(မောင်ကျော်စွာ)
(၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၂ဝရက်)
၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရက်အချို့(၁၈ရက်)သာ လိုပါတော့တယ်။
ထိုရွေးကောက်ပွဲ၌ လွတ်လပ်ပါ့မလား၊ သန့်ရှင်းပါ့မလား၊ တရားမျှတပါ့မလား။ အနိုင်ရတဲ့ ပါတီကို အာဏာလွှဲပြောင်းပေးပါ့မ လား ဆိုတဲ့မေးခွန်းတွေ အဆက်မပြတ် ပေါ်ထွက်နေပါတယ်။ ဒီမေးခွန်းတွေဟာ အပေါ်ယံမှာ ဖြစ်ပေါ်နေတဲ့ သံသယ မဟုတ်ပါ။ သမိုင်းကြောင်းအခြေခံ၊ လက်တွေ့အတွေ့အကြုံ အချက်အလက်တွေပေါ်ကနေ ခိုင်ခိုင်မာမာ ပေါ်ပေါက်လာတဲ့ မယုံကြည်မှု ဖြစ် ပါတယ်။
မယုံကြည်မှုကို သမိုင်းကြောင်းကနေ စပြောရရင် “၁၉၉ဝ ရွေးကောက်ပွဲရလဒ်”ဟာ အထင်ရှားဆုံး သာဓကဖြစ်ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ (NLD)ပါတီဟာ တောင်ပြိုင်ကမ်းပြို အနိုင်ရခဲ့ပေမယ့် အာဏာလွှဲပြောင်းပေးခြင်း မခံရဘဲ ရွေးချယ်ခံလွှတ် တော်ကိုယ်စားလှယ်များဟာ ထောင်ချခံရသူခံရ၊ ညှင်းပမ်းနှိပ်စက်မှုကြောင့် သေသူသေရ၊ အဓမ္မနှုတ်ထွက်ခိုင်းခံရသူခံရ၊ ပြည်ပ ရောက်သူရောက်နဲ့ ကစဉ့်ကလျားဖြစ်ခဲ့ရတယ်။ ဒီလိုလုပ်ရပ်တွေကို ထိုစဉ်ကအုပ်စိုးခဲ့တဲ့ (နဝတ-နအဖ) စစ်အစိုးရက ပြုလုပ်ခဲ့ တာပါ။ နောက်ဆုံးမှာ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်ခဲ့တယ်။
ဒါဟာ စစ်အစိုးရက သူတို့ကိုယ်တိုင် ကြီးကြပ်ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ အဲဒီရွေးကောက်ပွဲကနေ ရရှိလာတဲ့ရလဒ်ကို သူတို့ကိုယ်တိုင် ပြန်လည်ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီလို သမိုင်းအမည်းစက် ကြီးကြီးမားမားရှိထား၊ ကြုံထားခဲ့ဖူးတဲ့အ တွက် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီဟာ အာဏာရရှိနိုင်ပါ့မလားဆိုတဲ့ မယုံကြည်မှုဟာ ထုနဲ့ထည်နဲ့ရှိနေတာ ဖြစ်ပါ တယ်။
ဒီလိုမယုံကြည်မှုကို ပိုမိုခိုင်မာအားကောင်းလာစေတဲ့ အချက်အလက်တွေကလည်း အများအပြားရှိနေပါတယ်။ အဲဒီထဲက ပထမ ဦးဆုံးအချက်က “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)”ရဲ့ ဖွဲ့စည်းထားမှုပါပဲ။
(UEC)ကို လက်ရှိ ဦးသိန်းစိန် အစိုးရစိတ်ကြိုက် ဖွဲ့စည်းထားတာပါ။ ဒါ့အပြင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ ယခင် (နအဖ) စစ်အစိုးရထိပ်သီးဟောင်း စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်နေပြီး ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သလို ကြံ့ခိုင်ရေးပါ တီကနေ ရွေးချယ်ခံခဲ့တာ (တံတားဦးမြို့နယ်) လွှတ်တော်အမတ်တစ်ဦး ဖြစ်ခဲ့ပါတယ်။
