မတ် ၂၆ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ် အစိုးရဖွဲ့ပြီး ရက်ပေါင်း ၁၀ဝ အတွင်း ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများအတွက် အကျိုးပြုစေမည့် ထူးထူးခြားခြား ပြောင်းလဲမှုဖြစ်အောင်လုပ်ဆောင်သွားမည်ဟု ပြည်နယ် NLD ဥက္ကဌ၊ ဖားအံ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထွေးမြင့်က ယမန်နေ့က ကေအိုင်စီသို့ ပြောသည်။
“အပြောင်းအလဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရက်ပေါင်း ၁၀ဝ အတွင်းမှာ ထူးထူးခြားခြား ပြောင်းလဲမှုတွေဖြစ် အောင် ပြည်သူတွေ အားရှိနိုင်မယ့်ဟာတွေ ပြီးတော့ ကရင်ပြည်နယ်ထဲက တိုင်းရင်းသားတွေပိုပြီးတော့ အားရှိစေမယ့်ဟာတွေ စပြီး လှုပ်ရှားတော့မယ်”ဟု နန်းခင်ထွေးမြင့်က မတ်လ ၂၅ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်နယ်လွှတ်တော် အစည်းအဝေးအပြီး တွင် ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းသည့်အခါ NLD ပါတီဝင် မဟုတ်သည့် ပြင်ပ ပညာရှင်များကို အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ထည့်သွင်းဖွဲ့စည်းသွားမည်ဟု အစိုးရအဖွဲ့သစ်တွင် ပြည် နယ်ဝန်ကြီးချုပ်ဖြစ်ရန် သတင်းထွက်ပေါ်နေသည့် နန်းခင်ထွေးမြင့်က ဆက်လက် ပြောဆိုသည်။
မတ်လ ၂၅ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၊ ပြည် နယ်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ပြည်နယ် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ တိုင်ကြားစာ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီနှင့် ပြည်နယ်ဥပ ဒေ လေ့လာသုံးသပ်ရေးကော်မရှင်တို့ကို ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဌ စောချစ်ခင်က ပြောသည်။
ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် အစည်းအဝေးကို ၂၀၁၆၊ ဖေဖော်ဝါရီ ၈ရက်နေ့က စတင် ကျင်းပခဲ့ပြီး လက်ရှိအချိန်ထိ လွှတ်တော်ရေးရာကော်မတီ ၄ခုနှင့် ကော်မရှင်တစ်ခု ဖွဲ့စည်းထားခဲ့သည်။ ထို့အပြင် လွှတ်တော်ရေးရာကော်မတီ ၃ခု ထပ်မံ ဖွဲ့စည်းရန် ရှိသေးသလို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဧပြီလ ၁ရက်နေ့တွင် စတင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယာယီ ပြည်နယ်ဝန်ကြီးချုပ် စောဝင်းထိန်က “ရေးရာကော်မတီဖွဲ့စည်းတယ်ဆိုတာကလည်း ပြည်နယ်အတွင်းမှာရှိတဲ့ လွှတ် တော်ဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ဖွဲ့တာဖြစ်တယ်။ မရှိမဖြစ် ဖွဲ့ကိုဖွဲ့ရမယ့် ကော်မတီတွေဖြစ်တဲ့အတွက် ကြောင့် အခု ဖွဲ့စည်းနိုင်တာကိုလည်း ဝမ်းသာတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
လာမည့် မတ်လ ၂၈ရက်နေ့တွင် ပြုလုပ်မည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ မည့်သူကို ကြေညာမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်အမတ်များထံမှ သိရသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ ပြင်ပ ပညာရှင်များနှင့် အခြားပါတီဝင်များ ပါဝင်မည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့စာရင်းကို NLD ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီထံ ပြည်နယ် NLD က ပေးပို့ထားပြီး ဖြစ်သည်ဟု ပြည်နယ် NLD က ပြောဆိုသည်။