Home သတင်း ‌ကော့ကရိတ်မြို့တွင် ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲ ပြုလုပ်

‌ကော့ကရိတ်မြို့တွင် ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲ ပြုလုပ်

1654

မတ် ၁၆ ရက်၊ ၂၀၁၆ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့အ‌ခြေစိုက် သွီးလူထုအ‌ခြေပြုလူမှုဖွံ့ဖြိုး‌ရေးကွန်ရက်မှ ဦးစီး၍ ‌ကော့ကရိတ်မြို့ အမှတ်(၂)ရပ်ကွက်တွင် ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲတစ်ခုကို မတ်လ ၁၃ ရက်မှ ၁၄ ရက်‌နေ့အထိ ပြုလုပ်ကျင်းပခဲ့သည်။

သွီးလူထုအ‌ခြေပြုလူမှုဖွံ့ဖြိုး‌ရေးကွန်ရက်သည် ပြီးခဲ့သည့် ဇန်နဝါရီနှင့် ‌ဖေ‌ဖော်ဝါရီလအတွင်း ‌ကော့ကရိတ် မြို့‌တောင်ပိုင်း၊ ‌မြောက်ပိုင်း‌ဒေသများရှိ ရွာများ၌ တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် လူ့အခွင့်‌ရေးဆိုင်ရာ အသိဖွင့်အမြင် ဖွင့်သင်တန်းများ ပို့ချသည့်အခါ တက်‌ရောက်ခဲ့သည့် လူငယ်များကို ပြန်လည်စုပြီး ယခုလို အမြင်ဖလှယ်ပွဲ ပြုလုပ်ခြင်းဖြစ်သည်ဟု သွီးကွန်ရက်၏ ‌ကော့ကရိတ်တာဝန်ခံ မန်းသိန်း‌ဇော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အဲဒီသင်တန်း‌တွေမှာ ပါဝင်တက်‌ရောက်ခဲ့ကြတဲ့ ‌ဒေသတွင်းက လူငယ်‌မောင်မယ်‌တွေကို ကျ‌နော်တို့ သွီးရုံးခန်းမှာ ပြန်လည်ချိန်းဆိုတာပါ။ သူတို့သင်တန်းတက်ပြီး ကာလက‌နေ အခုထိ ရပ်ရွာအသီးသီးမှာ ‌တွေ့ကြုံ ခံစား‌နေရတဲ့ အ‌ကြောင်းအရာ‌တွေနဲ့ သင်တန်းက သင်‌ပေးလိုက်တဲ့အ‌ကြောင်းအရာ‌တွေကို ဘယ်လိုအသုံးချ မလဲဆိုတာ အချင်းချင်းအမြင်‌တွေ ဖလှယ်နိုင်‌အောင် အခု‌တွေ့ဆုံပွဲ‌လေး စီစဉ်‌ပေးတာပါ”ဟု ‌ပြောဆိုသည်။

နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ နှီး‌နှောဖလှယ်ပွဲတွင် ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌နောင်တပွဲ၊ ရွာတန်းရှည်၊ အံဖကြီး၊ မြပတိုင်၊ ကြာအင်းကုန်း၊ ‌လောင်းကိုင်၊ ဖားကျ၊ သမိန်ဒွတ် စသည့် ‌ကျေးရွာများမှ လူငယ် ၃ဝ ခန့် တက်‌ရောက်‌ဆွေး‌နွေးဖလှယ်ခဲ့ကြသည်။

နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်သည့် ရွာတန်းရှည်ရွာက ‌နော်သကြင်္န်မိုးက “ကျမက အခုဒီ‌တွေ့ဆုံပွဲမှာ သင်တန်း အ‌တွေ့အကြုံ‌တွေအရ အခုထက် သိချင်လာတယ်။ သင်တန်း‌တွေ ထပ်ပြီး တက်ချင်တယ်။ ဥပ‌ဒေအ‌ကြောင်း၊ အမျိုးသမီးအခွင့်အ‌ရေးအ‌ကြောင်း‌တွေ‌ပေါ့။ မိန်းခ‌လေး‌တွေက အမြဲ အနှိမ်ခံရတယ်။ သင်တန်း‌တွေတက်‌တော့ တန်းတူအခွင့်အ‌ရေး သိလာတယ်။ သင်တန်းပြ‌ပေးတဲ့ ဆရာ၊ ဆရာမ‌တွေကို ‌ကျေးဇူးတင်တယ်။ ကျမလည်း မသိနားမလည်‌သေးတဲ့ ရွာသား‌တွေကို သင်တန်းပြန်‌ပေးချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သွီးလူထုအ‌ခြေပြုလူမှုဖွံ့ဖြိုး‌ရေးကွန်ရက်မှ ဦးစီး၍ ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲကို ယခုလို ကျင်းပသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လာမည့် အချိန်များ၌လည်း အလျင်းသင့်သလို ကျင်းပသွားရန် ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ‌လောင်းကိုင်၊ ဖားကျ၊ သမိန်ဒွတ်၊ ဝင်းက၊ မြပတိုင်၊ ‌နောင်တပွဲ စသည့် ‌ကျေးရွာအုပ်စု တို့ရှိ ရပ်မိရပ်ဖများ စုစည်းပြီး ကျန်းမာ‌ရေး၊ လူမှု‌ရေးအ‌ထောက်အကူလုပ်ငန်းများ‌ဆောင်ရွက်ရန် သွီးလူထုအ‌ခြေပြုလူမှုဖွံ့ဖြိုး‌ရေးကွန်ရက်ကို ဖွဲ့စည်းခဲ့သည်။

ယခုအခါ သွီးကွန်ရက်သည် နိုင်ငံတကာ အစိုးရမဟုတ်‌သော အဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများနှင့် ပူး‌ပေါင်းချိတ်ဆက်ကာ ‌ဒေသတွင်း ဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ၊ စစ်‌ဘေး‌ရှောင် ပြည်သူလူထုကူညီ‌ရေး အစီအစဉ်များကို လုပ်ငန်းအဖွဲ့ခွဲများ ဖွဲ့စည်းသင်တန်း‌ပေးကာ ‌ဆောင်ရွက်လျှက်ရှိသည်။