Home သတင်း ဝင်းရော်ဒေသ၊ ခလယ်ကျေးရွာအုပ်စုအတွင်း ပထမဦးဆုံးအကြိမ် ယာဉ်စည်းကမ်းဆိုင်ရာ ပညာပေးမှု လုပ်ဆောင်

ဝင်းရော်ဒေသ၊ ခလယ်ကျေးရွာအုပ်စုအတွင်း ပထမဦးဆုံးအကြိမ် ယာဉ်စည်းကမ်းဆိုင်ရာ ပညာပေးမှု လုပ်ဆောင်

408

ဖေဖော်ဝါရီ ၂၉ရက်၊ ၂၀၁၆ ခုနှစ်။ စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ ခလယ်ကျေးရွာအုပ်စု မြို့ဟောင်းကျေးရွာ အဝင်တွင် ဖေဖော်ဝါရီ ၂၉ရက်နေ့က နယ်မြေခံရဲတပ်ဖွဲ့မှ ပထမဦးဆုံးအကြိမ်အဖြစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးမှုအစီအစဉ်တစ်ရပ် ပြုလုပ်သွားကြောင်း သိရသည်။

ဝင်းရော်ဒေသရှိ တံခွန်တိုင်ရဲစခန်းမှ စခန်းမှူး စောမြင့်ဝင်းက “ကျနော်တို့က ပြည်နယ်ရဲတပ်ဖွဲ့မှူးကနေတစ်ဆင့် ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ ဒီဘက်ဒေသမှာရှိတဲ့ လူထုတွေကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး၊ ညီညွတ်မှု မရှိရင်တော့ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မယ်ဆိုတာ ပထမဦးဆုံးလည်း ဖြစ်သလို၊ နောက်ဆုံးကြိမ်အနေနဲ့ ဆောင်ရွက်ရခြင်းဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယာဉ်လိုင်စင် မရှိခြင်း၊ ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ ရှေ့မှန် မတပ်ထားခြင်း၊ အသက်မပြည့်သေးဘဲ ယာဉ်မောင်းနှင်ခြင်းနှင့် ယဉ်မောင်းလိုင်စင်မရှိခြင်းတို့ကို တွေ့ရှိပါက ခံဝန်ချက်ကတိ လက်မှတ်ထိုးခိုင်း သော်လည်း မီးခိုးပြောင်းဖြုတ်ထားပြီး မောင်းနှင်သည့် ဆိုင်ကယ်များကိုမူ တစ်ခါတည်း ဥပဒေအရ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ၂၀၁၄ခုနှစ် ပြဌာန်းထားသည့် မော်တော်ယာဉ်ဥပဒေအရ လာမည့် မတ်လတွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟုလည်း စခန်းမှူးက ဆက်ပြောသည်။

ခလယ်-တံခွန်တိုင်တိုက်နယ် ဝင်းရော်ဒေသတွင် ဆိုင်ကယ်နှင့် ကား အစီးရေ တစ်သောင်း(၁၀၀၀၀)ကျော်ရှိပြီး အများစုမှာ ယာဉ်လိုင်စင်မရှိသည့် မော်တော်ယာဉ်များဖြစ်သလို အချို့သော ယာဉ်မောင်းများသည် မူးယစ်ဆေးသုံးစွဲပြီး ယာဉ်မောင်းနှင်မှုကြောင့် မကြာခဏ ယာဉ်တိုက်မှုဖြစ်ကာ သေဆုံးသူများပြားလာသည်ဟု ဒေသခံများက ပြောသည်။
12767484_1510906012550925_306555155_n
ယာဉ်ပညာပေးမှုအပေါ် မြို့ဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး စောစိန်လှမင်းက “မြင်ရတာက ကား၊ ဆိုင်ကယ် လိုင်စင် စစ်ဆေးနေသည်ဆိုတာထက် ယာဉ်တစ်စီးလုံး သတ်မှတ်ထားတဲ့အင်္ဂါရပ် ဥပဒေနှင့်ညီ၊ မညီ စစ်ဆေး နေတယ်။ ဖမ်းဆီးနေတာတွေ မတွေ့သေးဘူး။ ဒီဒေသမှာ ယာဉ်စည်းကမ်းအသိပညာတွေ အရမ်းအားနည်း နေတယ်။ ဆိုင်ကယ်မီးခိုးပြောင်းဖြုတ်ပြီး လိုက်စီးနေတဲ့လူတွေလည်း ရှိတယ်။ အခု ဆယ်တန်းတွေလည်း စာမေးပွဲ ဖြေခါနီးပြီးဆိုတော့ ပညာပေးလာလုပ်ပေးခြင်းအားဖြင့် လူငယ်တွေ ပိုအကျိုးရှိပြီး လုပ်သင့် လုပ်ထိုက်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ခလယ်ရွာမှ စောဝင်းနိုင်ကလည်း “ဒီဒေသမှာ လုပ်သင့်တာကြာပြီး၊ ဒီဘက်ဒေသမှာ အသက်တောင်မပြည့် သေးဘူး။ ဆိုင်ကယ်ကို သုံးလေးယောက် စီးနေတယ်။ ဦးထုပ်ဆောင်းရမှန်းလည်မသိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလည်း မသိ၊ ပိုဆိုးတာက မြင်းဆေးတွေ သောက်ထားပြီးမောင်းနေကြတော့ မကြာခဏ ဆိုင်ကယ်မှောက်လို့ သေပြန်ပြီး အခုရဲတွေကိုယ်တိုင် ပညာပေးလာလုပ်ပေးတယ်ဆိုတော့ ဒီဒေသက လူငယ်တွေအတွက် ပိုပြီးအကျိုးရှိတယ်”ဟု ပြောသည်။

ဝင်းရော်ဒေသတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ နယ်မြေခံရဲတပ်ဖွဲ့မှ ပထမဦးဆုံးအကြိမ် ပညာပေးဆောင်ရွက်ခြင်းဖြစ်သော်လည်း ကရင်ပြည်နယ်တစ်ခုလုံး အတိုင်းတာအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ လပိုင်းက ပညာပေးကာလပြုလုပ်ခဲ့ပြီး ယခုအချိန်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေပြီဟု သိရသည်။