မန်းမင်းရဲထွေး
(၂၆ မတ်၊ ၂၀၁၆)
၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်က ချုပ်ဆိုသော ပင်လုံစာချုပ်သည် ၁၉၄၈ခုနှစ်၊ ဇန္နဝါရီ (၄)ရက် မြန်မာနိုင်ငံ လွတ်လပ် ရေးရရှိခြင်း၏ အကြောင်းရင်း သို့မဟုတ် အသက်ပင်ဖြစ်သည်။ လွတ်လပ်ရေးရရှိကြလို့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအား လုံး ဗြိတိသျှကိုလိုနီ သူ့ကျွန်ဘဝအောက်က လွတ်မြောက်ကြကာ ကိုယ့်တိုင်းပြည်ကိုယ် အုပ်ချုပ်ခွင့်ရကြပြီဖြစ်သဖြင့် ပျော်ကြ ရွှင်ကြ ဝမ်းမြောက်ကြည်နူးဖြစ်ကြရသည်မှာ ပြောဖွယ်ရာ မရှိတော့ပြီ။ ကိုယ့်အချုပ်အချာအာဏာ ကိုယ်ပြန်ရပြီ။ ကိုယ်ကြိုက်နှစ် သက်သည့်စနစ်ဖြင့် အုပ်ချုပ်ရတော့မည်ဖြစ်ရာ တာဝန်ခွဲဝေမှု၊ တာဝန်ယူမှု တာဝန်ခံမှုနှင့်တကွ ညီညွှတ်မှု၊ မျှတမှု၊ တရားနည်း လမ်းကျမှုတို့နှင့် ရင်ဆိုင်တွေ့ကြုံလာရသောအခါ ဝါးအစည်းပြေသကဲ့သို့ စည်းလုံးမှု ပြိုကွဲလာရတော့သည်။ လွတ်လပ်ရေးနှင့် အတူ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲသည်လည်း အတူယှဉ်တွဲပါလာခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။
မြန်မာပြည်လွတ်လပ်ရေးရအောင် ပညာတတ်ကျောင်းသားလူငယ်များဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော်သုံး ကျိပ်ဝင်များဖြစ်ကြသည့် သခင်နု၊ သခင်ဗဆွေ၊ သခင်ကျော်ငြိမ်း၊ သခင်တင်တို့နှင့် နောက်လိုက်ကောင်း ပညာတတ်တက္ကသိုလ် ကျောင်းသားများ၊ တောင်သူလယ်သမား၊ အလုပ်သမားများ ပါဝင်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ထိုပညာတတ်များ ပင် နိုင်ငံ့ခေါင်းဆောင်များဖြစ်လာကြပြီး နိုင်ငံနှင့် တိုင်းရင်းသားပြည်သူအကျိုးကို အခြေစိုက်ရမည့် နိုင်ငံရေးထက် ပုဂ္ဂိုလ်နိုင်ငံ ရေးအခြေစိုက် အာဏာနိုင်ငံရေးကို အလေးသာသွားခဲ့သည့်အတွက် လွတ်လပ်ရေးသက်တမ်း (၆၉)နှစ်အတွင်း တိုင်းပြည်စုတ် ပြတ်သွားခဲ့ရသည်။ လူ့အခွင့်အရေး(Human Rights) ဒီမိုကရေစီခေတ်ကို ဦးလှည့်ရန် ပြည်သူတွေ တောင်းဆိုချိန်တွင် စည်းမဲ့ အာဏာရှင်စနစ်၊ ပဒေသရာဇ်အာဏာရှင်၊ ဒီမိုကရေစီအာဏာရှင်စနစ်ကို ရိုက်ချိုးပစ်နိုင်သည့် “လက်နက်ကိုင်အာဏာရှင်စနစ်” ခေါင်းထောင်ထလာပြန်သည့်အတွက် အာဏာနိုင်ငံရေးနောက်ကိုသာ ကောက်ကောက်ပါအောင် လိုက်ပါသွားကြသည်။ အရင် က အာရှတွင် ရှေ့ဆုံးကပြေးနေသောမြင်းသည် ယခုတော့ ခွာလိပ်ပြီး သူများနောက် ကျန်နေလိုက်သည်မှာ ကိုယ့်နောက်၌ ကျန်သူဆိုလို့ အာဖရိကတိုက်မှ နိုင်ငံအချို့နှင့် သမုဒ္ဒရာထဲမှ ကျွန်းနိုင်ငံလေးများသာ ရှိပါတော့သည်။
