မောင်ကျော်စွာ
(၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၂၀)
မြန်မာပြည်မှာ ပြည်တွင်းစစ်ကြီးဖြစ်နေတာ လွတ်လပ်ရေးသက်တမ်းနဲ့အမျှ ကြာမြင့်ခဲ့ပြီဖြစ်တယ်။
ဒီပြည်တွင်းစစ်ကြီးကို အမြန်ဆုံး ရပ်စဲပစ်နိုင်မှသာလျှင် တိုင်းပြည်နဲ့လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးကို ယနေ့ ကျရောက်နေတဲ့ ဆင်းရဲနိမ့်ကျလှတဲ့ ဘဝဆိုးကနေ လွတ်မြောက်စေနိုင်မှာပါ။
ဒါဆိုရင် ဒီပြည်တွင်းစစ်ကြီးကို ဘယ်လိုနည်းနဲ့ အမြန်ဆုံးရပ်စဲကြမလဲ။ ပြည်တွင်းစစ်ကို ရပ်စဲလိုတယ်လို့ အင်အားစုအသီးသီးက ကိုယ့်ရည်ရွယ်ချက်၊ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ပြောဆိုနေကြတယ်။ အာဏာရယူထားတဲ့ ကြံ့ဖွံ့အစိုးရနဲ့ စစ်တပ်ကလည်း ပြည် တွင်းစစ် ရပ်စဲလိုတယ်လို့ ပြောတယ်။ သူတို့သုံးတဲ့ စကားလုံးက ပြည်တွင်းရပ်စဲရေးလို့ မသုံးဘူး။ “လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး”လို့ ရေးသားသုံးစွဲလေ့ရှိတယ်။ အုပ်စိုးသူအစိုးရအဆက်ဆက်ဟာ ငြိမ်းချမ်းရေးရဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ကနေ့အထိ ငြိမ်းချမ်ရေး မရသေးဘူးဆိုတဲ့အချက်ကိုလည်း သူတို့ ဝန်ခံလေ့ရှိတယ်။
ငြိမ်းချမ်းရေးရဖို့ မခက်ပါဘူး။
မှန်ကန်တဲ့ သဘောထားရှိဖို့သာ လိုအပ်ပါတယ်။ ဘယ်လိုမှန်ကန်တဲ့ သဘောထား ရှိဖို့လိုအပ်သလဲ။
တကယ့်ငြိမ်းချမ်းရေးရအောင် ယူမယ်ဆိုတဲ့သဘောထား ခိုင်ခိုင်မာမာရှိရမယ်။ ဒီလိုသဘောထားရှိပြီဆိုရင် ဒီသဘောထားကို အောင်မြင်အောင် လက်တွေ့ အကောင်အထည်ဖော်နိုင်မယ့်နည်းလမ်း မခက်ခဲတော့ပါဘူး။ တစ်တိုင်းတစ်ပြည်လုံးနဲ့ လူမျိုး ပေါင်းစုံပြည်သူ လူထုအကျိုးစီးပွားရှိရေးဆိုတဲ့ အချက်အပေါ်မှာ ခိုင်ခိုင်မာမာ အခြေခံပြီး တည်ရှိနေတဲ့ ပြဿနာတွေအားလုံးကို တန်းတူရည်တူ၊ ဒီမိုကရေစီနည်းကျ ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ပါပဲ။
နည်းလမ်းကို မှန်ကန်တဲ့သဘောထားရှိရေးက ဆုံးဖြတ်ပေးပါတယ်။
တကယ့်ငြိမ်းချမ်းလိုတယ်ဆိုရင် တကယ်ငြိမ်းချမ်းရေးရနိုင်မယ့် နည်းလမ်းတွေနဲ့သာ ဆွေးနွေးရမှာဖြစ်တယ်။ ငြိမ်းချမ်းရေး လို ချင်တယ်လို့ တစ်ဖက်ကပြောနေပြီး တစ်ဖက်က ငြိမ်းချမ်းရေးမရနိုင်မယ့် ကြိုတင်သတ်မှတ်ချက်တွေ ဖန်တီးထားမယ်၊ ကန့် သတ်ထားမယ်ဆိုရင် ငြိမ်းချမ်းရေးဘယ်တော့မှ မရနိုင်ပါဘူး။ ဒီလိုကန့်သတ်ချက်တွေ ရှိခဲ့လို့၊ ရှိနေလို့ ငြိမ်းချမ်းရေးမရခဲ့တာ၊ မရနိုင်သေးတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်ရပ်စဲရေး/ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာဆိုတာ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး၊ ဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးပြဿနာတွေကို စုစည်းဖော်ပြထားတာပဲ ဖြစ်တယ်။ ပြည်တွင်းစစ် ရပ်စဲလို တယ်၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်လိုတယ်ဆိုရင် ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ကိစ္စတွေကို အလေးအနက်ထားပြီး ဆွေးနွေးရမယ်။
ဒီကနေ့ ဒီပြဿနာတွေကို ဖြေရှင်းဖို့ အဓိက အတားအဆီးဖြစ်နေတာဟာ “၂၀၀၈ အခြေခံဥပဒေနဲ့ စစ်တပ်က ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးမူ ၆ရပ်” ပဲ ဖြစ်တယ်။ ဒီ ခလုတ်ကန်သင်းနှစ်ခုက တကယ့်ငြိမ်းချမ်းရေးရရှိဖို့ တားဆီးပိတ်ပင်ထားတယ်။ ဒီနှစ်ခုကို မဖယ်ရှားနိုင်ဘဲ ပြည်တွင်းစစ်ရပ်စဲနိုင်မှာ မဟုတ်ဘူး။ ပြည်တွင်းစစ် မရပ်စဲနိုင်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လိုရရှိနိုင် တော့မလဲ။
စစ်မှန်တဲ့ ဒီမိုကရေစီရရှိလာဖု့ိ ဘယ်လိုဆောင်ရွက်ကြမလဲ။
အဖက်ဖက်က စဉ်းစားကြည့်ကြတဲ့အခါ အဓိကအတားအဆီးက “၂၀၀၈အခြေခံဥပဒေ” နဲ့ “စစ်တပ်” ဖြစ်နေတာ တွေ့ရပါလိမ့် မယ်။
စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဘယ်လိုတည်ဆောက်မလဲ။
အဖက်ဖက်က စဉ်းစားလိုက်တဲ့အခါ ၁၉၄၈ကနေ ယနေ့အထိ တိုင်းရင်းသားတွေအတွက် တန်းတူရေးနဲ့ ကိုယ်ပုိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ ကင်းမဲ့နေတာ ထင်ထင်ရှားရှား တွေ့ရမှာဖြစ်သလို “၂၀၀၈ အခြေခံဥပဒေ”ထဲမှာ အဲဒီအခွင့်အရေးတွေ မပါ တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် လက်တွေ့ ဆောင်ရွက်တဲ့အ ခါမှာလည်း စစ်တပ်နဲ့ စစ်တပ်ဘက်က တစ်ဖက်သတ် ချမှတ်ထားတဲ့ “ငြိမ်းချမ်းရေးမူ ၆ချက်”ဟာ ပြည်တွင်းစစ်ရပ်စဲရေးမှာ ကြီး မားတဲ့ အခက်အခဲ၊ အတားအဆီးဖြစ်နေတာ အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။
အထက်မှာ တင်ပြခဲ့တာတွေကိုကြည့်ရင် ပြည်တွင်းစစ်ရပ်စဲဖို့/ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အခက်အခဲတွေရဲ့အဓိကဆူးငြှောင့် ခလုတ်ဟာ “၂၀၀၈အခြေခံဥပဒေနဲ့ စစ်တပ်နဲ့ စစ်တပ်က ချမှတ်ထားတဲ့မူတွေ” ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒီအချက်ဟာ မြန်မာ့နိုင်ငံရေးမှာ အမှန်တကယ် ပြောင်းလဲပစ်ရမယ့်ကိစ္စပါပဲ။ အမှန်တကယ် ပြောင်းလဲနိုင်/မနိုင်ဆိုတာ ဒီအချက်တွေကို ပိုင် ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်ခြင်း ရှိသလား /မရှိဘူးလား ဆိုတဲ့အချက်အပေါ်မှာ တည်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လို့ဆိုလိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ တစ်ဦးတည်းသောသမီး၊ အဂင်္လန်နိုင်ငံ၊ အောက်စဖို့ဒ် တက္က သိုလ်ထွက် ထက်မြက်တဲ့ ပညာတတ်အမျိုးသမီးကြီး၊ “ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်” ဆိုတဲ့ အချက်တွေနဲ့ စတင်ပြောဆိုဖို့ လူတိုင်း ရဲ့ ပါးစပ်ဖျားမှာ ထိပ်ဆုံးကနေ အလိုအလျောက် တန်းစီးထားပြီးသား ဖြစ်ပါတယ်။
