စဖန်းရှောင်း
(မတ် ၂၃ရက်၊ ၂၀၁၆ခုနှစ်)
“ပြန်မလား၊ ဆက်နေမလား အဲဒီ နှစ်ခုထဲက တစ်ခုကို ရွေးရမယ်ဆိုရင်
ကျနော်ကတော့ လက်ရှိအခြေအနေလေးအတိုင်းပဲ ဆက်ရှိနေစေချင်ပါတယ်”
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြရသူတွေ တစ်နည်းအားဖြင့် ပြည်တွင်းပုန်း ရှောင်ဒုက္ခသည်(IDP)စခန်းတစ်ခုဖြစ်တဲ့ အီတိုးထာ့ ပြည်တွင်းဌာနေမဲ့ ဒုက္ခသည်စခန်းထဲက ဒုက္ခသည်တွေ ရဲ့ အနာဂတ်ဟာ ဘာတစ်ခုမှ သေချာရေရာမှုမရှိသလို မျှော်လင့်ချက်မဲ့နေတုန်း ဖြစ်တယ်လို့ ဒုက္ခသည်တွေကိုယ်တိုင် ပြောဆိုနေကြပါတယ်။
သံလွင်မြစ်ချောင်းခြားပြီး ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်နဲ့ ကရင်ပြည်နယ် ဖာပွန်မြို့ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ နယ်မြေအစပ်မှာ တည်ရှိတဲ့ အီတိုးထာ့ IDP စခန်းဟာ ပြီးခဲ့တဲ့ ၂၀၀၆-၂၀၀၇ ခုနှစ်တုန်းက စတင်ဖြစ်တည်လာပြီးနောက် နှစ်ကြာလာတာနဲ့အမျှ ဒုက္ခသည်တွေ့ရဲ့ အနာဂတ် ရပ်တည်မှုဟာ တဖြည်းဖြည်း ခက်ခဲလာပါ တယ်။
“ကျနော်တို့ကို လာမယ့်နှစ်အထိပဲ ရိက္ခာပေးတော့မယ်။ နောက်နှစ်တွေအတွက် ရိက္ခာမပေးတော့ဘူးဆို အီတိုးထာ့စခန်းဟာ ဆက်ပြီးရှိမရှိ မသေချာတော့ဘူး။ ကျနော်တို့ဘဝ၊ အနာဂတ်က ဘာဖြစ်မယ် မသိသေးဘူး”လို့ ပြောဆိုလာသူကတော့ အီတိုး ထာ့စခန်းဥက္ကဋ္ဌ စောညာထေ့ပဲ ဖြစ်ပါတယ်။
အခုဆိုရင် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို စားနပ်ရိက္ခာ အဓိက အကူအညီ ပေးနေတဲ့ The Border Consortium(TBC)ဟာ အီတိုးထာ့ ဒုက္ခသည်စခန်းအတွက် ရိက္ခာတွေကို ၂၀၁၇ခုနှစ် စက်တင်ဘာအထိသာ ပံ့ပိုး ပေးနိုင်တော့မှာ ဖြစ်တဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ ဘဝ ဆက်လက် ရပ်တည်နိုင်ရေး စိုးရိမ်သောက ရောက်နေကြရတာပါ။
KNU တောင်ငူခရိုင် KNLA တပ်မဟာ ၂ တပ်ဖွဲ့ဝင်များနဲ့ အစိုးရတပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးရောက် ရှိလာတဲ့ ဒီဒုက္ခသည်တွေကို (TBC)က ၂၀၀၆ခုနှစ်ကနေ ၂၀၀၉ခုနှစ်အထိ လူကြီးတစ်ဦး တစ်လ ဆန် ၁၆ကီလို၊ ၁၈နှစ်အောက် ကလေးတစ်ဦး ဆန် ၁၂ကီလိုအပြင် အခြား ဆီ၊ ဆား၊ ပဲ စတဲ့ရိက္ခာတွေကို ကူညီပေးခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ (TBC) ကနေ အီတိုးထာ့စခန်းအတွက် ရိက္ခာခွဲတမ်းတွေကို ပြန်လည်လျှော့ချရာမှာ လူကြီးတစ်ဦး ဆန် ၁၂ ကီလိုနဲ့ ကလေးတစ်ဦး ဆန် ၈ ကီလိုအထိ လျော့ကျပြီး အခြားအခြေခံရိက္ခာတွေထဲမှာ ဆားတစ်ခုကလွဲလို့ ကျန်တဲ့ ရိက္ခာတွေ ဟာ ပံ့ပိုးမှု လုံးဝ မရှိတော့ဘူးလို့ သိရပါတယ်။
