ယနေ့ခေတ် လူငယ်များအကြား ခေတ်စားနေတဲ့ အွန်လိုင်းလူမှုကွန်ရက်ကို အသုံးချပြီး ပိုးကရင်စာပေဖွံ့ဖြိုးရေးအတွက် လုပ် ဆောင်နေသူ အနောက်ပိုးကရင်စာပေအကျိုးပြုအဖွဲ့က အထွေထွေအတွင်းရေးမှူး စကျော်စိုး ဖြစ်ပါတယ်။ အွန်လိုင်းကနေ ပြည် ပရောက် ကရင်လူငယ်သုံးယောက်နဲ ့ ချိတ်ဆက်မိရာကတဆင့် အမျိုးသားရေးအကြောင်း ဆက်စပ်ပြောဆိုမိရာက မိခင်ဘာ သာစကား အနောက်ပိုး(ဖလုံး)စာပေ ပြန်လည် မြှင့်တင်ရေးဘက် ဦးတည်ရည်ရွယ်မိခဲ့ကြပြီး ၂၀၁၄ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ အနောက်ပိုးကရင်စာပေ အကျိုးပြုအဖွဲ့ကို စတင်ဖွဲ့ဖြစ်လာတယ်လို့ သူက ပြောပါတယ်။
“Online အပျော်သုံးမယ့်အစား အမျိုးသားရေး ဘာလုပ်မလဲ တိုင်ပင်ဖြစ်ကြတယ်။ အကျိုးရှိမယ့် အလုပ်တစ်ခုကို လုပ်မယ်ဆိုပြီး စကားပြောရင်း ဒီစာပေဘက် ရောက်သွားတာပေါ့။ အခု မိခင်ဘာသာ စာပေနဲ့ စကားက ပျောက်ချင်နေပြီး။ ရေးတတ်၊ ဖတ် တတ် မပြောနဲ့။ အချို့နေရာတွေမှာဆို စကားတောင် သိပ်မပြောကြတော့ဘူး။ အဲဒါကြောင့် ဒီဟာလေးကို စလုပ်ဖြစ်တာပါ”
စကျော်စိုးဟာ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ပိတ္တာလေးကျေးရွာက မန်းအောင်မြင့်နဲ့ ဂါ့အုန်းညွှန့်တို့ရဲ့ ခုနှစ်ယောက် မြောက်သား ဖြစ်ပါတယ်။ အခြေခံပညာ အလယ်တန်းအဆင့်ကို ပိတ္တာလေးကျေးရွာ အလယ်တန်းကျောင်းမှာ ၁၉၉၅ခုနှစ်အထိ တက်ရောက်သင်ကြားခဲ့ပါတယ်။ သို့ပေမယ့် ၁၉၉၅ခုနှစ်နောက်ပိုင်းမှာ ကျောင်းဆက်မတက်နိုင်တော့ဘဲ သူ့ပညာရေး အဆုံး သတ်ခဲ့ရတဲ့ အခြေအနေကို သူက အခုလို ရင်ဖွင့်ပြောဆိုပါတယ်။
“ကျနော် ကျောင်းဆရာတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ စာလည်း ကြိုးစားခဲ့တယ်။ အဖဆုံးတော့ ကျနော့်အထက်က အကြီးတွေ က အိမ်ထောင်ကျတယ်။ အထက်က အနန့်ကလည်း ဆယ်တန်းဆိုတော့ ယောက်ျားလေးထဲက အကြီးဆုံးလို ဖြစ်သွားတယ် လေ။ မိသားစုစားဝတ်နေရေးကြောင့် ကျောင်းထွက်ပြီးတော့ ရန်ကုန်တက် အလုပ်လုပ်တယ်။ မိသားစုကို အလုပ်လုပ်ပြီး ပြန် ထောက်ပံ့တယ်”လို့ သူက ပြောပါတယ်။
ဒီလို ဘဝပေးအခြေအနေ ကြမ်းတမ်းခဲ့ပေမဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ခု အသက် ၃၇နှစ်အရွယ်မှာ ကိုယ်ပိုင်လုပ်ငန်းကို ထူထောင်နိုင်ခဲ့ပါတယ်။ ခုဆို သူဟာ သူငယ်ချင်းအချို့နဲ့ ပူးပေါင်းပြီးတော့ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နဲ့ အိမ်မဲမြို့တွေ အသက် ၃၇နှစ်အရွယ် မှာ ကရင်ရိုးရာ အထည်ဆိုင်ကို ဖွင့်ထားသလို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှာလည်း အိမ်ဆောက်ပစ္စည်း တွေဖြစ်တဲ့ အုတ်၊ သဲ၊ ကျောက် အရောင်းအဝယ်လုပ်ငန်းပိုင်ရှင် ဖြစ်လာပါတယ်။
စကျော်စိုးပါဝင်တဲ့ ကရင်စာပေအကျိုးပြုအဖွဲ့ဟာ အွန်လိုင်းကနေ စည်းရုံးပြီး အလှူငွေကောက်ခံရာက ရရှိလာတဲ့ ငွေတွေနဲ့ နွေရာသီမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကျေးရွာ ၁ဝရွာကို ပထမအနေနဲ့ ကရင်စာ သင်ကြားပေးနိုင်နေတာအပြင် စာ သင်ပေးသူတွေကိုလည်း တဦးကို ကျပ်ငါးသောင်းစီ ထောက်ပံ့တာတွေ၊ တချို့မြို့နယ်တွေရဲ့ စာယဉ်တွေနဲ့ ချိတ်ဆက်ပြီး ကရင် ဖတ်စာအုပ် လှူဒါန်းတာကို ကရင်စာပေသင်ကြားရေးနဲ့ တွဲလုပ်ဖို ့လုပ်ဆောင်နေပါသေးတယ်။ ကရင်စာမသင်ခဲ့ရတဲ့ သူ့လို လူငယ်တွေ မဖြစ်စေချင်တာကြောင့် အမျိုးသားစာပေကို မျိုးဆက်သစ်တွေ သင်ကြားနိုင်ဖို့လည်း သူက ဆန္ဒပြင်းပြသလို တိုင်း ရင်းသားစာပေ သင်ကြားခွင့် မရခဲ့တာတွေရဲ့ အကျိုးဆက်အနေနဲ ့ အနောက်ပိုး(ဖလုံး)စာ၊ စကားတတ်တဲ့ ဆရာ/ဆရာမတွေ ပါ နည်းပါးလာတာကိုလည်း ထောက်ပြပြောဆိုပါသေးတယ်။
“ရိုးသားတာ ကောင်းတဲ့အရာပါ။ ဒါပေမဲ့ မ‘အ’ကြပါနဲ့။ ခေတ်နဲ့အညီ မျက်စိဖွင့်၊ နားစွင့်နေကြပါ။ ရောက်တဲ့နေရာမှာ ရောင့်ရဲ တင်းတိမ်နေကြတဲ့ အဖြစ်တွေကိုလည်း လျှော့ကြပါ။ အများအမြင်မှာ ကိုယ့်လူမျိုးကို ခိုင်းဖတ်အဖြစ်ကနေ ပြောင်းလဲနိုင်အောင် ကိုယ်ပိုင်လုပ်ငန်းတွေလည်း လုပ်ကြပါ။ နောက်ပြီး မိခင်ဘာသာ စာပေ/စကားတွေကို ပြောရ၊သင်ရမှာ မရှက်ပါနဲ့။ တခုတ်တရ သင်ကြပါ”လို့ သူက တိုက်တွန်းလိုက်ပါတယ်။