Home သတင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရန် အမျိုးသမီးအဖွဲ့အစည်းများ ဆွေးနွေး

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရန် အမျိုးသမီးအဖွဲ့အစည်းများ ဆွေးနွေး

1009

ဖေဖော်ဝါရီ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးများပိုမိုပါဝင်နိုင်ရန် မြန်မာနိုင်ငံနှင့် နယ်စပ်အခြေစိုက် အမျိုးသမီး အဖွဲ့အစည်းများမှ အမျိုးသမီးကိုယ်စားလှယ်များက ယနေ့(ဖေဖော်ဝါရီ ၂၉)တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ခဲ့သူ ကရင်အမျိုးသမီးအစည်းအရုံး-KWO အတွင်းရေးမှူး နော်ကညောဖောက “NCAလက်မှတ်ထိုးတဲ့ နောက်ပိုင်း ပြန်ကြည့်မယ်ဆိုရင် Political Frame Work ရေးဆွဲတဲ့အခါမှာ အမျိုးသမီး ပါဝင်မှု ၃၀ ရာနှုန်းပါဝင်ရမယ်လို့ ပြောပေမယ့် အမှန်တကယ်မရှိသေးတာကြောင့် အမျိုးသမီးတွေအနေနဲ့ ဖြစ်စဉ် အဆင့်ဆင့်တိုင်းမှာ ပါဝင်နိုင်ဖို့ ပြန်လည်သုံးသပ်ဆွေးနွေးကြတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အမျိုးသမီးစွမ်းဆောင်နိုင်မှု မည်မျှအရေးပါကြောင်းနှင့်ပတ်သက်၍ ၎င်းတို့ အမျိုးသမီးအဖွဲ့များ အနေဖြင့် နောက်ပိုင်းကာလများတွင် တိုင်းရင်းသားခေါင်းဆောင်များနှင့်တွေ့ဆုံသွားရန် စီစဉ်ထားကြောင်းလည်း နော်ကညောဖောက ဆက်ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA ၏ အခန်း(၅) အပိုဒ် (၂၃)မှ ဖော်ပြချက်အရ ငြိမ်းချမ်းရေးဖြစ်စဉ်များ၌ နိုင်ငံရေးဆွေးနွေးပွဲများတွင် သင့်တင့်လျောက်ပတ်သောအချိုးအစားဖြင့် အမျိုးသမီး ကိုယ်စားလှယ်များပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် သဘောတူညီသည်ဟု ဖော်ပြထားသည်။

ပြည်တွင်းအခြေစိုက် ကရင့်ရေးရာကော်မတီ-KACမှ အမျိုးသမီးလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ နော်အယ်ဖောဝါးက “ကျမတို့အမျိုးသမီး တွေအနေနဲ့က အမျိုးသမီးပါဝင်မှု ၃၀ရာခိုင်နှုန်းတောင်းတယ်။ အမျိုးသမီး ၃၀ရာခိုင်နှုန်း ပါရမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ကိုယ့်ဆီမှာလည်း သိပ်မရှိဘူး။ အဲ့မှာစိန်ခေါ် မှုတွေဘာရှိလဲ။ နောက်ပြီး တချို့အမျိုးသမီးတွေက အဆင်သင့်ရှိနေပြီးတော့ ဘာကြောင့် မပေးပါဝင်သေးတာလည်း ဆိုတာကို ဆွေးနွေးဖြစ်ကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့ ဆွေးနွေးပွဲသို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLBမှအဖွဲ့ဝင်ဖြစ်ကြသော ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ သျှမ်း၊ စသည့် နယ်စပ်အခြေစိုက်လူထုအခြေပြု အမျိုးသမီးအဖွဲ့အစည်းများနှင့် ပြည်တွင်းရှိ လူထုအခြေပြုအမျိုးသမီး အဖွဲ့စည်းများ စုစုပေါင်း အမျိုးသမီးလူဦးရေ ၅၀ကျော် တက်ရောက်ဆွေးနွေးခဲ့သည်ဟု သိရသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးများပိုမိုပါဝင်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ နောက်လ မတ် ၁၄ရက်နေ့တွင် ရန်ကုန်မြို့ ၌ ထပ်မံတွေ့ဆုံသွားရန်ရှိသည်ဟု ယခုအစည်းအဝေးကို တက်ရောက်လာသည့် အမျိုးသမီးကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။