လွန်ခဲ့သော နှစ်ငါးဆယ်ကျော်က ကိုယ့်နောက်ကနိုင်ငံများမှာ ယခုတော့ ကျားပေါက်၊ ခြသေင့်္ပေါက်တွေ ဖြစ်လာကြပြီး ကိုယ့် ရှေ့ကိုကျော်ဖြတ်ကာ ထိပ်သို့ရောက်နေကြပေပြီ။ ကမော္ဘဒီးယားနှင့် လာအိုတို့ပင် ကိုယ့်ရှေ့ကို ကျော်ဖြတ်သွားကြလေပြီ။ တိုင်း ပြည်မှာခေါင်းဆောင်နေရာယူပြီး ကိုယ်ရကိုယ်ယူစနစ်ဖြင့် စခန်းသွားလာကြသည်မှာ တာဝန်ရှိခေါင်းဆောင်တစ်ချို့နှင့် အပေါင်း ပါများ “ဒါ ဒို့ပြည်၊ ဒါ ဒို့မြေ”လို့ ကြွေးကြော်ပြီး မြန်မာနိုင်ငံကို အပိုင်စား သိမ်းပိုက်လိုက်ကြလေပြီဟု ပြောရမလို ဖြစ်နေသည်။
စနစ်ကိုပြင်ဖို့ထက် စိတ်ဓာတ်ကိုပြင်ရမည်က အချိန်အတော်ကြာယူရဦးမည် ဖြစ်သည်။ စိတ်ဓါတ်နှင့် စနစ်ပြောင်းရမည်ဆိုလျှင် ရာစုနှစ်တစ်ခုလောက် ကြာဦးမည်လား။ အမှောင်တိုက်ခန်းထဲမှ တံခါးတစ်ချပ်ကို ဖွင့်၊ (၂၀၁၀)မှာ အပြောင်းအလဲ ဖော်ဆောင် သည်ဆိုပြီး ငါးနှစ်တာ ချီတက်လာချိန်တွင် သက်ပြင်းကို အသံထွက်ရှူထုတ်လိုက်နိုင်ရုံကလွဲလို့ မယ်မယ်ရရ ပြောင်းလဲသော အရွေ့တစ်ခုကို မတွေ့ရပါ။
တိုင်းပြည်ကို သေနတ်မိုး၍ အုပ်ချုပ်ခဲ့သော စစ်အစိုးရသည် ညောင်နှစ်ပင်ညီလာခံကို ကျင်းပခဲ့ပြီး ၂၀၀၈အခြေခံဥပဒေကို အတည်ပြုကာ ၂၀၁ဝနှင့် ၂၀၁၅ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”ခေါင်းစဉ်ဖြင့် အပြောင်း အလဲတစ်ခုကို ကန့်လန့်ကာ ဖွင့်လိုက်သော်လည်း မပြောင်းလဲသည်က အစိုးရအုပ်ချုပ်ရေးယန္တရား ဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ အခြေခံဥပဒေအရ ကာ/ချုပ်သည် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဋ္ဌာနများကို အပိုင်ယူပြီး တိုင်းပြည်၏ အသက်သွေးကြောကို ဖမ်းဆုပ်ချုပ်ကိုင်ထားလိုက်သည်။
ကချင်စစ်ပွဲ ရပ်ဆိုင်းရန်အတွက် ပေးပို့လိုက်သော သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာကို လိုက်နာဆောင်ရွက်ခြင်း မရှိခဲ့ပေ။ အပစ် အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း ကာ/ချုပ် သဘောမတူလျင် ဘာတစ်ခုမျှ ဆုံးဖြတ်လို့မရနိုင်။ ယခု တက်လာမည့် NLD အစိုးရ ရက်ဆက် ထိတွေ့ဆက်ဆံရမည်က စစ်အစိုးရလက်ထက်က ရှိခဲ့သည့် အုပ်ချုပ်ရေးယန္တရားပင် ဖြစ် သည်။ ပြည်ထဲရေးဌာနလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အစိုးရဗျူရိုကရေစီ ယန္တရားတစ်ခုလုံးကို ချုပ်ကိုင် ထားသည်။