ဒီလို နောက်ခံရှိနေတဲ့သူကို (UEC) ဥက္ကဋ္ဌအဖြစ် ခန့်ထားတာဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဓိရုပ်ကို ထိခိုက်စေပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်ပါ့မလား၊ တရားမျှတပါ့မလား။ သန့်ရှင်းပါ့မလား၊ ဘက်လိုက်မှုကင်းပါ့မလား၊ သူ့ပါတီ၊ သူ့စစ်တပ်၊ သူ့အုပ်စုတွေဘက်ကို မျက်နှာလိုက်မှာပဲ၊ ဘက်လိုက်မှာပဲဆိုတဲ့ သံသယနဲ့မယုံကြည်မှုကို သဘာဝကျစွာပဲ ပေါ်ပေါက်စေပါ တယ်။ ဒီလို သံသယနဲ့ မယုံကြည်မှုတွေဟာ အကြောင်းအချက်မဲ့ ပေါ်ပေါက်လာတာ မဟုတ်ပါ။ ကော်မရှင်ဥက္ကဋ္ဌရဲ့ ပုဂ္ဂိုလ်ရေးနဲ့ နောက်ခံအကြောင်းအချက်များအပေါ်ကနေ သဘာဝကျစွာ ပေါ်ပေါက်လာတဲ့အချက်တွေ ဖြစ်ပါတယ်။
ဒီလိုသမိုင်းကြောင်း၊ ပုဂ္ဂိုလ်ရေးဆက်နွယ်မှု အကြောင်းအချက်တွေကို (UEC) ဥက္ကဋ္ဌရဲ့ လတ်တလော လုပ်ကိုင်ဆောင်ရွက်မှု တွေ၊ ရှင်းလင်းပြောဆိုနေမှုတွေ၊ ထုတ်ပြန်ကြေညာချက်တွေနဲ့ ဆက်စပ်လိုက်တော့ သံသယနဲ့ မယုံကြည်မှုဟာ ကြီးမားသထက် ကြီးမားပြီး ကျယ်ပြန့်သည်ထက် ကျယ်ပြန့်နက်ရှိုင်းလာပါတယ်။
ပထမအကြိမ် အခြေခံမဲစာရင်းတွေ မှားတယ်။
ဒုတိယအကြိမ် မဲစာရင်းတွေ ထပ်မံ ထုတ်ပြန်တော့ ပိုပြီး မှားပြန်တယ်။ ဒါဟာ အချိန်၊ ငွေကြေး၊ နည်းပညာနဲ့ ပြည်တွင်းပြည်ပ ပံ့ပိုးမှုတွေ အလျှံပယ်ရနေတဲ့ကြားကနေ အရုပ်ဆိုးအကျည်းတန်စွာ ပေါ်ပေါက်လာတဲ့ အမှားအယွင်းတွေဖြစ်ပါတယ်။ ဒီလိုအမှား တွေဟာ “ကွန်ပြူတာကြောင့် – ဆော့်ဖ်ဝဲကြောင့်” လို့ စက်ကရိယာကို အပြစ်ပုံချပါတယ်။ တကယ်တော့ ဒီအချက်က (UEC) စီမံခန့်ခွဲမှုစွမ်းရည် မရှိတာကို အခိုင်အမာ ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ကော်မရှင်ဟာ ပက်ကျိလမ်းသွားသလို အရာရာနဲ့ အကြောင်းကြောင်း ဖြစ်နေပါတယ်။
ဒီကြားထဲမှာ(UEC)က ကြီးမှူးတဲ့ “ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၂/၂၀၁၅)” ကနေ ရွေးကောက်ပွဲနေ့ရက်ကို “ရွှေ့ဆိုင်းမလား”ဆိုတဲ့ ကိစ္စပေါ်ပေါက်လာတဲ့အခါမှာ နဂိုရှိနေတဲ့ သံသယနဲ့ မယုံကြည်မှုဟာ ပို လို့ပိုလို့ ခိုင်မြဲလာစေပါတယ်။ (UEC)မှာ ဘယ်လိုအကြံအစည်တွေ၊ ဝှက်ဖဲတွေရှိနေသလဲဆိုတဲ့ မေးခွန်းတွေကလည်း အုံနဲ့ကျင်း နဲ့ ပေါ်ထွက်လာစေပါတယ်။
ဒါ့အပြင် အခုနောက်ဆုံးပေါ်ထွက်လာတဲ့ ပြည်ပသံရုံးတွေမှာ “ကြိုတင်မဲ”ပေးရာမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေက မဲဆန္ဒရှင် ပြည် သူတွေရဲ့ (UEC)အပေါ် နဂိုရှိနေတဲ့ သံသယနဲ့ မယုံကြည်မှုကို ထပ်မံ မီးထိုးပေးနေပြန်ပါတယ်။ မဲပေးခွင့်ရှိသူတွေ အကြောင်း အမျိုးမျိုးနဲ့ မဲပေးခွင့်မရရှိအောင် တမင်ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာလို့ ကောက်ချက်ချနေပါတယ်။