TBC ရဲ့ ရိက္ခာ ထောက်ပံ့မှုကို အဓိက အားထားနေရတဲ့ အီတိုးထာ့စခန်းက ဒုက္ခသည်တွေအနေနဲ့ အခုလို ရိက္ခာ လျော့ကျလာ မှုတွေကြောင့် မိမိတို့မိသားစု စားဝတ်နေရေး ပြေလည်အောင် ရရာအလုပ်လုပ်ပြီး အသက်ရှင်ရပ်တည်ရေးအတွက် မနည်း ကြိုး စားရုန်းကန်နေရတယ်လို့ စခန်းနေသူ ဒုက္ခသည် စောပေါ်လေတာလေလားမူးက အခုလို ပြောပါတယ်။
“TBC ရိက္ခာက လောက်လားဆိုတော့ မလောက်ပေမယ့် နည်းနည်း ခံသာသေးတယ်။ နောက်နှစ်တွေမှာ မပေးတော့ဘူးဆို တော့ တော်တော်စိုးရိမ်နေရတယ်။ အခု အခြေအနေက မလောက်လည်း ကြံဖန် စားသောက်လို့ ရတယ်။ ဖက်ကောက်တာ ဖက် ၁၀ဝဆို ဘတ်ငွေ ၂၀ဝ ရတယ်။ တချို့ဆို အပြင်ထွက်ပြီး နေ့စားလုပ်တာ၊ ဈေးရောင်းတာတွေ လုပ်ရတာပေါ့။ အင်ဥ ကောက်တာ၊ စပါးရိတ်တာတွေ သူ့အချိန်နဲ့သူပေါ့။ အဲဒါ ကြံတတ်ဖန်တတ်တဲ့ လူတွေနော်။ မိသားစုများပြီး မကြံဖန်စားတတ်တဲ့ မိသားစုတွေဆို တချို့ ထမင်းတောင် နပ်မှန်ပါ့မလား မသိဘူး”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် အီတိုးထာ့စခန်းရဲ့ ပတ်လည်မှာ မြန်မာအစိုးရတပ်စခန်းတွေနဲ့ KNLA တပ်မဟာ(၅) လက်အောက်ခံ တပ်စခန်းတွေ ရှိနေပြီး တစ်ဖက်ကမ်းမှာလည်း ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ မြန်မာဘက်ခြမ်းမှာတော့ ခြေလျင်နဲ့ တစ်နာရီလောက်သာ အကွာအဝေးရှိတဲ့ ဧရိယာအတွင်းမှာသာ သွားလာလို့ ရပါတယ်။
လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိမှု လျော့နည်းလာမှုကြောင့် ဒုက္ခသည်စခန်းတွေအတွက် လစဉ် ရိက္ခာပံ့ပိုးမှု ပုံစံပြောင်းလဲမှာဖြစ်တယ်လို့ TBC က ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ခုမှာလည်း ရိက္ခာလျော့ချလာမှု အခက်အခဲနဲ့ တဖြည်းဖြည်း ကြုံတွေ့လာတာ အခုချိန်ထိ ဖြစ် ပါတယ်။
ဒီလိုအခက်အခဲတွေက ရိက္ခာအပြင် အခြားသော ပညာရေး၊ ကျန်းမာရေး စတဲ့ အကူအညီပေး ထောက်ပံ့မှုတွေမှာလည်း ယခင် ကထက် သိသိသာသာ လျော့ကျလာသလို ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေအကြား နေရပ် ပြန်ပို့မဲ့ သတင်းဟာလည်း ၂၀၁၂ခုနှစ် KNU နဲ့ မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပြီးနောက်ပိုင်း တစ်စ ထက်တစ်စ ပိုမို ကျယ်လောင်လာခဲ့ပါတယ်။