ပြည်ထဲရေးဋ္ဌာနသည် အစိုးရအာဏာစက်၏ ကြောရိုးဖြစ်သည့် ကိုလိုနီခေတ်က မွေးထုတ်လိုက်သော အုပ်ချုပ်ရေးဋ္ဌာနဖြစ် သည်။ ယခုဆိုလျှင် ထိုဝန်ကြီးဌာနတွင် ဝန်ထမ်းပေါင်း (၄)သောင်းခန့်ရှိသည်ဟု ခန့်မှန်းထားသည်။ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် ပြည်နယ်အဆင့်ဆင့်ကို အုပ်ချုပ်သည့်အစိုးရဖြစ်လို့ ပြည်သူ့ဘဝနှင့် အထိတွေ့ဆုံးသည် အထွေထွေ အုပ်ချုပ်ရေးပင် ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာနသည် ကာ/ချုပ်က ခန့်အပ်သည့် ဝန်ကြီးဌာနဖြစ်သဖြင့် တစ်တိုင်းပြည်လုံးကို စစ်တပ်က အုပ် ချုပ်နေသည့်သဘော ဖြစ်သည်။ သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးနှင့် အလှမ်းဝေးနေသော ဋ္ဌာနကြီးတစ်ခုဟုလည်း ပြောနိုင်သည်။
ထိုပြည်ထဲရေးဝန်ကြီးဌာန သို့မဟုတ် အုပ်ချုပ်ရေးဌာနအောက်တွင် ရဲတပ်ဖွဲ့၊ အထူးစုံစမ်းရေးအဖွဲ့၊ ထောက်လှမ်းရေးအဖွဲ့၊ အကျဉ်းဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ အစရှိသည်နှင့် လက်တွဲပြီး တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပါသည်။ မြေယာ၊ အခွန်၊ ကျေးလက်ဖွံဖြိုးရေး၊ အဖွဲ့အစည်းမှတ်တမ်းတင်မှု၊ ဘွဲ့တံဆိပ်ချီးမြှင့်မှု စသည်တို့ကို အမှုထမ်း (၄)သောင်းနှင့် လုပ်ကိုင် နေသည့်ဋ္ဌာန ဖြစ်သည်။ ဝန်ထမ်းတစ်ယောက်က (၁၃၈၈)ယောက်ကို အုပ်ချုပ်နေသည့် သဘောဖြစ်သည်။ အိန္ဒိယနှင့် မြန်မာ ကို အုပ်ချုပ်ခဲ့သည့် အဂင်္လိပ်ကိုလိုနီ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးသည် နိုင်ငံသား (၆)သောင်းကျော်ကို အုပ်ချုပ်သဖြင့် ဗမာ့အုပ် ချုပ်ရေးသည် ကိုလိုနီအုပ်ချုပ်ရေးထက် ပိုပြီး တင်းကြပ်သလို ဖြစ်နေသည်။