သံရုံးတွေမှာ အခုလတ်တလောကြုံရတဲ့ “ကြိုတင်မဲ”ကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌက “ကြိုတင်မဲက သံရုံးတွေကို ဒုက္ခ ပေးမိတယ်”လို့ ပါးစပ်ကနေ လွယ်လွယ်ကလေး ပြောသွားပါတယ်။ တကယ်တော့ သူနဲ့သူ့ကော်မရှင်ရဲ့ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စ ဖြစ်ပါတယ်။ ကြိုတင်စီစဉ်ထားရမယ့်ကိစ္စ ဖြစ်ပါတယ်။ အခုတော့ သက်ဆိုင်ရာသံရုံးတွေက ဝတ်ကျေတန်းကျေ လုပ်သလိုလို ပြောဆိုသွားပါတယ်။ ဒါ့အပြင် (UEC)က ပြည်ပမီဒီယာတစ်ခုရဲ့ အသံလွှင့်ချက်နဲ့ပတ်သက်ပြီး ရန်ထောင်တဲ့ ထုတ်ပြန်ချက် ထုတ်လိုက်တာပါပဲ။ ကြံ့ဖွံ့ပါတီခေါင်းဆောင်များရဲ့ မဲဆွယ်ဟောပြောနေမှုတွေထဲမှာ ကော်မရှင်က ထိန်းသိမ်းကြီးကြပ်ပေးရမယ့် တာဝန်ရှိနေပေမယ့် မသိသလို မကြားသလိုလုပ်နေပါတယ်။ ကချင်ပြည်နယ်မှာ (NLD) ပါတီရုံးနဲ့ပစ္စည်းတွေ ဖျက်ဆီးခံရတာနဲ့ ပတ်သက်လို့လည်း ထိရောက်မြန်ဆန်တဲ့ အရေးယူဆောင်ရွက်မှု နှောင့်နှေးလွန်းတာ၊ ကိုကိုးကျွန်းသို့ သွားရောက်မဲဆွယ်ရေး ကိစ္စတွေမှာ တမင်နှောင့်နှေးကြန့်ကြာနေစေတာ၊ ဖြူးမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်နုခိုင်ကို ချက် ချင်းဖမ်းဆီးထောင်ချပစ်တာ စတဲ့ လက်တွေ့ထဲက အချက်အလက်တွေကြောင့်လည်း (UEC) ဥက္ကဋ္ဌနဲ့ (UEC)အပေါ် ပိုပြီး အယုံ အကြည် ကင်းမဲ့စေပါတယ်။
ဒီလိုအချက်အလက်တွေ ထုနဲ့ထည်နဲ့ စုပုံလာမှုတွေကြောင့် အရပ်ဖက်အဖွဲ့အစည်းများက စုပေါင်းပြီး လက်ရှိ (UEC) ဖျက်သိမ်း ပေးဖို့နဲ့ ကော်မရှင်သစ်ဖွဲ့စည်းပေးဖို့ တောင်းဆိုလာနေတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲနေ့ရက် နီးကပ်လာလေလေ ညစ်ပတ်မှုတွေကလည်း ပုံစံမျိုးစုံနဲ့နယ်ပယ်ပေါင်းစုံကနေ ပေါ်ပေါက်လာလိမ့်မယ်လို့ ကြိုတင်မျှော်တွေးထားရပါမယ်။ ဒါ့အပြင် ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲရလဒ်၊ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ ကံကြမ္မာဟာ (UEC) လက်ထဲမှာရှိတဲ့ စီရင်ဆုံးဖြတ်ပိုင်ခွင့်ဖြစ်နေပါတယ်။
ဒါကြောင့် အစိုးရနဲ့ (UEC)ဟာ မီးကုန်ယမ်းကုန် ညစ်ပတ်လာပြီဆိုရင် ၂၀၁၅၊ နိုဝင်ဘာ ၈ရက်နေ့ကို အစိုးရနဲ့ (UEC) ရဲ့ ပူးပေါင်း ညစ်ပတ်ယုတ်မာမှုကြီးကို ဆန့်ကျင်ဆန္ဒပြတဲ့ လူထုလှုပ်ရှားမှုကြီးအဖြစ် ပြောင်းလဲပစ်ရပါလိမ့်မယ်။ အခုဆိုရင် ဒီလှုပ်ရှားမှုကြီးရဲ့ ကနဦး အရေးဆိုမှုတွေဟာ ပြည်ပနိုင်ငံအသီးသီးမှာရှိတဲ့ မြန်မာသံရုံးတွေရှေ့မှာ စတင် ပေါ်ပေါက်နေပါပြီ။