အီတိုးထာ့စခန်းမှာ နေထိုင်သူများဟာ တောင်ငူ၊ ညောင်လေးပင်၊ ဖာပွန် စတဲ့ဒေသတွေကဖြစ်ပြီး စခန်းတွင်းမှာ ရပ်ကွက် ၆ခု၊ အိမ်ထောင်စု ၄၉၁စု၊ လူဦးရေ ၃,၄၀၀ကျော် နေထိုင်လျှက်ရှိပါတယ်။ ပညာရေးအနေနဲ့ မူလတန်းကနေ အထက်တန်းအထိ သင်ကြားနိုင်တဲ့ ကျောင်းတစ်ကျောင်းနဲ့ ဆရာ၊ ဆရာမဦးရေ ၄၁ဦး၊ ကျောင်းသူကျောင်းသားဦးရေ ၆၃၀ကျော် ရှိပါတယ်။
စခန်းရဲ့ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စတွေကို ကရင်လူမှုအဖွဲ့အစည်းတွေဖြစ်တဲ့ KESAN၊ KDHW KTWG၊ KED အပြင် ဩစတြေးလျနိုင်ငံရှိ ဘာသာရေးအဖွဲ့အစည်းတစ်ခုတို့မှ ကူညီပေးနေတာဖြစ်ပြီး ကျန်းမာရေးဆိုင်ရာမှာ အခုလက်ရှိ ဆေးဝါး မလုံလောက်မှုတွေအပြင် ပညာရေးဆိုင်ရာ အကူအညီတွေဟာလည်း လာမယ့်နှစ်မှာ ကူညီမှုရဖို့ မသေချာတော့ဘူးလို့ စခန်း တာဝန်ရှိသူတွေက ပြောဆိုနေကြပါတယ်။
အီတိုးထာ့စခန်း အထက်တန်းကျောင်းရဲ့ ဒုကျောင်းအုပ်ဖြစ်တဲ့ နော်ထိုခီဖောက “ကျမအနေနဲ့ တစ်လကို ဘတ်တစ်ထောင် ရ တယ်။ မလောက်ပေမယ့်လို့ ဒီလိုပဲ စားနေရတာပဲ။ ကျမတို့ပညာရေးပိုင်းဖြစ်တဲ့ ကျောင်းဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့ တဲ့ ဩစတြေးလျား ဘာသာရေးအဖွဲ့ကလည်း နောက်နှစ်ဆို မကူညီတော့ဘူးလို့ ကြားရတယ်”လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေနည်းတူ အီတိုးထာ့စခန်းက ဒုက္ခသည်တွေအနေနဲ့ အခု ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကြောင့် စခန်းဆက်လက်ရပ်တည်ရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေသလို နေရပ်ပြန်ပို့ခံရမှာကိုလည်း အလားတူ စိုးရိမ်မှုတွေ ရှိနေပါတယ်။
“နေရပ်ပြန်မယ်ဆိုလည်း အဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ပြန်ဖို့ နေရာမရှိသေးဘူး။ နောက်ပြီး ကျနော်တို့ အရင် လယ်တွေ၊ ယာတွေ အနီးအနားမှာလည်း အစိုးရတပ်စခန်းတွေ ရှိနေတယ်။ တကယ်လို့ပြန်ရင် နေထိုင်ရေး၊ လုပ်ကိုင်စား သောက်ရေးက တော်တော်လေးကို မလွယ်ဘူး။ ကလေးတွေရဲ့ ပညာရေးကလည်း ထိခိုက်မယ်”လို့ အီတိုးထာ့ဒုက္ခသည် စော ထီးမူးက ပြောပါတယ်။
မြန်မာအစိုးရနဲ့ ကရင်လက်နက်ကိုင် ၃ဖွဲ့ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့တို့ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရေးရပ်စဲမှု သဘောတူစာချုပ် NCA ကို လက် မှတ်ရေးထိုးခဲ့ကြပါတယ်။