လူဦးရေ သန်း (၂၅၀)ရှိသည့် အိနိ္ဒယနှင့် မြန်မာကိုလိုနီခေတ်တွင် စစ်မှုထမ်း (၆)သောင်းနှင့် အုပ်ချုပ်ရေးဝန်ထမ်း (၄)ထောင်ကို သာ အဂင်္လိပ်က အသုံးပြုခဲ့သည်။ နိုင်ငံရေးအခန်းကဏ္ဍတွင် တပ်မတော် ပါဝင်နိုင်အောင် ၂၀၀၈ အခြေခံဥပဒေတွင် ပုဒ်မ (၄၃၆)ကို ပြဋ္ဌာန်းထားသဖြင့် မြန်မာပြည်သူများအားလုံး စစ်တပ်အုပ်ချုပ်ရေးအောက်တွင်သာ ရှိနေသည်ဖြစ်ရာ NLD အစိုးရအ နေဖြင့် တပ်မတော်နှင့် ‘ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ’ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် အမျိုးသားရင်ကြားစေ့ရေး အခန်းကဏ္ဍသည် ကြီးမားကျယ်ပြန့်လှပေသည်။ အမျိုးသားရင်ကြားစေ့ရေး လုပ်ဆောင်ရာတွင် တောင်းသူနှင့်ပေးသူ ဟူ၍ရှိရာ တောင်းသူနှင့်ပေးသူ အပေးအယူတည့်မှသာလျှင် အဆင်ပြေ၊ အလုပ်ဖြစ်နိုင်သည်။ (က)က တောင်းသူဖြစ်ပြီး (ခ)က ပေးသူဖြစ် နိုင်သကဲ့သို့ (ခ)က တောင်းသူဖြစ်ပြီး (က)က ပေးသူလည်း ဖြစ်နိုင်သည်။ တောင်းသူက များများတောင်းပြီး ပေးသူက မလိုက် လျောနိုင်သည့်အခါ နှစ်ဖက်ပွတ်တိုက်မှုများ ဖြစ်လာနိုင်ပြီး ပဋိပက္ခဆီသို့ ဦးတည်သွားတတ်သည်။ ထိုအခါမျိုးတွင် နိုင်ငံရေး သည် ရှေ့မတိုး နောက်မဆုတ် အခြေအနေမျိုးသို့ ရောက်ရှိသွားကာ နိုင်ငံဖွံ့ဖြိုးမှုသည်လည်း ဆုတ်ယုတ်သထက် ဆုတ်ယုတ် လာမည်။
စစ်အာဏာရှင်နိုင်ငံမှ ဒီမိုကရေစီသို့ ကူးပြောင်းလာကြသော နိုင်ငံများဖြစ်ကြသည့် ဘရာဇီးလ်၊ တောင်ကိုရီးယားနှင့် အင်ဒိုနီး ရှားနိုင်ငံများသည် စစ်ဘက်အရပ်ဘက်ကို တည်ဆောက်ကြပြီး ရင်ကြားစေ့ရေး ဆောင်ရွက်ကြရာတွင် ဆယ်စုနှစ် နှစ်စုကြာမျှ အချိန်ယူခဲ့ရသည်။ တောင်ကိုရီးယားနိုင်ငံအား ပမာပြုကာ တင်ပြပါမည်။
တောင်ကိုရီးယားနိုင်ငံသည် ၁၉၆၁မှ ၁၉၈၈ခုနှစ်အထိ စစ်အာဏာရှင်စနစ်အောက်သို့ ကျရောက်ခဲ့သည်။ စစ်အုပ်ချုပ်ရေးကာ လအတွင်း ပေါ်ပေါက်လာသည့် ကြီးမားတဲ့ ဆန္ဒပြမှုတွေကို တုံ့ပြန်သည့်အနေဖြင့် အစိုးရက အခြေခံဥပဒေသစ်နှင့် ပတ်သက်ပြီး စေ့စပ်ဆွေးနွေးရေးတံခါးကို အတိုက်အခံများအတွက် ၁၉၈၇ခုနှစ်အလယ်လောက်တွင် ပြန်ဖွင့်ပေးခဲ့သည်။ သမ္မတ ရွေးကောက် ပွဲများတွင် ပြည်သူတွေကိုုယ်တိုင် တိုက်ရိုက်မဲပေးနိုင်မည့် အခြေခံဥပဒေ ပြင်ဆင်ပေးရန် အတိုက်အခံများ၏ တောင်းဆိုချက်ကို လည်း အစိုးရက လိုက်လျောပေးခဲ့သည်။ ထိုအချိန်တွင် အာဏာရနေသည့် ဒီမိုကရေစီနည်းကျ တရားမျှတရေးပါတီ (DJP) ကို ကိုယ်စားပြုယှဉ်ပြိုင်သူ သဘောထား အလယ်အလတ်ကျသည့် ဗိုလ်ချုပ်ကြီးနိုတေဝူးက ၁၉၈၇ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ သည်။ ငြိမ်းချမ်းစွာ အာဏာရယူပြီး စစ်တပ်၏အနေအထားကို ခြိမ်းခြောက်မှုလုပ်မည် မဟုတ်ဟု ဗိုလ်ချုပ်ကြီးတွေ ယုံကြည်နိုင် အောင် ပြောပြနိုင်ခဲ့တာကြောင့် စစ်တပ်က ဝင်မစွက်ဖက်ခဲ့ခြင်းလည်း ဖြစ်သည်။ ထိုအချိန်က နိုတေဝူးသည် ကိုရီးယားနိုင်ငံ သား လိုလားတာင့်တနေသည့် နိုင်ငံ့ခေါင်းဆောင်အသစ်တစ်ယောက်တော့ မဟုတ်ခဲ့ပါ။ သို့ရာတွင် ဒီမိုကရေစီဖေါ်ဆောင်ရေး လုပ်ငန်းစဉ်တွင် မရှိမဖြစ် လိုအပ်သည့် အသွင်ကူးပြောင်းရေး ခေါင်းဆောင်တစ်ဦးတော့ ဖြစ်ခဲ့ပါသည်။
နိုတေဝူးက စစ်တက္ကသိုလ် ကျောင်းနေဖက်များကို ရာထူးတိုးပေးသည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် သူ၏အာဏာခြေကုပ်ကို မြဲမြံစေခဲ့ပြီး စစ်တပ်အတွင်းမှ အတိုက်အခံများ မပေါ်ပေါက်အောင် တားဆီးနို်င်ခဲ့သည်။ နို၏ အစိုးရအဖွဲ့ဝင် ၅ပုံ ၁ပုံလောက် သည် စစ်သားများဖြစ်ကြပြီး သူ့သမ္မတသက်တမ်းတွင် စစ်တပ်ကို ကြီးကြီးမားမား ပြောင်းလဲတာမျိုး မရှိခဲ့ပါ။ သို့ရာတွင် သူ၏ ရာထူးသက်တမ်း ငါးနှစ်တာကာလတွင် စစ်တပ်အသုံးစရိတ်ကို ပါလီမန်က စောင့်ကြပ်ထိန်းကျောင်းနိုင်အောင် လုပ်ပေးနိုင်ခဲ့ပြီး နိုင်ငံရေးတွင် ဗိုလ်ချုပ်ကြီးတွေ မပါနိုင်အောင် ခွဲထုတ်နိုင်ခဲ့သည်။
၁၉၉၂မှာတော့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ကင်ယုံဆမ်တစ်ယောက် ရွေးကောက်ပွဲကို တောင်ပြိုကမ်းပြို အနိုင်ရသွားခဲ့ ပါသည်။ ထို့နောက် သူ၏ သမ္မတသက်တမ်း (၁၉၉၃-၁၉၉၈)ကို အသုံးပြုပြီး ဒီမိုကရေစီဖေါ်ဆောင်ရေးဖြစ်စဉ်ကို အင်တိုက်အား တိုက် တွန်းတင်ပေးခဲ့သည်။ သူ၏ အရေးကြီးဆုံး လုပ်ဆောင်ချက်များမှာ စစ်တပ်အတွင်း သန့်စင်မှုများ အကြီးအကျယ် လုပ် ဆောင်ခြင်း၊ ပြဿနာရှာနိုင်သည့် ဗိုလ်ချုပ်ကြီးများကို ဒီမိုကရေစီကို သက်ဝင်ယုံကြည်သည့် ဗိုလ်ချုပ်ကြီးများဖြင့် အစားထိုးခြင်း ဖြင့် နိုင်ငံရေးအပေါ် စစ်တပ်လွှမ်းမိုးမှုကို အကြီးအကျယ် လျှော့ချပစ်လိုက်နိုင်ခြင်း တို့ပင်ဖြစ်သည်။
ကင်မ်က သူ၏ နိုင်ငံရေးလုပ်ငန်းစဉ်ကို နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများဖြင့် ကျယ်ကျယ်ပြန့်ပြန့် စတင် လုပ်ဆောင်ခဲ့ သည်။ သူ၏ ပြုပြင်ပြောင်းလဲရေးကိစ္စများကို ထိပ်တန်းဗိုလ်ချုပ်ကြီးများနှင့် ဆက်သွယ်ဆွေးနွေး တိုင်ပင်ပြီး သူတို့၏ ထောက်ခံမှု ကို ရယူသည်။ ၁၉၅၅ခုနှစ် တောင်ကိုရီးယား စစ်တက္ကသိုလ် အပတ်စဉ် (၁၁)ဆင်း အရာရှိတွေအများစု အလွတ်သဘော ဖွဲ့ စည်းထားသည့် ဟင်းနဟိုး (Hinahoe) အုပ်စုဆိုတာရှိပြီး နိုင်ငံရေးတွင် အစဉ်အမြဲ ဝင်ရောက်စွက်သည့် စစ်သားများကလည်း သူတို့ချည်းဖြစ်နေသည်။ ထိုဟင်းနဟိုး အရာရှိတစ်ထောင်ကျော်ကို ဖြုတ်ချနိုင်သည်ကလည်း ကင်မ်၏ အမြင့်မားဆုံး စွမ်း ဆောင်ရည်တစ်ခုပင်။ ထိပ်တန်း စစ်အရာရှိ ငါးဆယ်ကို အပြောင်းအလဲ လုပ်လိုက်ပြီး ဟင်းနဟိုးထွက် စစ်အရာရှိများကိုတော့ ရာထူးတိုးမပေးဘဲ ထားလိုက်သည်။ တပ်ရင်းတပ်မများကိုလည်း ဦးစီးခွင့် မပေးတော့ပါ။
၁၉၉၆ခုနှစ်တွင် စစ်အာဏာရှင် ချန်ဒူးဝမ်နှင့် စစ်ဗိုလ်ချုပ်ကြီး အခြား ၁၃ယောက်ကို အကျင့်ပျက်ချစားခြင်း၊ ၁၉၇၉ခုနှစ် စစ်အာ ဏာသိမ်းမှုတွင် ပါဝင်ပတ်သက်ခြင်း၊ ၁၉၈ဝခုနှစ် ကွမ်ဂျုံး အုံကြွမှုကို အကြမ်းဖက်နှိမ်နင်းခြင်း စွဲချက်များဖြင့် တရားစွဲနိုင်ခဲ့ခြင်း မှာလည်း ကင်မ်၏ နောက်ထပ် အောင်မြင်မှုတစ်ခု ဖြစ်သည်။ ဒီလိုနှင့် စစ်ဦးစီးအရာရှိများ၏ လုပ်ပို်င်ခွင့်များကို လျှော့ချနိုင်ခဲ့ပြီး ကာလကြာမြင့်စွာ တည်ဆောက်ထားသည့် စစ်တပ်အာဏာခြေကုပ်ကို ဖျက်သိမ်းနိုင်ခြင်းဖြစ်သည်။ ထို့အပြင် လက်နက်ကိုင် တပ်ဖွဲ့များအပေါ် အရပ်သားများ၏ ချုပ်ကိုင်မှုကိုလည်း Institution ဘောင်ထဲဝင်သွားအောင် ထည့်သွင်းနိုင်ခဲ့သည်။ ကာကွယ် ရေးနှင့် လုံခြုံရေးဌာန၏ ဦးစီးကွပ်ကဲမှုအပိုင်းကို လွှတ်တော်၏ ကြီးကြပ်မှုအောက်သို့ရောက်သွားအောင် ဥပဒေများကို ပြင်ဆင် ပြောင်းလဲ ဆွဲသွင်းနိုင်ခဲ့သည်။
ကင်မ်၏ စစ်ဖက်၊ အရပ်ဖက် ဆက်ဆံရေး အောင်မြင်ရသည့် အကြောင်းရင်းမှာ ပြည်သူအများက သူ၏ ပြုပြင်ပြောင်းလဲရေးကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခြင်း၊ Institution ပြုပြင်ပြောင်းလဲရေးကို အရပ်ဖက်အဖွဲ့အစည်းများက စစ်တပ်အပေါ် အစွန်းမ ရောက်ဘဲ အားထုတ်ကြိုးပမ်းခြင်း၊ Professional ဆန်လာသည့် စစ်တပ်က ၎င်းတို့အပေါ် အရပ်သားနိုင်ငံရေးသမားများ ကျယ် ကျယ်ပြန့်ပြန့် ချုပ်ကိုင်ထားမှုကို လက်သင့်ခံခြင်းအပြင် ပြည်ပရန် အနည်းအကျဉ်းသာရှိပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အာရုံစိုက်လုပ်နိုင်ခဲ့ပြီး ထိုသို့လုပ်ဆောင်နေချိန်မှာပင် တိုင်းပြည်၏စီးပွားရေးမှာလည်း တိုးတက်ကောင်းမွန်နေချိန်နှင့် သွား ရောက်တိုက်ဆိုင်နေပါသည်။ စစ်တပ်အတွက် လက်နက်ဝယ်ယူနိုင်မည့် Budget ကို ပြဋ္ဌာန်းပေးနိုင်ခဲ့ပြီး စစ်တပ်ထဲက အဓိက ကျသည့်အုပ်စုများကို စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
