(၄၈နှစ်)တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထီးဖိုးသံ‌ကျေးရွာ၌ ‌မွေးဖွားပြီး ညီအစ်ကို ‌မောင်နှစ်မ ငါး‌ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ သူသည် ကြာအင်းဆိပ်ကြီးမြို့၌ ဆယ်တန်းအထိ ပညာသင်ယူခဲ့ပြီး ၁၉၈၇ခုနှစ်မှာ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၆)၊ တပ်ရင်း ၁၆ ၌ ဝင်‌ရောက် စစ်မှုထမ်းခဲ့ရာ ၂၀၀၃ခုနှစ်၊ ဧပြီလမှာ DKBA တပ်ဖွဲ့သို့ ဘက်‌ပြောင်းလာခဲ့သည်။

မတ် ၁၉ရက်‌နေ့က ပြုလုပ်သည့် ဗိုလ်ချုပ်ကြီး ‌စောလားပွယ် ဈာပန အခမ်းအနားသို့ ကရင်အမျိုးသား လွှတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ KNU/KNLA PC-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောထင်‌မောင်တို့အပြင် နယ်ခြား‌စောင့်တပ်(BGF)၊ အစိုးရ ဋ္ဌာနဆိုင်ရာများ၊ ထိုင်းအာဏာပိုင်များ၊ မိသားစုဝင်များနှင့် ရပ်‌ဝေးရပ်နီး‌နေ အသိမိတ်‌ဆွေများအပါအဝင် ပရိဿတ် ၃‌ထောင်‌ကျော် တက်‌ရောက်ပို့‌ဆောင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ‌စောလားပွယ်(၅၄)နှစ်သည် ကာလအတန်ကြာ ခံစား‌နေရသည့် လည်‌ချောင်းကင်ဆာ‌ရောဂါဖြင့် ယခု မတ်လ ၁၃ရက်‌နေ့၊ မွန်းလွဲ ၂နာရီအချိန်တွင် ပဲခူးမြို့၊ ကုတင်ငါးရာ ‌ဆေးရုံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

DKBA တပ်ဖွဲ့သည် ၁၉၉၄ခုနှစ်တွင် (KNU)မှ ခွဲထွက်ကာ နဝတ၊ နအဖ စစ်အစိုးရနှင့် ၁၅နှစ်ကြာ ပူး‌ပေါင်းခဲ့ပြီး အများစုမှာ နယ်ခြား‌စောင့်တပ်အဖြစ်သို့ ကူး‌ပြောင်းခဲ့‌သော်လည်း ဗိုလ်ချုပ်ကြီး ‌စောလားပွယ် ဦး‌ဆောင်‌သော တပ်ဖွဲ့ဝင်များက လက်မခံဘဲ ၂၀၁ဝခုနှစ်တွင် အစိုးရကို ၁နှစ်နီးပါး ပြန်လည်ခုခံ‌တော်လှန်ခဲ့ပြီး‌နောက် လက်ရှိ အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။

ထို့အပြင် ၂၀၁၅ခုနှစ် ၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့က ‌နေပြည်‌တော်၌ ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)ကို အခြား‌သော လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့ ၈ဖွဲ့နှင့်အတူ ဗိုလ်ချုပ်ကြီး ‌စောလားပွယ် ကိုယ်တိုင် တက်‌ရောက်လက်မှတ်‌ရေးထိုးခဲ့သည်။