Home သတင်း ဘကကျောင်းသားများ ပညာသင်ကြားရန် ကျွန်းလုံး ၃၂၀တန်ရှိ ဓမ္မဟေ၀န်ကျောင်းဆောင်သစ် တည်ဆောက်ပြီးစီး

ဘကကျောင်းသားများ ပညာသင်ကြားရန် ကျွန်းလုံး ၃၂၀တန်ရှိ ဓမ္မဟေ၀န်ကျောင်းဆောင်သစ် တည်ဆောက်ပြီးစီး

351

မတ် ၂၆ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ

ဘုန်းတော်ကြီးသင်ပညာရေး(ဘက)ကျောင်းမှ ကျောင်းသားလူငယ်များ ပညာသင်ကြားနိုင်ရန် ထိုင်း-မြန်မာနယ်စပ်၌ ကျွန်းလုံး တန်ပေါင်း(၃၂၀)တန်ဖြင့် တည်ဆောက်ထားသော ဓမ္မဟေ၀န်ကျောင်း ပရိယတ္တိ၊ ပရဟိတကျောင်းတော်သစ်ကြီးကို ဖေဖော်ဝါရီ လ (၂၃)ရက်နေ့က တည်ဆောက်ပြီးစီးသွားကြောင်း သိရသည်။

ကျောင်းထိုင်ဆရာတော် ဦးဉာဏောဘာသက “ဒီဒေသမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာတဲ့ ဒါယိကာ၊ ဒါယိကာမ တွေဟာ ဗုဒ္ဓဘာသာဝင်များ အခါကြီး၊ ရက်ကြီးတွေမှာ ကုသိုလ်ကောင်းမှုပြုလုပ်ဖို့ ငွေကြေးအခက်ခဲရှိလို့ ကျောင်းမတက်နိုင်တဲ့ လူငယ်တွေကို အခြားသောပြည်နယ်တွေနည်းတူ ပညာရေးနိမ့် မကျရလေအောင် ပရိယတ္တိရော၊ ဘကကျောင်းပါတွဲပြီး ဒီ ကျောင်းတော်ကြီးကို တည်ဆောက်ရခြင်းဖြစ်တယ်”ဟု ကေအိုင်စီသို့ မြွက်ကြားသည်။

ယခု တည်ဆောက်ပြီးစီးသည့် ကျွန်းလုံးတန် ၃၂၀တန်ရှိ နှစ်ထပ်ဓမ္မဟေ၀န် သစ်သားကျောင်းတော်သစ်ကြီးကို သစ်ကတိုက်၊ ကျွန်းချောင်းနှင့် အပလုံကျေးရွာသစ်တောများမှ ထုတ်ယူခဲ့ပြီး ၂၀၀၆ခုနှစ်ကတည်းက စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ကျောင်းတော်သစ်ဆောက်လုပ်ရေးကို ကြီးကြပ်ဆောင်ရွက်သူ ဂေါပကအဖွဲ့ဝင်များက ပြောသည်။

ဓမ္မဟေ၀န်ဘကကျောင်းဆရာမ နန်းခင်မိုးက “ဒီမှာ စာသင်လာတာ ၁၆နှစ်ရှိပါပြီ၊ ကျောင်းက ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်က တရားဝင် မူလွန်ကျောင်း ရတယ်။ မူလွန်ကျောင်းဆိုပေမယ့် ၈တန်းအထိ ရှိတယ်လေ။ ကျောင်းသားဦးရေတွေများတော့ စာသင် ရတာ နေရာအခက်ခဲရှိတာပေါ့၊ အခု ဆရာတော်က သစ်သားနှစ်ထပ်ကျောင်း ဆောက်လိုက်တော့ ကလေးတွေ စာကျက်တဲ့ နေရာ၊ ထမင်းစားတဲ့နေရာပါ အဆင်ပြေလာတာပေါ့”ဟု ပြောသည်။

ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာသည့် ဗုဒ္ဓဘာသာဝင် ကရင်၊ မွန်၊ ဗမာ၊ ရှမ်း၊ ရခိုင်နှင့် အခြားသော စစ်ဘေးရှောင် ဒုက္ခသည် များအတွက် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းမရှိသည့်အတွက် ၀င်းရော်ဒေသမှ သံဃာတော်များနှင့် ဒါယိကာ၊ ဒါယိကာမ များ ညှိနှိုင်းတိုင်ပင်ကာ ဓမ္မဟေ၀န်ဘုန်းတော်ကြီးကျောင်းကို (၁၉၈၇)တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓမ္မဟေ၀န်ဘုန်းတော်ကြီးကျောင်းတွင် (၁၉၉၃-၉၄)နှစ်မှစ၍ ယခုအချိန်ထိ ဘွဲ့ရကျောင်းသူကျောင်းသား (၁၈)ဦး၊ တက္ကသိုလ်/ ကောလိပ် တက်ရောက်ဆဲ (၅၀)ဦး၊ လက်ရှိ ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူ (၈၅၀)ဦး၊ ဆရာ/ဆရာမ (၂၃)ဦး နှင့် ရဟန်း၊ သာမဏေ၊ သီလရှင် (၉၆)ပါး သီတင်းသုံး၊ နေထိုင်လျှက်ရှိသည်ဟု သိရသည်။

အဆိုပါ ကျောင်းသစ်ကြီး ရေစက်ချပွဲအခမ်းအနားသို့ ပင့်ဖိတ်ထားသော ဘုန်းကြီးကျောင်း(၃၂၀)မှ သံဃာတော်များ၊ မွန်ပြည် နယ်၊ ကရင်ပြည်နယ်မှ အလှူရှင်များ၊ ဋ္ဌာနဆိုင်ရာ ၀န်ထမ်းများ အပါအ၀င် စုစုပေါင်းလူဦးရေ ၅၀၀၀ကျော် တက်ရောက်ခဲ့သည်။ ယခု တည်ဆောက်ပြီးစီးသည့် ဓမ္မဟေ၀န်ကျောင်းတော်သစ်သည် ကရင်ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် အကြီးဆုံး နှစ် ထပ်သစ်သားကျောင်းဖြစ်သည်ဟု ကျောင်းဆောက်လုပ်ရေး တာဝန်ရှိသူများက ပြောဆိုသည်။