၁၉၈၃ခုနှစ်တွင် တောင်ကိုရီးယားသမ္မတအဖြစ် ကင်မ်ဒေးဂျုံ ထမ်းဆောင်သည့် ကာလများတွင် ဒီမိုကရေစီခိုင်မာအောင် တည် ဆောက်ရေးနှင့် လုပ်ငန်းစဉ်အများစု ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ စစ်တပ်တွင်း ပြုပြင်ပြောင်းလဲမှုကို ကင်မ်ယုံဆမ် ကဲ့သို့ မဟုတ်ဘဲ ထိပ်တန်း စစ်ဖက်ခေါင်းဆောင်တွေနှင့် အဆင်ပြေအောင် တည်ဆောက်နိုင်ခဲ့သည်။ ကင်မ်ယုံဆမ် လက်ထက် က ဖမ်းဆီးထောင်ချခဲ့သည့် စစ်တပ်ခေါင်းဆောင်များကို သမ္မတရာထူး ရယူပြီး လေးရက်အကြာမှာ ကင်ဒေးဝျုံက ပြန်လွှတ်ပေး ခဲ့ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ထိုသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဟင်းနဟိုးအုပ်စုတွေကို ခွဲခြားဆက်ဆံတာ မျိုးလည်း မလုပ်တော့ပါ။ စစ်တပ်နှင့်ပတ်သက်ပြီး အနှစ်သာရရှိသည့် အပြောင်းအလဲများကို ကင်မ်ယုံဆမ်က သတ္တိရှိရှိနှင့် လုပ် ဆောင်ခဲ့သဖြင့် သူ့ကိုဆက်ခံသူ ကင်မ်ဒေးဂျုံက လက်နက်ကိုင်တပ်ဖွဲ့များအပေါ် သဘောထားကြီးကြီးဖြင့် ဆက်ဆံနိုင်ခဲ့ခြင်း ဖြစ်သည်။
ကင်ဒေးဂျုံ လက်ထက်တွင် ဥပဒေပြုလွှတ်တော်က နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်ပြီး ထဲထဲဝင်ဝင် လုပ်ကိုင်လာနိုင်သည်။ NGO အဖွဲ့တွေကလည်း ကာကွယ်ရေးကိစ္စများကို အများပြည်သူရှေ့ ဆွေးနွေးရာမှာ ပိုပြီး ဩဇာအာဏာကောင်းကောင်းနှင့် ပါဝင်လာနိုင်ကြသည်။ နိုင်ငံတော်လုံခြုံရေးကိစ္စများ စဉ်းစားဆုံးဖြတ်ရန် သမ္မတအကြံပေးအဖွဲ့ကို ၂၀၀၁ခုနှစ်တွင် ဖွဲ့စည်းလိုက် နိုင်ခြင်းကြောင့် အရပ်သားထိန်းချုပ်ရေးကို ပိုပြီး မြဲမြံစေခဲ့သည်။ “နိုင်ငံတော် လုံခြုံရေးကောင်စီ”ဟု အမည်ပေးထားသော သမ္မတအကြံပေးအဖွဲ့မှာ သမ္မတ၊ ပြန်လည်ပေါင်းစည်းရေးဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန် ကြီး၊ ထောက်လှမ်းရေးညွှန်မှူး၊ နိုင်ငံတော် လုံခြုံရေးနှင့် နိုင်ငံခြားရေးရာ အကြီးတန်း သမ္မတအတွင်းရေးမှူးတို့ ပါဝင်ခဲ့သည်။