လက်မှတ်ရေးထိုးထားတဲ့ NCA စာချုပ် အခန်း(၃) လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှုများ ခေါင်းစဉ်အောက်မှာ ပြည် တွင်းနေရပ် စွန့်ခွာတိမ်းရှောင်သူတွေ(IDPs)နဲ့ နေရပ်ပြန်မယ့် ဒုက္ခသည်များအရေး ပါဝင်ပြီး နေရာပြန်လည်ချထားရေး၊ အကူအ ညီပေးရေး စတဲ့ အစီအစဉ်တွေကို အစိုးရ၊ NGOs၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ပူးတွဲညှိနှိုင်းဆောင်ရွက်ဖို့ ဖော်ပြထားပါ တယ်။
ဒီကိစ္စပေါ် KNU တောင်ငူခရိုင် ဥက္ကဋ္ဌ ပဒိုစောအယ်ဝါးက “NCA ထဲမှာ ဒုက္ခသည်အရေးကို ဘယ်လို စဉ်းစားကြတာလဲ။ NCA ထိုးပြီးပေမယ့် တောင်ငူ၊ ဖာပွန်၊ ညောင်လေးပင်ခရိုင်တွေကို မြန်မာ့တပ်မတော်က စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်နေတုန်း ပါ။ ဒုက္ခသည်တွေ ပြန်လာသင့်မသင့် သက်ဆိုင်ရာ NCA လက်မှတ်ထိုးတဲ့သူကို ပြန်မေးခွန်း ထုတ်ချင်ပါတယ်။ အခု စစ်ဆင်ရေး နယ်မြေထဲကို ပြန်လာသင့်မသင့်ကိုတော့ ပြည်သူတွေ ကိုယ်တိုင် ရွေးချယ်ကြဖို့ ပါပဲ”လို့ အမြင်သဘောထား ပေးခဲ့ပါတယ်။
NCA စာချုပ်မှာပါရှိတဲ့ တပ်နေရာပြန်လည်ချထားရေး၊ စောင့်ကြည့်လေ့လာရေး၊ နိုင်ငံရေးဆွေးနွေးမှုနဲ့ အခြားသော စာချုပ်အ ကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းတွေအပြင် ဒုက္ခသည်တွေအတွက် နေရာချထားရေး ကိစ္စရပ်တွေမှာလည်း အစိုးရနဲ့ KNU ရဲ့လုပ်ဆောင်ချက် ပီပြင်စွာ ဖြစ်ပေါ်လာတာ မတွေ့ရသေးပါဘူး။
ကူညီထောက်ပံ့မှုလျော့ကျတာ (သို့မဟုတ်) မရှိတော့တဲ့အချိန် ပြန်လည်အခြေချ လုပ်ကိုင်စားသောက်စရာ နေရာမရှိ (သို့မ ဟုတ်) အဆင်သင့် မဖြစ်သေးတဲ့အချိန်မှာ အီတိုးထာ့ဒုက္ခစခန်းက ဒုက္ခသည်တွေရဲ့ တောင်းဆိုချက်၊ မျှော်လင့်ချက်တွေက ဘာတွေပါလဲ။
စခန်းရဲ့ ဥက္ကဋ္ဌဖြစ်သူ စောညာထေ့ ပြောတာက “စခန်းအတွက် လာမယ့် ၂၀၁၈ခုနှစ်မှာ ဘယ်လိုလာမလဲ မသိဘူး။ ဘာတစ်ခုမှ စီစဉ်ထားကြတာ မတွေ့သေးဘူး။ ပြန်ရမယ်ဆိုရင်လည်း ကျနော်တို့လုပ်စားတဲ့ လယ်ယာတွေနားမှာရှိတဲ့ အစိုးရတပ်တွေ အကုန်မရှိတော့မှ ကျနော်တို့ပြန်ရဲမယ်။ အစိုးရသစ်၊ KNU နဲ့ နိုင်ငံတကာက ကျနော်တို့ကို ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။ ပြန်မလား၊ ဆက်နေမလား အဲဒီ နှစ်ခုထဲက တစ်ခုကို ရွေးရမယ်ဆိုရင် ကျနော်ကတော့ လက်ရှိအခြေအနေလေးအတိုင်းပဲ ဆက် ရှိနေစေချင်ပါတယ်”လို့ ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။