အဲဒီအချက်အလက်တွေရဲ့နောက်မှာ မြန်မာ့ဒီမိုကရေစီ နိုင်ငံရေးလှုပ်ရှားမှုထဲ ၁၉၈၈ကနေ ယနေ့အထိ တစိုက်မတ်မတ် ပါဝင် လှုပ်ရှားခဲ့ပုံ၊ ဆယ်စုနှစ်သုံးခုနီးပါးမျှ ဖြတ်သန်းခဲ့တဲ့ ထိုကာလတွေအတွင်း နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပုံ၊ “ဒီပဲယင်းအရေးအ ခင်း”မှာ အသက်အန္တရာယ် ထိခိုက်လုနီးပါးရင်ဆိုင်ခဲ့ရပုံ၊ (နဝတ-နအဖ) စစ်အစိုးရက သတင်းစာ၊ ရေဒီယို၊ ရုပ်သံမီဒီယာတွေက နေ ဗြောင်တမျိုး၊ ပုန်းလျှိုးကွယ်ရှိုးတစ်သွယ် ယုတ်မာရိုင်းစိုင်းစွာ အပုပ်ချတိုက်ခိုက်မှုမျိုးစုံကြုံခဲ့ရပုံ၊ သားတွေနဲ့ရှင်ကွဲ၊ လင် ယောက်ျားနဲ့သေကွဲ ကွဲသွားခဲ့ရတဲ့ ကြေကွဲစရာ အဖြစ်အပျက်တွေကို ပြည်သူတွေက ဂရုဏာသက်မှု၊ လေးစားမှုတွေနဲ့ စီကာ စဉ်ကာနဲ့ ဆက်လက် ထည့်သွင်း ပြောဆိုကြတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD) ပါတီကို ပြည်သူတွေက ၁၉၉ဝ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒလက်မှတ်ကောက်ယူရေး၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေမှာ ဘယ်လို ညစ်ပတ်မှုတွေ အခက်အခဲတွေ ကြုံပါစေ ပုံအောပြီး မဲတွေပေးခဲ့ကြတာပါ။ ဒီလိုမဲပေးခဲ့မှုတွေက ပြည်သူတွေရဲ့ ဆန္ဒနဲ့မျှော်လင့်ချက်တွေ ဘယ်လောက်ကြီးမား တယ်။ ဘယ်လောက် နက်ရှိုင်းတယ်၊ ဘယ်လောက်ထက်သန်တယ် ဆိုတာကို ဖော်ပြတာပါ။ တစ်နည်းပြောရရင် စစ်အာဏာ ရှင်စနစ်ဆိုးကို အဘယ်မျှ မုန်းတီးရွံရှာပြီး ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ထက်သန်ပြင်းပြစွာ လိုလား ကြောင်း အစဉ်တစိုက် အထင်အရှားဖော်ပြတာပဲ ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ (NLD)ရဲ့ကြွေးကြော်သံက “အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့”။ ပြည်သူတွေဘက်က အမှန် တကယ်ပြောင်းလဲချင်ကြောင်း ရွေးကောက်ပွဲရလဒ်နဲ သက်သေထူခဲ့ပြီ။
မကြာခင် အစိုးရဖြစ်လာတော့မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD)ပါတီအတွက် လက်တွေ့ အဖြေပေးရမယ့် အချက်ကတော့ အထက်မှာတင်ပြခဲ့တဲ့ အဓိက အခက်အခဲဖြစ်တဲ့ “၂၀၀၈အခြေခံဥပဒေနဲ့ စစ်တပ်”ကို လက်တွေ့မှာ ဘယ်လို/ဘယ်လောက် ပြောင်းလဲနိုင်သလဲဆိုတဲ့ အချက်နဲ့ သက်သေပြသရမှာ ဖြစ်ပါတယ်။