မတ်လ ၉ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး-KNU အနေဖြင့် ၎င်းတို့၏အုပ်ချုပ်ရေးနှင့် လူမှုရေးဆိုင်ရာကဏ္ဍများတွင် အစိုးရသစ်နှင့်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီဝင်များက မတ်လ ၇ ရက်မှ ၈ ရက်နေ့အထိ KNU ဖားအံခရိုင်အတွင်းရှိ သေဘေထစခန်းတွင် တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။
ယင်းတွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်ပြီး KNU တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက “ဒီကိစ္စတွေအပေါ် နောက်အစိုးရသစ်အနေနဲ့ ပေါ်လစီတွေဘယ်လိုပြောင်းလဲမှုတွေဖြစ်လာမလဲ၊ ဘယ်လို ပူးပေါင်းညှိနှိုင်းမှုတွေလုပ်နိုင်မလဲဆိုတာ ကျနော်တို့အနေနဲ့ ပြင်ဆင်ထားခြင်းဖြစ်တယ်”ဟု ပြောသည်။
နှစ်ရက်ကြာ ဆွေးနွေးမှုတွင် KNU မှဖွဲ့စည်းထားသည့် ကော်မတီ ၅ခုအနက် အုပ်ချုပ်ရေးနှင့် လူမှုရေး ဆိုင်ရာကော်မတီနှင့် သက်ဆိုင်သော ကိစ္စရပ်များကိုသာ အဓိကထား ဆွေးနွေးခဲ့ကြပြီး အစိုးရသစ်နှင့် ညှိနှိုင်းလုပ်ဆောင်မည့် ကိစ္စရပ်များတွင် ဆုံးဖြတ်ချက်တစုံတရာ ချမှတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိ အစိုးရ လက်ထက်တွင် KNU အုပ်ချုပ်နယ်မြေအပြင် အစိုးရ အုပ်ချုပ်မှုနှင့် ဆက်စပ်သည့် နယ်မြေများတွင် အုပ်ချုပ်ရေးဆိုင်ရာပြဿနာ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး နှင့်မြေယာ ဆိုင်ရာပြဿနာ ကိစ္စရပ်များကို ကြုံတွေ့နေရဆဲဖြစ်ကြောင်း KNU ဘက်က ပြောသည်။
KNU တောင်ငူခရိုင်ဥက္ကဌ ပဒိုစောအယ်ဝါးက “ကျနော်တို့ ခရိုင်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြောရရင် အားလုံးက အတူတူပါပဲ။ အစိုးရသစ်ရဲ့ပေါ်လစီတွေ အုပ်ချုပ်ရေးလုပ်ငန်းတွေကို လက်တွေ့ ကျကျ ဘယ်လောက်အကောင်အထည်ဖော်နိုင်မလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ တစ်နိုင်ငံလုံးအပေါ် ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ကို တွန်းအားပေးနိုင်တဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည် ဖော်ဆောင်နိုင်မယ်ဆိုရင်တော့ တိုင်းရင်းသား ဒေသတွေမှာ အတူလက်တွဲလုပ်နိုင်မယ့် အရာတွေချည်းပါပဲ။ ယခင်အစိုးရရဲ့မူဝါဒနဲ့ ကွာခြားမယ်လို့လည်း မျှော်လင့်တယ်”ဟု ပြောသည်။
KNU အနေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီးနောက် ဖြစ်ပေါ်လာမည့် ပြဿနာအရပ်ရပ်ကို ဖြေရှင်း နိုင်ရေးအတွက် နိုင်ငံရေးရာ ကော်မတီ၊ စစ်ဖက်ရေးရာကော်မတီ၊ စီးပွားရေးကော်မတီ၊ အုပ်ချုပ်ရေးနှင့် လူမှုရေးဆိုင်ရာကော်မတီနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ (၅)ခုကို ဖွဲ့စည်းခဲ့ ပြီးနောက် အဖွဲ့ဝင် ၁၈ ဦးပါဝင်သည့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေးကော်မတီကိုမူ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွဲ့စည်းထားခြင်းဖြစ်သည်။
တွေ့ဆုံမှုတွင် အဆိုပါ လုပ်ငန်းဖော်ဆောင်ရေးကော်မတီ ဥက္ကဌ နော်စီဖိုးရာစိန်၊ အတွင်းရေးမှူး ပဒို စောသောသီဘွဲ အပါအဝင် KNU ခရိုင် ၇ ခုမှ သက်ဆိုင်ရာကော်မတီအသီးသီးအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။