တောင်ကိုရီးယားအောင်မြင်မှုဇာတ်လမ်းမှာ အဓိကဖွဲ့စည်းထားသည်က လက်နက်ကိုင်တပ်ဖွဲ့များကို အမိန့်ပေး အုပ်ချုပ်နိုင် သည့် အခွင့်အရေးကို သမ္မတအား ပေးထားခြင်းဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများကဲ့သို့ ကာကွယ်ရေး၊ လုံခြုံရေးနှင့် သက်ဆိုင် သည့် အထွေထွေမူဝါဒ၊ စီမံခန့်ခွဲမှု၊ အဖွဲ့အစည်းများ တည်ဆောက်ပုံ၊ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုများကို ကာကွယ်ရေး ဝန်ကြီးဋ္ဌာနကို တာဝန်ပေးအပ်ထားသည်။ ကိုရီးယားကာကွယ်ရေးဝန်ကြီး၏ budget ကို ရေးဆွဲ၊ စစ်ဆေး၊ ကြီးကြပ်ရာတွင် လွှတ်တော်ကာကွယ်ရေး ကော်မတီက အပြည့်အဝ ပါဝင်ခွင့် ရရှိသည်။
ကာကွယ်ရေးဝန်ကြီးဌာနတွင် စာရင်းစစ်အဖွဲ့ကို ထည့်သွင်းလိုက်ခြင်းအားဖြင့် စစ်တပ်အတွင်း အလွဲသုံးစားမှု၊ လိမ်ညာမှုများ မပေါ်ပေါက်တော့ပါ။ ထို့အပြင် ကိုရီးယားစစ်သားများ၏ လစာကို လူလတ်တန်းစားအဆင့်သို့ရောက်အောင် တိုးမြှင့်ပေးခဲ့သည်။ ဒီမိုကရေစီကို တည်ထောင်ကျင့်သုံးနေသည့် နိုင်ငံများပင် ကိုရီးယားနိုင်ငံကို ပြန်ပြီး အတုခိုးသင့်သည့် နမူနာကောင်းတစ်ခု ဖြစ် ပေသည်။
NLD အစိုးရသစ်အနေဖြင့် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးပြေပြစ်အောင် မည်သို့မည်ပုံ ဆောင်ရွက်မည်ကို စောင့်ကြည့်ရပေ မည်။ ကာချုပ်ကလည်း ၂၀၀၈ အခြေခံဥပဒေကို တစ်ပြားသားမျှ မလျှော့ဘဲ တောင့်တောင့်ကြီး ရပ်နေမည်ဆိုလျင် တိုင်းပြည် သည် သမုဒ္ဒရာထဲသို့ ရွေ့သွားနိုင်သည်။ သမိုင်းစစ် သမိုင်းမှန်ကို မျက်ကွယ်ပြုပြီး အမှားကို အမှန်တရားအဖြစ် ခပ်စောင်းစောင်း ခံယူဆက်လျှောက်သွားမည်လား။ ၇၀%၊ ၈၀% မျှရှိသော ဆင်းရဲတွင်းနက်နေသူများကို ဝိုင်းကူပြီး ဆွဲမတင်တော့ဘူးလား။ ၁% မျှလောက်သာရှိသော အသိုင်းအဝန်းလောက်ကိုသာ အကာအကွယ်ပေးသွားတော့မှာလား။ အရှိန်အဟုန်ပြင်းပြင်းနဲ့ အပြောင်း အလဲမြန်နေတဲ့ ကမ္ဘာ့အခင်းအကျင်းမှာ နောက်ဆုံးက နောက်လိုက်အဖြစ်နဲ့ ကျန်နေခဲ့ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် အတ္တဆန် ကိုယ်လွတ်ရုန်းသူတွေကို ဒဏ်ခတ်ဖို့ မည်သူမျှ မေ့ထားကြမည်မဟုတ်ဟု ယူဆမိပါသည်။
မှီငြမ်း။ ။ ဇိုလ်တန်ဘာယာနီ၏
“The Soldier and the changing State; Building Democractic Armies in Africa, Asia, Europe and the Americas”